လူတိုင်းလူတိုင်းတွင် တာဝန်ကိုယ်စီရှိကြသည်။ အသက်အရွယ်အလိုက် အချိန်အခါအလိုက် တာဝန်များ ခြားနားမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ရန်လိုသော တာဝန်များကား ရှိနေကြပေသည်။ မိမိဆိုင်ရာ တာဝန်ကို ဆောင်ရွက်သူသည် တသက်လုံး အကျိုးကျေးဇူး ခံစားရမည် ဧကန်ဖြစ်သည်။
လူမိုက်ကို ရှောင်ကြဉ်ရေး
လူလိမ္မာ၊ လူကောင်းကို မှီဝဲဆည်းကပ်ရေး
ပူဇော်ထိုက်သူကို ပူဇော်ရေး
ဤသုံးပါးကို မူလတန်းကျောင်းများရှေ့တွင် ထင်ရှားစွာ သတိပေးဖော်ပြထားသည်မှာ အလွန်အားရဖွယ် ကောင်းလှပေသည်။ ဤသုံးပါးကို ငယ်ရွယ်နုနယ်စဉ်ကစ၍ တိကျစွာ လိုက်နာကျင့်သုံးသော ကလေးများသည် နိုင်ငံတော်၏သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြမည်မှာ သေချာလှပေသည်။
ကျောင်းသားအရွယ် ကျော်လွန်လာသောအခါ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးများ အနေဖြင့် ဆောင်ရွက်ရမည့်တာဝန်သုံးပါး ရှိသေးသည်။ ယင်းတာဝန်သုံးပါးကား-
၁။ ဒါနပြုရေး
၂။ သီလစောင့်ထိန်းရေး
၃။ ဘာဝနာပွားရေးတို့ ဖြစ်သည်။
ယင်းသုံးပါးကို တတ်စွမ်းနိုင်သလောက် မမေ့မလျော့ ကြိုးစားအားထုတ်ရန် လိုပေသည်။ မှန်၏။
ကျွန်ုပ်တို့နေ့စဉ် ဘုရားဝတ်ပြုရာဝယ် အမြဲဆုတောင်းကြသည်မှာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်များကို ရပါလို၏ အရှင်ဘုရား-ဟူ၍ အမြဲတောင့်တကြသည် မဟုတ်ပါလော။
ဒါနသည် သံသရာတလျှောက်လုံးတွင် မတောင့်မတ မကြောင့်မကြ အထက်တန်းကျကျ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်ရေးအတွက် လိုအပ်သော ကောင်းမှုဖြစ်သည်။ စေတနာသဒ္ဓါတရား ထက်သန်စွာနှင့် မှန်မှန်ကန်ကန် လှူသောဒါနသည် ပစ္စည်းသေးငယ်သော်လည်း အကျိုးကြီးမားလှပါသည်။
ဒါနသည် အကျိုးပေးကောင်းရန် ဖြစ်သည်။
သီလသည် အပါယ်လေးပါးစသည်မှ ကင်းလွတ်၍ သုဂတိဘ၀ကောင်း ရရှိရန်ဖြစ်သည်။
အနည်းဆုံး ငါးပါးသီလ လုံခြုံလျှင် ဒုဂ္ဂတိဘ၀မှ ကင်းဝေး၍ သုဂတိဘ၀ရရန် သေချာပါ၏။
မဂ်တရား ဖိုလ်တရား ရရှိ၍ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်ရေးကား သမထ ၀ိပဿနာ ဘာဝနာပွားများရေးကို စွဲစွဲမြဲမြဲ အားထုတ်ရန် လိုအပ်ပါသည်။
ဒါန သီလ ဘာဝနာ တာဝန်သုံးပါးကို အစဉ်သတိရကြပါစေ။
Wednesday, May 27, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment