Sunday, June 7, 2009

မီး ၁၁-ပါး အလောင်နည်းအောင် သတိဆောင်

လူဖြစ်လာလျှင် လူတိုင်း မီး ၁၁-ပါးကို တွေ့ကြုံရမည်မှာ သေချာပါသည်။
အရိယာပုဂ္ဂိုလ်များလည်း ထိုမီးများမှ မလွတ်နိုင်။ သို့သော် အချို့ကိုသာ ခံစားရပြီး အချို့ကို လုံးဝ မခံစားရပေ။ ကမ္မဋ္ဌာန်းဝိပဿနာ လေ့ကျင့်ပြီး ရင့်ကျက်နေသူများလည်း ထိုမီးများမှ မလွတ်ကင်းနိုင်။ သို့သော် ခံနိုင်ရည်ရှိ၏။ သက်သာ၏။ ဘ၀လမ်း မလွဲအောင် စောင့်ရှောက်ထိမ်းချုပ်နိုင်စွမ်း ရှိ၏။ ပူလောင်မှု နည်းပါးပါ၏။

ထိုမီး ၁၁-ပါးကား-
၁။ လောဘမီး-လိုချင်တပ်မက်ခြင်း။
၂။ ဒေါသမီး-စိတ်ဆိုးစိတ်ပျက်ခြင်း။
၃။ မောဟမီး-အမှန်အတိုင်း မသိခြင်း။
၎။ ဇာတိမီး-ဘ၀အသစ် ပဋိသန္ဓေနေရခြင်း။
၅။ ဇရာမီး-အိုမင်းမစွမ်း ဖြစ်ရခြင်း။
၆။ မရဏမီး-သေပျက်ရခြင်း။
၇။ သောကမီး-စိုးရိမ်ပူပန်ရခြင်း။
၈။ ပရိဒေ၀မီး-ငိုကြွေးရခြင်း။
၉။ ဒုက္ခမီး-ကိုယ်ဆင်းရဲရခြင်း။
၁၀။ ဒေါမနဿမီး-စိတ်ဆင်းရဲရခြင်း။
၁၁။ ဥပါယာသမီး-ပြင်းစွာပူဆွေးရခြင်း။

ဇာတိမီးကို တွေ့ကြုံခဲ့ပြီး ဇရာမီးကို တွေ့နေကြပြီ။ မရဏမီးကို တွေ့ရမည်မှာလည်း သေချာသည်။
လပိုင်း နှစ်ပိုင်းသာ လိုတော့သည်။ ကျန်မီး ၈-ပါးကို ပူလောင်မှုသက်သာအောင် ပြင်ဆင်ရပါမည်။
ရုပ်ပျက် ဆင်းပျက် မခံရအောင် ကြိုးစားကြရပါမည်။ လိုလားတောင့်တတတ်သော လောဘမီးကို ထိန်းသိမ်းပါ။ ကုသိုလ်ကံပေးသမျှ အေးကြမှတော်မည်ဟု သဘောထားရန်လိုသည်။ သို့သော် မိမိစွမ်းအားရှိသမျှ လုပ်နိုင်ခွင့် ရှိသမျှကိုကား လုပ်ဆောင်ရပါမည်။ ကြိုးစားပါလျက် စိတ်ကူးရှိသလောက် ခရီးမရောက်လျှင် ကံတရားကိုသာ သုံးသပ်၍ စိတ်ကို ဖြေရပါမည်။

ဒေါသမီးကို မေတ္တာဓာတ်ဖြင့် ထိန်းချုပ်ရပါမည်။ ဒေါသစိတ်ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်းသတိပြုကာ ကောင်းသောအာရုံဘက်သို့ လမ်းပြောင်းပေးရပါမည်။
မောဟမီးကို စာကောင်းစာမွန်များ ဖတ်ရှုလေ့လာခြင်း၊ ပညာရှိများ သူတော်ကောင်းများကို ဆည်းကပ်ဆွေးနွေးခြင်း၊ စဉ်းစားတွေးခေါ်ဉာဏ် မွေးမြူလေ့ကျင့်ခြင်းဖြင့် ပြုပြင်ရပါမည်။

ကျန်မီးများကို ကမ္မဋ္ဌာန်းဝိပဿနာ ဘာဝနာကို လေ့ကျက်ပွားများခြင်းဖြင့် ကုစားလျှင် သက်သာနိုင်ပါသည်။ စိတ်ကို လက္ခဏာရေးသုံးပါးဖြင့်၎င်း၊ ၀ိပဿနာဖြင့်၎င်း၊ ထုံမွှမ်း၍ အပ္ပမာဒေန သမ္ပာဒေထ-ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကာ ပူလောင်မှုနည်းပါးအောင် လေ့ကျင့်ကြရပါမည်။ မမေ့မလျော့သော သတိတရားဖြင့် ကြိုးစားဆောင်ရွက်တော်မူနိုင်ကြပါစေ။

No comments: