Friday, May 29, 2009

မလှူရ မနေနိုင်သော အနာထပိဏ်သူဋ္ဌေးကြီး

အနာထပိဏ်သူဋ္ဌေးကြီးသည် ဇေတ၀န်ကျောင်းတော်ကို ငါးဆယ့်လေးကုဋေ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့၏။ ဘုရားရှင်အား တနေ့သုံးကြိမ် သွားရောက်ဖူးမြော်၍ သွားသောအခါတိုင်းလည်း လှူဖွယ်ဝတ္ထုတခုခု ပါသည်ချည်း ဖြစ်၏။ တချိန်တွင် သူဋ္ဌေးကြီး၏ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးကုန်၏။ ချေးထားသော ငွေများဆုံးပြီး မြစ်ကမ်းအနီး မြှုပ်ထားသော ပစ္စည်းဥစ္စာများသည်လည်း ကမ်းပါးပြိုရာတွင် ပါသွားသောကြောင့် ချက်ချင်း မွဲတေသွား၏။ သို့သော် အလှူဝတ်ကို အပျက်မခံဘဲ ဆန်ကွဲထမင်း၊ ပုံးရည်ဟင်းကို ဆက်လက်လှူနေသည်။
ဘုရားရှင်က-ဒါယကာကြီး၊ တန်ဖိုးနည်း ပစ္စည်းလှူရသဖြင့် စိတ်မသက်မသာမရှိလင့်။ စိတ်ထားမြတ်လျှင် အကျိုးအနဂ္ဃ ရသည်သာတည်း-ဟုဟောတော်မူ၏။

သူဋ္ဌေးကြီးအိမ်မှ တံခါးစောင့်နတ်သည် ကိုယ်ထင်ပြ၍-သင်သည် အလှူအတန်း ပြုလွန်း၍ မွဲရခြင်းဖြစ်သည်။ ပေးလှူခြင်းကို ရပ်စဲပြီး စီးပွားဖြစ်ရန် အလုပ်လုပ်လော့-ဟု တိုက်တွန်းပြောဆိုသည်။
သူဋ္ဌေးကြီးက-သင်လို နတ်မိုက်ကို ငါအိမ်တွင် လက်မခံ-ဟု နှင်ထုတ်၏။
နတ်မိသားစု နေစရာအခြားမရှိ၍ သိကြားမင်းထံ အကူအညီတောင်းရာ သိကြားမင်းက-သူဋ္ဌေးကြီး ဆင်းရဲ နေရှာသည်၊ သူ၏ မရသေးသောကြွေးများ၊ နစ်မြှုပ် ဆုံးရှုံးသော ပစ္စည်းများ ပြန်ရစေအောင် လုပ်ပေးပြီး သူဋ္ဌေးကြီးအား ကိုယ်တိုင်တောင်းပန်လေ-ဟု အကြံပေးသည်။
ထိုနတ်သည် မိမိတန်ခိုးဖြင့် ပစ္စည်းများကို အကုန်ပြန်ရစေပြီး သူဋ္ဌေးကြီးအား တောင်းပန်ရာ အိမ်တွင်နေခွင့် ရသွားလေသည်။ ထို့နောက် ထိုနတ်သားအား ဘုရားရှင်ထံ ခေါ်ဆောင်သွားပြီး တရားနာယူစေရာ နတ်သား သောတာပန် တည်သွားလေသည်။

( ပါဠိဂါထာ )
ပါပေါပိ ပဿတိ ဘဒြံ ၊ ယာဝ ပါပံ န ပစ္စတိ ။
ယဒါ စ ပစ္စတိ ပါပံ ၊ အထ ပါပေါ ပါပါနိ ပဿတိ ။
ဘဒြောပိ ပဿတိ ပါပံ ၊ ယာဝ ဘဒြံ န ပစ္စတိ ။
ယဒါ စ ပစ္စတိ ဘဒြံ ၊ အထ ဘဒြော ဘဒြာနိ ပဿတိ ။

( မြန်မာပြန် )
မကောင်းမှုပြုသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။
မကောင်းမှု အကျိုးပေးသောအခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

ကောင်းမှုပြုသူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသရွေ့ကာလပတ်လုံး မကောင်းသောအာရုံကိုသာ တွေ့မြင်နိုင်သေး၏။
ကောင်းမှုအကျိုးပေးသောအခါ၌မူကား ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

( ဆောင်ပုဒ် )
မကောင်းမှုကို၊ ပြုလေ့ပြုထ၊ ရှိနေကလည်း၊ ကံကခွင့်သာ၊ ကောင်းကျိုးလာစဉ်၊ ချမ်းသာအာရုံ၊ ခံစားကုန်၏။
တဖန်လမ်းကြောင်း၊ မကောင်းမှုကျိုး၊ ၀င်တိုးခွင့်ကြိမ်၊ ထိုအချိန်ကား၊ ဖိနှိပ်မနိုင်၊ လှိုင်လှိုင်ထပ်တိုး၊ မကောင်းကျိုးသာ၊ ဆင့်ဆင့်လာ၏။

ကောင်းမှုမျိုးစုံ၊ ပြုပေတုံလည်း၊ ဖုံဖုံကောင်းကျိုး၊ အကျိုးပေးလောက်၊ ချိန်မရောက်ခင်၊ တောက်လျှောက်သောင်းပြောင်း၊ မကောင်းအာရုံ၊ တွေ့ရကြုံ၏။
အာရုံအကောင်း၊ ကောင်းမှုအကျိုး၊ ပေးရိုးချိန်မှန်၊ ရောက်ချိန်တန်သော်၊ ဖန်ဖန်ကောင်းကျိုး၊ ထပ်ဆင့်တိုး၍၊ ကောင်းကျိုးမင်္ဂလာ၊ ဆိုက်ရောက်လာ၏။

( ပါပ၀ဂ်၊ အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု )

No comments: