Tuesday, May 26, 2009

ဗုဒ္ဓါနုဿတိ ဘာဝနာ

( ကမ္မဋ္ဌာန်း အားထုတ်ပါ )

( ကမ္မဋ္ဌာန်း )
ကမ္မဋ္ဌာန ပါဠိကို မြန်မာလို ကမ္မဋ္ဌာန်း-ဟု ခေါ်ကြ၏။ ( ကမ္မ-ဘာဝနာအလုပ်၏၊ ဌာန-တည်ရာ )။
ကမ္မဋ္ဌာန်းအားထုတ်မှုကိုပင် ဘာဝနာအလုပ်-ဟုလည်း ခေါ်၏။
( ဘာဝနာ-မိမိစိတ်ကို သာမန်လူများကဲ့သို့ သေးသေးသိမ်သိမ် မဖြစ်စေဘဲ ကြီးမားစေခြင်း။ တိုးပွားစေခြင်း အလုပ်)
ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အစဉ်အတိုင်း ဖြစ်နေသောစိတ်သည် ဘာဝနာအလုပ်ဖြစ်သောကြောင့် ကမ္မ-မည်၏။
ထိုဘာဝနာကမ္မ၏ တည်ရာဖြစ်သော ဗုဒ္ဓဂုဏ်တော်စသော အာရုံများသည် ဌာနမည်၏။

( ကမ္မဋ္ဌာန်း ၂-မျိုး )
ထိုကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း၊ ၀ိပဿနာကမ္မဋ္ဌာန်း-ဟု ၂ မျိုးရှိ၏။
ထိုတွင် စိတ်တည်ကြည်၍ ကိလေသာအပူတွေကို ငြိမ်းစေနိုင်သော သမာဓိကို သမထ-ဟုခေါ်၏။
ထိုသမထကမ္မဋ္ဌာန်းသည် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏာနုဿတိ၊ အာနာပါန စသောအားဖြင့် အကျယ် ၄၀-ရှိ၏။
ရုပ်နှင့် စိတ်စေတသိက်ကို သင်္ခါရ-ဟု ခေါ်၏။ ထိုရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုနေသော ဉာဏ်ကို ၀ိပဿနာ-ဟုခေါ်၏။
ထိုဝိပဿနာကမ္မဋ္ဌာန်းကား အချုပ်အားဖြင့် အနိစ္စာနုပဿနာ၊ ဒုက္ခာနုပဿနာ၊
အနတ္တာနုပဿနာ-ဟု ၃-မျိုးသာရှိသည်။

( ကမ္မဋ္ဌာန်းအားထုတ် )
လောက၌ တိုးတက်ကြီးပွားအောင် မှန်းထားအပ်သော အလုပ်ဟူသမျှသည် ကြိုးစားနိုင်သူ တချို့လူများအတွက်သာ အထမြောက်၏။ တချို့မှာ ကြိုးစားသော်လည်း အထမမြောက်ဘဲ ပျက်စီးတတ်သေး၏။ မကြိုးစားလျှင်ကား အဘယ်မှာ အကျိုးရပါတော့အံ့နည်း။ ထို့အတူ ဤကမ္မဋ္ဌာန်းအလုပ်ကိုလည်း ကြိုးကြိုးစားစား အားထုတ်နိုင်မှ တချို့ အထမြောက်၏။ မကြိုးစားလျှင်ကား အထမမြောက်နိုင်။ သို့သော် နောင်ခါအတွက် ပါရမီဓာတ်ခံလောက်တော့ ဖြစ်စရာရှိပါသေးသည်။

( အားထုတ်ပုံ အစဉ် )
ဆိတ်-တင်-ဖြောင့်-ငါး၊ ရှေ့-မြဲ-ပွား၊ ကြိုးစားဘာဝနာ-ဟူသော မဟာဂန္ဓာရုံဆရာတော်၏ လင်္ကာဆောင်ပုဒ်နှင့်အညီ-

( ဆိတ် )
ကမ္မဋ္ဌာန်းအလုပ်ဟူသည် ပဓာနအားဖြင့် စိတ်အလုပ်ဖြစ်၏။
ထို့ကြောင့် မျက်စိအာရုံ၊ နားအာရုံဖြစ်သော ရဟန်းရှင်လူတွေ များသောနေရာ၊ စကားပြောသံ၊ စာအံသံ၊ ဓာတ်စက်သံ ညံနေသောနေရာသည် ဆိတ်ငြိမ်သောနေရာ တိတ်ဆိတ်သောနေရာ မဟုတ်ပါ။ ထို့ကြောင့် လူအများကို မမြင်ရသော၊ မတွေ့ရသော လူသံတွေ မကြားရသော တိတ်ဆိတ်သော၊ ဆိတ်ငြိမ်သောနေရာသာ ကမ္မဋ္ဌာန်းအားထုတ်ဖို့ ကောင်းသောနေရာဖြစ်သည်။

( တင် )
ဆိတ်ငြိမ်သောနေရာကို ရပြီးသောအခါ ယောက်ျားဖြစ်လျှင် တင်ပျဉ်ခွေ၍ ထိုင်ပါ။ မိန်းမဖြစ်လျှင် ယခုအခါ ဘုရားရှိခိုးရာ၌ ထိုင်သလို တ၀က်တင်ပျဉ်ခွေဖြင့်ထိုင်ပါ။ ဤနည်းကား ကျမ်းဂန်တို့၌တွေ့ရသော ထိုင်ပုံဖြစ်သည်။

( ယခုခေတ် )
ယခုအခါ၌ကား တင်ပျဉ်ခွေ၍ ကြာကြာထိုင်လျှင် အညောင်းပြေသွားတတ်သော်လည်း နေ့ရက်များသောအခါ ထုံနာ၊ ကျဉ်နာ၊ စသော ရောဂါတမျိုးမျိုး ဖြစ်လာတတ်၏။
ဘာကြောင့်နည်း-ကြာကြာကွေးနေရသော ခြေသလုံး ပေါင်တို့၌ သွေးလေတို့သည် အထက်အောက် ကောင်းစွာမလျှောက်ရသောကြောင့်တည်း။

( သက်သာသလိုထိုင် )
ကမ္မဋ္ဌာန်းအလုပ်၌ သမာဓိရဖို့က ပဓာနဖြစ်သောကြောင့် ခြေကိုဆန့်၍ထိုင်မှ သမာဓိရလျှင် ဆန့်၍ထိုင်ပါ။ ကုလားထိုင်စသော ငြိမ်သက်သော ထိုင်ခုံ၌ ထိုင်မှ အနေသက်သာ၍ သမာဓိရလျှင် ထိုင်ခုံ၌ ထိုင်ပါ။
ညောင်းလျှင် မတ်မတ်ရပ်လိုက်ပါ။ လမ်းလျှောက်လိုလျှင် လမ်းလျှောက်လိုက်ပါ။
သို့သော် ကမ္မဋ္ဌာန်းကိုတော့ ပျောက်မသွားအောင် သတိစိုက်ထားဖို့ လိုပါသည်။

အရှင်အာနန္ဒာသည် စင်္ကြိသွားရင်း ကာယဂတာသတိကမ္မဋ္ဌာန်းကို အားထုတ်စဉ် ၀ီရိယလွန်နေသောကြောင့် တရားမပေါက်ဘဲ ရှိရကား ခုတင်ပေါ်၌ လဲလျောင်းလိုက်ရာ ခေါင်းအုံးပေါ်၌ ဦးခေါင်းမရောက်သေးခင် ရဟန္တာဖြစ်ပါသည်။

( မေတ္တသုတ်တော် )
မေတ္တာကမ္မဋ္ဌာန်း အားထုတ်ရာ၌ တိဋ္ဌံ စရံ နိသိန္နောဝါ။ သယာနော ယာဝတဿ ၀ိတမိဒ္ဓေါ၊ ဧတံ သတိံ အဓိဋ္ဌေယျ ( သတ္တ၀ါအာရုံပေါ်၌ ) ရပ်နေရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက် ထားရမည်။
စင်္ကြံသွားရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက် ထားရမည်။
ထိုင်နေရင်းလည်း ဤမေတ္တာသတိကို စူးစူးစိုက်စိုက် ထားရမည်။
လှဲနေရင်းလည်း ဤမေတ္တာသတိကို စူစူးစိုက်စိုက် ထားရမည်။
ဤသို့မေတ္တသုတ်၌ ဟောတော်မူပါသည်။
ထို့ကြောင့်ကျမ်းစာကလည်း ထိုင်၍ချည်း အားထုတ်ရမည်လို့ မဆိုလို၊ သက်သာသလိုနေ၍ အားထုတ်စေလိုပါသည်။

( ဖြောင့် )
ထိုင်၍အားထုတ်သောအခါ၌ကား ခါးမှအထက် ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ် (စန့်စန့်) ထားရမည်။
ဘာကြောင့်နည်း-ခပ်ကုန်းကုန်း ခပ်ကွေးကွေးထားလျှင် ကျောရိုးချင်း ထိ၍ ထပ်၍ နေသည့်အတွက် ကြာကြာမထိုင်နိုင်ဘဲ ဝေဒနာအမျိုးမျိုး ဖြစ်လာတတ်သောကြောင့်တည်း။

( ငါး )
အဆင်း၊ အသံ၊ အနံ့၊ စားစရာ၊ တွေ့ထိစရာဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌာဗ္ဗာရုံဟူသော အာရုံငါးပါးတို့ကို စိတ်ထဲ၌ မထင်လာအောင် ဖယ်ရှားရမည်။
( နေရာသဘောအားဖြင့်လည်း ထိုအာရုံနှင့်မရောအောင် ဖယ်ရှား၍
စိတ်အားဖြင့်လည်း ထိုအာရုံများသို့ မသွားအောင် စောင့်စည်းထားရမည်။
အကယ်၍ မြင်ရ ကြားရသော် မြင်ကာမတ္တ၊ ကြားကမတ္တဖြင့် စိတ်ကိုရပ်စေ၍ ရှေ့တိုးပြီး မစဉ်းစားဘဲ စောင့်စည်းထားရမည်။)

( ရှေ့မြဲ )
မိမိရှေ့၌ အာရုံကို မြဲမြဲထားရမည်။ ဗုဒ္ဓါနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို အားထုတ်သူဖြစ်လျှင် မိမိရှေ့မနီးမဝေး၌ ဗုဒ္ဓမြတ်စွာ ကြွရောက်လာသကဲ့သို့ ထင်မြင်အောင် မြဲမြဲထားရမည်။
အခြားကမ္မဋ္ဌာန်းဖြစ်မူကား ထိုကမ္မဋ္ဌာန်းအားလျော်စွာ စိတ်၏ရှေ့မှောက်၌ အာရုံရောက်အောင် စိတ်ထဲ၌ မြဲမြဲထားရမည်။

( ပွား၊ ကြိုးစား )
စိတ်၌ ရာဂ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယတို့ဖြစ်နေလျှင် သေးသိမ်သောစိတ်-ဟုခေါ်ရ၏။
ထိုအကုသိုလ်များ မဖြစ်ဘဲ သဒ္ဓါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယတို့ ဖြစ်နေလျှင် တိုးပွားသောစိတ်၊ ကြီးမြင့်သောစိတ်-ဟုခေါ်ရသည်။ ထိုသို့ ကြီးမြင့်တိုးပွားသောစိတ်ဖြစ်အောင် ကြိုးစားခြင်းကို ဘာဝနာပွား-ဟု ခေါ်သည်။

( ဗုဒ္ဓါနုဿတိ ကြိုးစားနည်း )
လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်-စသော လင်္ကာ၌ ပါသည့်အတိုင်း-

၁။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် သပ္ပါယ်သော ( ဗုဒ္ဓဖြစ်တော်မူချိန်ဝယ် ၃၅-နှစ် အရွယ်မျှသာ ရှိသေးသော ) ဗုဒ္ဓမြတ်စွာ၏ မိမိရှေ့မှောက် မနီးမဝေး၌ ရောက်နေပုံကို အာရုံယူပါ။

၂။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌ ရှေးရှေးပါရမီ ကောင်းမှုများက မွှမ်းထုံထားသောကြောင့် ထူးထူးခြားခြား ကြည်လင်နေပုံကို အာရုံယူပါ။

၃။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို ပယ်ပြီးဖြစ်၍ စိတ်တော်အစဉ် ကြည်လင်သန့်ရှင်းပုံကိုလည်း အာရုံယူပါ။

၎။ ထိုကြည်လင်သန့်ရှင်းသော စိတ်တော်၌ အစွမ်းသုံးပါးနှင့် ပြည့်စုံသော သဗ္ဗညုတဉာဏ်တော်ကြီး ကိန်းဝပ်တော်မူပုံကိုလည်း အာရုံယူပါ။

၅။ ထိုဘုရားရှင်က မိမိ အပါယ်ဆင်းရဲ၊ ၀ဋ်ဆင်းရဲမှ ကယ်တင်ဖို့ရာ ကြီးစွာသော မဟာကရုဏာဖြင့် ကြည့်တော်မူနေပုံကို အာရုံယူပါ။

၆။ ထိုကဲ့သို့ အာရုံယူ၍ လက်အုပ်ချီကာ ဗုဒ္ဓေါ-ဗုဒ္ဓေါ-ဟု အထပ်ထပ်ရွတ်ဆို၍ ကြက်သီးထလောက်အောင် ပီတိဖြစ်သောအခါ ထိုပီတိကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ရှုပါ။

၇။ ပီတိမဖြစ်သေးလျှင် ဗုဒ္ဓကိုအာရုံပြုသော မိမိစိတ်အစဉ်၏ မမြဲပုံကို သတိဖြင့်စိုက်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ရှုပါ။

၈။ ဤသို့ နေ့စဉ် မှန်မှန် ကြိုးစားသောအခါ ရာဂ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ၊ စသော အကုသိုလ်တရားတွေ နည်းပါး၍ သဒ္ဓါ ပညာ သတိ သမာဓိ ၀ီရိယဟူသော ကုသိုလ်တရားများ တိုးပွားလာပါလိမ့်မည်။

၉။ မဟာဂန္ဓာရုံဆရာတော် မိန့်တော်မူသည်မှာ ထမင်းကို မှန်မှန်စားသလို
ကမ္မဋ္ဌာန်းကိုလည်း မှန်မှန်ကြိုးစားရသည်။
ထမင်း စားချင်၍ စားသော်လည်း မြိန်ချင်မှ မြိန်မည်။
မစားချင်ဘဲ စားချိန်ကျ၍ စားရစေကာမူ စားရင်းစားရင်း မြိန်လာတတ်သည်။
ထို့အတူ စိတ်အားထက်သန်စွာဖြင့် အားထုတ်သော်လည်း အာရုံထင်ချင်မှ ထင်သည်။
စိတ်မထက်သန်ဘဲ အချိန်ကျလို့ အားထုတ်သောအခါ အရသာရှိရှိ ပီတိဖြစ်လာအောင် အာရုံထင်လာတတ်သည်။

၁၀။ ရုပ်တုစေတီတော်။
ဗုဒ္ဓမြတ်စွာကို အာရုံယူရာ၌ ဉာဏ်အားနည်းသေးသူတို့မှာ ရုပ်တုရုပ်ပွားလောက်သာ ထင်လာတတ်၏။ စေတီတော်ကို ဖူးမြော်ရာ၌လည်း စေတီတော်အတိုင်းသာ အာရုံထင်လာတတ်၏။ ထိုအာရုံများ ထင်လာရာ၌လည်း အကျိုးမနည်းပါ။ သို့သော် ထိုအာရုံများမှတဆင့် သက်တော်ထင်ရှား မြတ်ဘုရားကို အာရုံရအောင် ကြိုးစာမှသာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ရာရောက်ပါသည်။

( ဗုဒ္ဓါနုဿတိ ဘာဝနာ၏ အကျိုး )
ဗုဒ္ဓါနုဿတိ ဘာဝနာကို အားထုတ်သော ပုဂ္ဂိုလ်တိုင်း၏ အကျိုးရပုံမှာ ( ဈာန်ရမှုမှတပါး )
အခြားဘာဝနာများထက် အနည်းငယ်မျှ မလျော့ပါ။ ထူးခြားချက်ကား-

၁။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကို အတော်များစွာ သိရသောကြောင့် ဗုဒ္ဓမြတ်စွာကို အလွတ်ရိုသေ၍ ဗုဒ္ဓမြတ်စွာ၏ စကားတော်ကို အလွန်လိုက်နာခြင်း။

၂။ ဂုဏ်တော်များစွာကို သိရသည့်အတွက် ဗုဒ္ဓမြတ်စွာအပေါ်၌ သောတာပန်ကဲ့သို့ ဉာဏ်ဖြင့် သက်ဝင်၍ နက်နက်နဲနဲ ကြည်ညိုခြင်း၊ ( ဗုဒ္ဓအစစ်ကို ကြည်ညိုလျှင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို ပြုစုလိုသောစိတ်၊ အားပေးလိုသောစိတ် ရှိရကား သာသနာဖျက် ပုဂ္ဂိုလ်များကိုမူ ရှောင်ရှားမည်သာ။)

၃။ ဗုဒ္ဓမြတ်စွာကို မကြာမကြာ သတိရနေသောကြောင့် သတိကောင်းခြင်း။
( အသက်ကြီးသော်လည်း သတိမမြေ့ခင်း)

၎။ အလွန်နက်နဲသော ဗုဒ္ဓဂုဏ်တော်များကို သတိနှင့်တကွ ဉာဏ်ကျက်စားနေရသည့်အတွက် အသိဉာဏ်လည်း တိုးတက်လာခြင်း။

၅။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်တို့သည် အာရုံပြုသောသတိနှင့် စေတနာမျိုးစေ့တို့၏ စိုက်ပျိုးရာ မွန်မြတ်သော လယ်ယာမြေ ဖြစ်သောကြောင့် ထိုဘာဝနာကုသိုလ်ကောင်းမှု၏ ကြီးကျယ်မြင့်မြတ်ခြင်း။

၆။ ဂုဏ်တော်တို့ကို အာရုံပြုသောအခါတိုင်း၌ ၀မ်းမြောက်သော ပီတိပါမောဇ္ဇဖြစ်ခြင်း။
( စိတ်၏ ချမ်းသာကြည်လင်ခြင်း၊ စိတ်အေးမြခြင်း၊ တရံတခါ ကြက်သီးထလောက်အောင် ပီတိဖြစ်ခြင်း။ )

၇။ ကြောက်စရာ ဘေးအန္တရာယ်နှင့် ကြုံစေကာမူ ထိုဘေးဒုက္ခကို မကြောက်မရွံ့ ရဲဝံ့စွာ ခံနိုင်ခြင်း။

၈။ ဗုဒ္ဓမြတ်စွာကို မကြာမကြာ အောက်မေ့တိုင်း ဗုဒ္ဓမြတ်စွာနှင့် အတူနေရသကဲ့သို့ဖြစ်၍ ကျူးလွန်ရမည့်အပြစ်ကို မကျူးလွန်တော့ခြင်း။

၉။ ၀ိပဿနာတက်၍ မဂ်ဖိုလ်တိုင်အောင် မရနိုင်လျှင် ယခုဘ၀၏ အခြားမဲ့ နောက်ဘ၀၌ ( ငါးပါးသီလ မပျက်ပါမူ လိုရာသုဂတိဘ၀ကို ရဖို့သေချာခြင်း။)

၁၀။ နောက်နောက် ဘုရားသာသနာတော်ကို ဧကန်ကြုံတွေ့ရမည်ဖြစ်၍ မိမိရည်မှန်းအပ်သောဆုနှင့် ကိုက်ညီသော ဘုရားသာသနာဝယ် ဧကန်တရားထူးရနိုင်ခြင်း။
ဤကား ဗုဒ္ဓါနုဿတိ ဘာဝနာ၏ အကျိုးများတည်း။

( အရှင်ဇနကာဘိဝံသ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် )

No comments: