Monday, June 8, 2009

ပဋ္ဌာန်း အမွှန်း

( ပဋ္ဌာန်း အမွှန်း )

နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ပီတာ စ-သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ-မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော-၀ါရောင်ဝင်းလျှပ် ရွှေသောရောင်ခြည်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လောဟိတာ-အာတော်, လျှာတော်, နှုတ်ခမ်းတော်နှင့် ခြေတော်ဘ၀ါး လက်ဘ၀ါး-စသော ကိုယ်တော်အစိတ်အစိတ်မှ။
လောဟိတာ-ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကုန်သော။
အာဘာ-နီရောင်ဝင်းလျှပ် နီသောရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

သြဒါတာ-စွယ်တော်, သွားတော်, မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော-စံပယ်ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေထုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ဖြူသောရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

တမှာ တမှာ-အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တခို ထိုထို ထိုထို ကိုယ်တော်အစိတ်အစိတ်မှ။
မဉ္ဇိဋ္ဌာစ-ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်၎င်း။
ပဘဿရာစ-နတ်မီးအရောင် လျှပ်စည်းအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည်၎င်း။
ပဘာသန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ဧ၀ံ-ဤရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။ ဆဗ္ဗဏ္ဏရံသီ-အညို-တဖြာ, အ၀ါ-တလီ, အနီ-တဆူ, အဖြူ-တကြောင်း, အမောင်း-တချက်, ပြိုးပြက်ငွါးငွါး ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေသော။
ဘဂ၀ါ-ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။
သော-ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူပေသော ရှင်တော်မြတ်ဘုရားသည်။
မေ-ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ-ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွဋ်ပေါ်၌။
ဌာတု-ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နား-ကိန်းဝပ်တော်မူလှဲ့ပ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။


ဘဂ၀န်ဘုန်းလှိုင် နှုန်းပြိုင်တုကင်း အဘက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသော တိဘ၀ပါရဂူ သယမ္ဘူ ရှင်တော်မြတ်ဘုရားသည် ငါးပါးမာရ်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ် ရွှေဝတ်လွှာမှုံ ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှမ်းမှီဆွတ်ချွေ၍ ကရွတ်ခွေဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ န၀တာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟ၀ယ် ဓမ္မနက်ကျယ် သမုဒ်နယ်သို့ ဆန်းကြယ်နက်ဝှမ်း ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဉာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပါယ်လို့-ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်-တဝေေ၀ ညို-ရွှေ-နီ-ဖြူ အဆူဆူထွေးယှက်လျက် နီမောင်းရောင်ထွက် လျှပ်စည်းတွေလက်သလို ပြိုးပြိုးပြက် တငွါးငွါး ရောင်ခြောက်စုံ ကစားလျက် လောကဓာတ် တိုက်အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြ လေကုန်သတည်း။
ရောင်ခြည်တော်ဖူးညွန့် ထွေးယှက်လိမ် လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်း သမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသော ဉာဏ်ကသိုဏ်း သမာဓိ ဖလ်တံတိုင်းဖြင့် ဌာန်ကရိုဏ်းပီသစွာ စေတနာထွတ်အမြတ်ဖြင့် ရွတ်ဘတ် သရဇ္ဈာယ်တော်မူကြပါကုန်လော။


( ပဋ္ဌာန်းဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ရခြင်း အကျိုး )
ပဋ္ဌာန်းဥဒ္ဒေသနှင့် နိဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက်ချက်ခြင်း အခါမလင့် အောက်ပါကောင်းကျိုးများ ရနိုင်ပေသည်။

၁။ ရင်ဆိုင် ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၎။ အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်နိုင် လွဲနိုင်ခြင်း။
၅။ အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း-စသည့် အကျိုးတရားတို့ပင်တည်း။

အထက်ပါ ဖော်ပြချက်တို့ကို ပေါ်လွင်ထင်ရှားစေပါအံ့-
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ အပရာဇိတ ပလ္လင်ထက်ဝယ် မာရ်ငါးပါးကို အောင်မြင်တော်မူပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ အနေကဇာတိ သံသာရံ-အစချီသော ဥဒါန်းကို စိတ်တော်ဖြင့် ကျူးရင့်တော်မူသည်။

ပလ္လင်္ကသတ္တာဟ-
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အပရာဇိတ ပလ္လင်တော်ထက်ဝယ် ဘုရားဖြစ်ပြီးနောက် ထိုပလ္လင်တော်ထက်၌ပင်လျှင် ဆက်လက်၍ ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှ ၇-ရက်နေ့အထိ ၇-ရက်ပတ်လုံး သီတင်းသုံးတော်မူသည်။
ဤသတ္တာဟ ပထမနေ့အခါ၌ ဖလသမာပတ်ကို ၀င်စား၍ နေတော်မူသည်။ ညအခါ၌ကား ဘုရားအဖြစ်သို့ ရောက်အောင် ထောက်ပံ့သည့် ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ်ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-စသော ဥဒါန်းသုံးဂါထာကို အသံမထွက် နှုတ်မမြွက်မူပဲ စိတ်တော်ဖြင့်သာ ကျူးရင့်တော်မူသည်။

ဤနေ့ ညဥ့်ဦးယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အစဉ်အတိုင်း အနုလောမနည်းအားဖြင့် ဆင်ခြင်ပြီးလျှင် ယဒါ ဟဝေ-ဟူသော ပထမဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
မဇ္ဈိမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အားဖြင့် ပဋိလောမနည်း ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-ဒုတိယ ဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အနုလုံ, ပဋိလုံ အပြန်အလှန် ဆင်ခြင်တော်မူပြီးသော် ယဒါ ဟဝေ- တတိယဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။

နောက် ၆-ရက်အတွင်းမှာမူ ဖလသမာပတ် ၀င်စားကာ နိဗ္ဗာန်ချမ်းသာဖြင့် စံနေတော်မူသည်။ သတ္တမမြောက်နေ့ ညဥ့်ဦး ပထမယာမ်အစ၌ ဖိုလ်မှ ထတော်မူပြီးနောက် ညဥ့်သုံးယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ် ဆင်ခြင်တော်မူသည်။

ထိုသို့ ၇-ရက်ပတ်လုံး ရွှေပလ္လင်တော်ထက်၌ စံနေတော်မူသဖြင့် ဤအပရာဇိတ ပလ္လင်တော်ကို ( ပလ္လင်္က သတ္တာဟ )-ဟု ခေါ်ပေသည်။ ( သတ္တာဟ-၇-ရက် )။

အနိမိသ သတ္တာဟ-
ထို့နောက် ပလ္လင်ပေါ်မှ သက်ဆင်းတော်မူပြီးလျှင် ဗောဓိပင်၏အနီး အရှေ့မြောက် ခပ်ယွန်းယွန်း ၁၄-လံကွာ နေရာ၌ ကဆုန်လပြည့်ကျော် ၈-ရက်နေ့မှ ၁၄-ရက်နေ့အထိ ၇-ရက် ထပ်မံ၍ သီတင်းသုံး စံမြန်းတော်မူပြန် သည်။ ဤနေရာကို ဒုတိယသတ္တာဟ-ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ငါသည် ပါရမီတော်များ ဖြည့်ခဲ့သဖြင့် ဤပလ္လင်ထက်၌ မာရ်ငါးပါးကို အောင်မြင်၍ ဘုရားဖြစ်ခဲ့ပြီတကား-ဟု ဆင်ခြင်တော်မူကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်တော်မူ၍ အပရာဇိတ ပလ္လင်မြတ်ကို မမှိတ်သော မျက်စိဖြင့် ၇-ရက်ပတ်လုံး ရှုတော်မူပြီးလျှင် စံနေတော်မူသည်။ ထို့ကြောင့်ပင် ဤဌာနကို (အနိမိသ သတ္တာဟ) ဟု ခေါ်တွင်သည်။ ( အ=မ။ နိမိသ=မျက်တောင်ခတ်သည်။ မျက်စိမှိတ်သည်)
( မျက်တောင် မခတ် မျက်စိမမှိတ် )

စင်္ကမ သတ္တာဟ-
ထို့နောက်တဖန် ၇-ရက် ထပ်မံ၍ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း ၆-ရက်နေ့အထိ ရွှေပလ္လင်နှင့် အနိမိသ ဌာနအကြား ဗောဓိပင်၏မြောက်ဘက်၌ အရှေ့အနောက် သွယ်တန်းလျက် အတောင် ခြောက်ဆယ်ရှိသော နတ်တို့ဖန်ဆင်းသည့် ရတနာစင်္ကြံတော်၌ လူးလာတုံ့ခေါက် စင်္ကြံကြွကာ သီတင်းသုံး စံမြန်းတော်မူသည်။

အနိမိသ သတ္တာဟဌာန၌ စံမြန်းတော်မူစဉ် နတ်, ဗြဟ္မာတို့၏ စိတ်ထဲ၌ အရှင်ဂေါတမသည် ပလ္လင်တော်၌ တပ်မက်ခြင်း ရှိနေသေးသည်၊ ဘုရားအဖြစ်သို့ ဆုံးခန်းတိုင် ရောက်တော်မမူသေး-ဟု ယုံမှားသံသယ ဖြစ်ကြသည်။ နတ်တို့၏ ယုံမှားသံသယ ဖြစ်နေသည်ကို သိတော်မူ၍ ထိုယုံမှားသံသယကို ပယ်ဖျောက်စိမ့်သောငှါ ရေအစုံ မီးအစုံသော ယမကပြာဋိဟာကို ပြတော်မူသည်။

ရှင်တော်မြတ်ဘုရားသည် စင်္ကြံသွားတော်မူရင်းပင် တရားဆင်ခြင်တော်မူ၍သော်၎င်း, အရဟတ္တ ဖလသမာပတ် ၀င်စား၍သော်၎င်း, စံနေတော်မူသည်။ ထိုသို့ စင်္ကြံသွားလျက် ၇-ရက် စံနေသည့်ဌာနကို ( စင်္ကမ သတ္တာဟ ) ဟု ခေါ်သည်။

ရတနာဃရ သတ္တာဟ-
ထို့နောက် ဗောဓိပင်၏ အနောက်မြောက်ဘက် အတောင် ၄၀-(၁၀-လံ) ကွာဝေးသော အရပ်၌ နတ်တို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်သို့ ကြွတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီးလျှင် နယုန်လဆန်း ၇-ရက်နေ့မှ ၁၃-ရက်နေ့အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူလျက် ၇-ရက်တိတိ သီတင်းသုံး စံနေတော်မူသည်။ ဤသို့ ရှင်တော်ဘုရား ၇-ရက် ရတနာဃရရွှေအိမ်၌ စံနေတော်မူသည်ကို (ရတနာဃရ သတ္တာဟ) ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ဤရတနာဃရ ရွှေအိမ်၌ အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ၌ ရှေးဦး ခြောက်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်ကျမ်းတို့ကို ဆင်ခြင်တော်မူသောအခါ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးခြင်း မရှိသေးချေ။


( အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း )
ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော အခါမှသာ ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြာဝဠာသို့ ပျံ့နှံ့ ထွန်းလင်း လွှမ်းမိုးလေတော့သည်။

ရှင်တော်မြတ်ဘုရား၏ ဉာဏ်တော်အနန္တကို ထင်ရှားပေါ်လွင်စေသည့် အခမ်းအနားကြီး ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဉာဏ်တော် တန်ခိုးတော်တို့သည် တုမဲ့ကင်း ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေတွက်နိုင်လောက်အောင် များပြားလှသော နတ်, ဗြဟ္မာ, အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒ္ဓါ လွန်ကြူးစွာဖြင့် ခြေတော်ဦးခိုက် ပူဇော်ကြလေပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်မှသာ ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ, ဖြစ်ကြောင်း ပေါ်လွင်လာပေသည်။ နတ်ပရိသတ် ဗြဟ္မာပရိသတ်တို့ သိလာကြသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ဘုရားဖြစ်သည်နှင့် တပြိုင်နက် တုဘက်ကင်း ပြိုင်ဘက်ကင်းသည့် ဉာဏ်တော်ရှင် တန်ခိုးတော်ရှင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ကား မှန်၏။ သို့ရာတွင် ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်တော်မူသည့်အခါမှသာ ထိုသတ္တိများ ပေါ်လွင်လာပေသည်။

( ပဋ္ဌာန်းဒေသနာတော်၏ မျက်မှောက်အကျိုး )
သို့ဖြစ်သောကြောင့် ကောင်းရာမြတ်နိုး၊ ကောင်းအောင်ကြိုးပမ်း-နေသူတို့အတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးစေသည့် ပဋ္ဌာန်းဒေသနာတော်ကြီးကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ကြရပေမည်။

သို့မှသာ မိမိတို့သန္တာန်၌ ကိန်းအောင်းနေသော ဉာဏအား, ကာယအား အစွမ်းသတ္တိတို့ ပေါ်လွင်မည်။ ထွန်းတောက်မည်။ ထက်မြက်မည်။ ပေါ်လွင် ထက်မြက်သည့် ဉာဏ်အား, ကိုယ်အား, စိတ်အားရှိသည့် အတိုင်းလည်း မြော်မှန်းသည့် ကောင်းကျိုးဟူသမျှ အခါမလင့် မျက်မှောက် ချက်ခြင်းပင် ဖြစ်ထွန်းကာ အောင်ပန်း ဆွတ်ခူးနိုင်ကြရပေမည်။

ထို့ကြောင့် ဖြူစင်ကောင်းမြတ်သည့် စေတနာရှင်တို့သည် မိမိတို့မြော်မှန်းသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင် ရရှိနိုင်ကြစေရန် ရည်သန်၍ ပဋ္ဌာန်းဥဒ္ဒေသ၊ ပဋ္ဌာန်းနိဒ္ဒေသ ပါဠိတော် တို့ကို ဖြန့်ဖြူးလိုက်ရပေသည်။ ဓမ္မပူဇာ အခါမလပ် ထက်ကြပ်မကွာ ပြုနိုင်ကြပါစေသတည်း။

No comments: