( လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည် )
လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ် ၁၉၂၀-ပြည့်နှစ်၌ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်ကြီးအချို့က လယ်တီဆရာတော်ဘုရားကြီးအား မိမိတို့ နားလည်လိုသည့် ဗုဒ္ဓတရားတော်ဆိုင်ရာ ပုစ္ဆာများကို မေးမြန်းကြပါသည်။ ယင်းပုစ္ဆာများကို ၁၉၂၀-ပြည့်နှစ် နိုဝင်ဘာလထုတ် ကိုလံဘိုမြို့ ဗုဒ္ဓဘာသာသတင်းစာတွင် ဖော်ပြထားပါသည်။
( မေး )
ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခွဲခြားခြင်း မရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်ပါမည်နည်း။
ရှေးဦးစွာ ဗုဒ္ဓဘာသာ၌ ဒေသနာအပြား, သာသနာအပြားကို ပြဆိုရာ၏။
ဒေသနာသည် ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာ-ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုတွင်-
၁။ ဝေါဟာရဒေသနာ-ဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ရှိသည်၊ သတ္တ၀ါရှိသည်၊ အတ္တရှိသည်၊ ဇီဝ ရှိသည်-ဟု လောကီဘုံသား လူအများတို့ မှတ်ယူပြောဆိုကြသော စကားမျိုးသည် ဝေါဟာရမည်၏။ ထိုဝေါဟာရ ရှိကြသည့်အတိုင်း ဟောတော်မူသော ၀ိနည်းဒေသနာ၊ သုတ္တန်ဒေသနာများသည် ဝေါဟာရဒေသနာမည်၏။
၂။ ပရမတ္ထ ဒေသနာ ဆိုသည်ကား-လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တ၀ါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာရှိသည်-ဟု ဟောတော်မူသော အဘိဓမ္မာဒေသနာတော်သည် ပရမတ္ထဒေသနာ မည်၏။
အဓိသီလ သာသနာ, အဓိစိတ္တ သာသနာ, အဓိပညာ သာသနာ-ဟူ၍ သာသနာအပြား သုံးပါးရှိ၏။ ထိုတွင်-
၁။ သူ၏အသက်ကို မသတ်အပ်၊ သူ၏ဥစ္စာကို မခိုးအပ်-အစရှိသည်ဖြင့် ဆုံးမတော်မူသော သာသနာသည် အဓိသီလ သာသနာမည်၏။
၂။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အစရှိသည်ဖြင့် ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တ သာသနာမည်၏။
၃။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ အတ္တ၊ ဇီဝ၊ ဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာ ရှိ၏။ ထိုရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစု သည်လည်း အနိစ္စသာဖြစ်၏။ ဒုက္ခသာဖြစ်၏၊ အနတ္တသာဖြစ်၏၊-ဟု ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိပညာ သာသနာမည်၏။
ထိုတွင် အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ၊ နှစ်ပါးသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏။
အဓိပညာ သာသနာသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာဖြစ်၏။
( ဖြေ )
ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းမရှိ-ဟူသော စကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း။ ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း-ဟူသော စကားသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာပေတည်း။
အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ-ဟူသော သီလ၀ိသုဒ္ဓိ စိတ္တ၀ိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာကို လွှတ်၍ဆိုခြင်းငှါ မတတ်ကောင်း၊
အဓိပညာ သာသနာဟူသော ဒိဋ္ဌိဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာနှင့် ပြဆိုခြင်းငှါ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ ဆိုင်ရာသာဖြစ်၏။
ပုစ္ဆာ၌မူကား ဝေါဟာရဒေသနာအရာနှင့် ပရမတ္ထဒေသနာအရာ ထွေးယှက်လျက်ရှိ၏။ အထက်က ပြောဆိုခဲ့သော ဒေသနာအပြား၊ သာသနာအပြား နှင့် ထောက်ထား၍ ယူလေ။
*******************************************************************************
( မေး )
ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းရှိလျှင် ၄င်းသဘောတရားသည် အနိစ္စ သဘောတရားနှင့် ညီညွတ်ပါ၏လား။
( ဖြေ )
ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး မည်သည် တဘ၀မှာ တခါသာ သေမြဲဖြစ်၏။ တဘ၀မှာ အခါခါ သေသည်ဟူ၍ မရှိ။ အနိစ္စမျိုး မည်၏။ ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား ရုပ်တရား၊ နာမ်တရားတို့၏ ချုပ်ခြင်းကို ဆိုလိုသည်။ ထိုရုပ်တရား နာမ်တရားတို့၏ ချုပ်ခြင်းမည်သည် မျက်တောင်တခတ်၊ လျှပ်တပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏ ပျက်၏။ ထို့ကြောင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ အမှန် မရှိပါ။
ဧကန်ရှိ ယူခဲ့လျှင် အနိစ္စ၀ိပဿနာဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။
အနိစ္စ၀ိပဿနာဉာဏ်ကို ပေါက်ရောက်လျှင် ထိုအယူသည် ပျက်၏။ ထိုအယူပျက်မှပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်နိုင်၏။
********************************************************************************
( မေး )
နိဗ္ဗာန်သည် ဘာဝလော၊ အဘာဝလော အနက်အဓိပ္ပါယ်နှင့် တကွ ဖြေဆိုပါ။
( ဖြေ )
နိဗ္ဗာန်သည် ဘာဝလည်းဟုတ်၏။ အဘာဝလည်း ဟုတ်၏။
ထိုတွင် ဘာဝဟုတ်ပုံကား မဂ်ဉာဏ်လေးပါးသို့ ဆိုက်ရောက်သောအခါ ကိလေသာတရားတို့၏ ချုပ်ငြိမ်းမှု မည်သည် ဧကန်ရှိ၏။ အမှန်ရှိ၏။ ထိုချုပ်ငြိမ်းမှုကိုပင်လျှင် သန္တိသဘောဟု ခေါ်၏။
ထိုချုပ်ငြိမ်းမှု ဧကန်ရှိသောကြောင့် နိဗ္ဗာန်သည် ဘာဝဟုတ်၏။
အဘာဝဟုတ်ပုံကား-နိဗ္ဗာန်၌ ကိလေသာတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏။
အဓိပ္ပါယ်ကား-ကိလေသာတရား၊ သင်္ခါရတရားတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏။ ချုပ်ငြိမ်းမှု ဧကန်ရှိခြင်းကြောင့် ဘာဝဟုတ်၏-ဟူလိုသည်။
*********************************************************************************
( မေး )
စိတ်အစဉ်တို့သည် သေသည့်အခါ၌ ကျိုးပြတ်ခြင်း ဖြစ်ပါသလား။ အနက်အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ။
( ဖြေ )
အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေရသော သတ္တ၀ါ၏ စိတ်အစဉ်သည် အသညသတ်ဘုံမှာဖြစ်ခိုက် နိရောဓသမာပတ် ၀င်စားခိုက်တို့၌ စိတ်အစဉ် ရပ်တန့်၏။ ဤမှတပါး စိတ်အစဉ်တို့သည် သေသည့်အခါ၌ုပြတ်သည်ဟူ၍ မရှိ။ စုတိနောင် ပဋိသန္ဓေဖြစ်မြဲ အစဉ်အတိုင်း ဖြစ်၏။ ဘုရားရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသော အခါမှသာလျှင် စိတ်အစဉ်ပြတ်၏။
( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )
Thursday, June 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment