Sunday, May 3, 2009

အချိန်ကောင်းကို ဖြုန်းတီး၍ အထီးကျန်ဖြစ်ရသူ

ဗာရာဏသီမြို့တော်အနီး ဣသိပတန မိဂဒါဝုန်တော၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဗာရာဏသီမြို့၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးကြီးရှိ၏။ သူ၏ တဦးတည်းသော-သား မဟာဓနအား အလွန်ချစ်ခင် အလိုလိုက်၏။ ကြိုက်သလို သုံးစား ပျော်ပါး နေထိုင်စေ၏။ ပညာသင်ကြားပေးခြင်း မပြုပေ။ အရွယ်ရောက်သော အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသော အခြားသူဌေးတဦး၏ သမီးနှင့် ပေးစားသည်။ ပိုမိုချမ်းသာသွား၏။ ငယ်စဉ် ဘာပညာမျှ မသင်ကြားခဲ့ရသော သူဌေးသားသည် အိမ်ထောင်ရှင် ဖြစ်လာချိန်၌လည်း ငယ်မူမပြောင်း။ လူမှုရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ လှူဒါန်းပေးကမ်းရေး၊ ကုသိုလ်ပြုရေး၊ ဘာမျှမပြုလုပ်ပေ။ မူးယစ်သောက်စား ကစားကြူးကာ အပေါင်းအသင်းများနှင့်သာ မွေ့လျော် အချိန်ကုန်ခဲ့လေသည်။ ပစ္စည်းဥစ္စာများ တဖြည်းဖြည်း ယုတ်လျော့ကုန်ခန်းလာ၏။ အိမ်တွင်း အိမ်ပြင် ပစ္စည်းများ ရောင်းချ စားသောက်ရသော ဘ၀ ရောက်လာ၏။ နောက်ဆုံးတွင် လင်မယားနှစ်ယောက် ခွက်လက်စွဲကာ တောင်းစားရသော အခြေအနေ ဖြစ်လာခဲ့သည်။ တနေ့သ၌ မဟာဓနနှင့် ဇနီးတို့သည် ဆွမ်းဇရပ်တွင် သာမဏေငယ်တို့ပေးသော ဆွမ်းကျန်၊ ဟင်းကျန်များကို တောင်းခံစားသောက်နေကြ၏။ ဘုရားရှင် တွေ့မြင်တော်မူသောအခါ အရှင်အာနန္ဒာအား မိန့်ကြားတော်မူ၏။

အာနန္ဒာ-ဤသူသည် ပထမအရွယ်က စီးပွားဥစ္စာရှာပါလျှင် ပိုမို ကြွယ်ဝသော သူဌေးကြီးဖြစ်လာမည်။
ရဟန်းတရား ပွားများအားထုတ်လျှင်လည်း ရဟန္တာအဖြစ် ရနိုင်သည်။ သူ၏မယားလည်း အနာဂါမ် ဖြစ်နိုင်၏။

ဒုတိယအရွယ်တွင် ကြိုးစားအားထုတ်လျှင်လည်း ထိုက်သင့်သော စည်းစိမ်ဥစ္စာ၊ တရားထူးများ ရနိုင်၏။
ယခုအခါတွင်ကား လူ့စည်းစိမ်ချမ်းသာလည်း လက်လွတ်၊ မဂ်ဖိုလ်ချမ်းသာလည်း ဆုံးရှုံးရလေပြီ-ဟု မိန့်တော်မူပြီး အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိ ဂါထာ )
အစရိတွာ ဗြဟ္မစရိယံ ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ ။
ဇိဏ္ဏကောဉ္ဇာဝ ဈာယန္တိ ၊ ခီဏမစ္ဆေ၀ ပလ္လလေ ။

အစရိတွာ ဗြဟ္မစရိယံ ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ ။
သေန္တိ စာပါတိ ခီဏာဝ ၊ ပုရာဏာနိ အနုတ္ထုနံ ။

( မြန်မာပြန် )
( သူမိုက်တို့သည် ) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ။
ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် ငါး ကုန်ခန်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုကဲ့သို့
( အရွယ်လွန်သောအခါ ) ကြံမှိုင်၍သာ နေကြရကုန်၏။

( သူမိုက်တို့သည် ) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ။
ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သော မြားကဲ့သို့ ရှေးဖြစ်ဟောင်း (ချမ်းသာ) များကို ညဉ်းတွား အောက်မေ့၍သာ နေကြရကုန်၏။

( ဆောင်ပုဒ် )
ချိန်ရွယ်ရှိခိုက်၊ ငယ်စဉ်ခိုက်ဝယ်၊ မစိုက်လုံ့လ၊ လူ့ဗာလသည်၊ မရဥစ္စာ၊ ပညာကုသိုလ်၊ ပျက်ယွင်းယို၏။
အိုမင်းလာချိန်၊ အားမဲ့ချိန်ဝယ်၊ စည်းစိမ်က-မွဲ၊ ကုသိုလ်နဲ၍၊ ရေကျဲခန်းသွား၊ ငါးများကုန်စင်၊ ရွှံ့ညွန်ပြင်ဝယ်၊ အားအင်ယွင်းယို၊ ကြိုးကြာအိုသို့၊ ငါးကို မရ၊ စာ မ၀ဘဲ၊ ဒုက္ခချည်းသာ၊ တွေ့ရရှာ၏။

အရွယ်ရှိတုန်း၊ အချိန်ဖြုန်းလျက်၊ လုံးလုံးလျားလျား၊ မြတ်တရားကို၊ ကြိုးစားမမွေ့၊ သတိမေ့၏။
ပျော်မွေ့ဖြုန်းတီး၊ ရှိပစ္စည်းလည်း၊ မကြီး မပွား၊ ဆုံးရှုံးသွား၏။
သက်များရလာ၊ ကြီးသည့်ခါဝယ်၊ ဥစ္စာက-မွဲ၊ ကောင်းမှုနည်း၍၊ ပူပွဲတွေ့ရ၊ လေးမှထွက်သွား၊ ရှိန်ကုန်မြားသို့၊ ခံစားရှေးက၊ ဘ၀ချမ်းသာ၊ ဖြစ်ခဲ့တာကို၊ ပြန်ကာအောက်မေ့၊ တစေ့စေ့တွေး၊ ပူဆွေး၍သာ၊ နေရရှာ၏။

( ဇရာဝဂ်၊ မဟာဓနသေဋ္ဌိဝတ္ထု )

No comments: