အရှင်တိဿသည် မိမိနှင့်အတူ ရဟန်းပြုခဲ့ကြသော မိတ်ဆွေရဟန်းများ တောသို့ဝင်၍ တရားအားထုတ်သွားကြလေသည်။ မိမိကမူ ဇေတ၀န်ကျောင်းတော်မှာပင် နေချန်ရစ်ခဲ့၏။ တောဝင်ရဟန်းများသည် ဘုရားရှင်သင်ပေးလိုက်သော တရားများကို ကြိုးစားအားထုတ်ရာ အားလုံး ရဟန္တာဖြစ်ကြသည်။ ထို့နောက် ဘုရားရှင်ထံလာရောက်၍ ဖူးမြော်ကန်တော့ကြသည်။ ရှင်တော်ဘုရားက ၀မ်းမြောက်စွာ ဆီးကြို၍ ချီးကျူးတော်မူ၏။
ဤတွင်မှ အရှင်တိဿသည် နောင်တရလာ၏။ ဘုရားရှင်သည် ငါ့အား မဂ်ဖိုလ်မရသဖြင့် စကားမဆို၊ ငါသည် မဂ်ဖိုလ် မရမချင်း မနေမနား ကြိုးစားကျင့်တော့မည်။ သို့မှ ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဟု စိတ်ကူးကာ တညလုံး တရားကို ကြိုးစားအားထုတ်သည်။ ထိုင်လိုက်၊ စင်္ကြံသွားလိုက်ဖြင့် အပူတပြင်း ကမ္မဋ္ဌာန်း တရား ပွားများ၏။ ပင်ပန်းနွမ်းနယ် ငိုက်မျဉ်းလာသောအခါ စင်္ကြံဦး ကျောက်ဖျာအနီးတွင် လမ်းလျှောက်၏။ ထိုစဉ် အရှင်တိဿသည် ကျောက်ဖျာစွန်းနှင့်တိုက်မိပြီး လဲကျသဖြင့် ပေါင်ရိုးကျိုးသွားလေသည်။ အရှင်တိဿ၏ အော်သံကြား၍ ရဟန်းများ လာရောက်ပြုစုကြစဉ် အရုဏ်တက်လာ၏။ ထိုရဟန်းတို့သည် ရွာတရွာမှ ဆွမ်းစားပင့်ထားသော်လည်း အရှင်တိဿကို ပြုစုနေရသဖြင့် မသွားနိုင်ကြတော့ချေ။ ထိုအကြောင်းကို ရှင်တော်ဘုရား သိတော်မူ၍ အောက်ပါဂါထာကို ဟောတော်မူလေသည်။
( ပါဠိဂါထာ )
ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော ၊
ယုဝါ ဗလီ အာလသိယံ ဥပေတော ။
သံသန္နသင်္ကပ္ပမနော ကုသီတော ၊
ပညာယ မဂ္ဂံ အလသော န ၀ိန္ဒတိ ။
( မြန်မာပြန် )
ပျိုမြစ်နုထွား ခွန်အားပြည့်စုံပါသော်လည်း လုံ့လပြုသင့်သောအချိန်၌ လုံ့လပြုမှုမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံဝိတက် များနေတတ်သူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယာမဂ်ကို မရနိုင်။
( ဆောင်ပုဒ် )
ပျိုမြစ်နုထွား၊ ခွန်အားအပြည့်၊ ရှိလေဘိလည်း၊ မရှိလုံ့လ၊ ထကြွမှုကင်း၊ ထိုင်းမှိုင်းပျင်း၍၊ စိတ်တွင်းဝိတက်၊ ဖြာထွက်ပွားထူ၊ ထိုပျင်းသူမှာ၊ ပညာဖြင့်သာ၊ ရနိုင်ရာသည့်၊ အရိယာမဂ်၊ ရရန် ခက်၏။
( မဂ္ဂ၀ဂ်-ပဓာန ကမ္မိက တိဿတ္ထေရ၀တ္ထု )
Sunday, June 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment