Monday, June 15, 2009

ပန်းနာရင်ကျပ်

ချောင်းဆိုးရောဂါသည် ကျယ်ဝန်း၏။ ချောင်းဆိုးပုံ သဘာဝကို လိုက်ပြီး အမည်အမျိုးမျိုး မှည့်ခေါ်ကြ၏။
ပန်းနာရင်ကျပ်၊
ပန်းနာချောင်းဆိုး၊
ချောင်းဆိုးရင်ကျပ်၊
သလိပ်ကပ်ချောင်းဆိုး၊
ချွဲကပ်ချောင်းဆိုး၊
ချောင်းဆိုးသွေးပါ၊
အဆုပ်ပွချောင်းဆိုး၊
ရက် ၁၀၀-ချောင်း၊
အပူချောင်း၊
အအေးချောင်း၊
စသည် စသည်တို့ ဖြစ်ကြပါ၏။

မည်သို့ပင် အမည်အမျိုးမျိုး ပုံဖော် မှည့်ခေါ်စေကာမူ အဓိကအကြောင်းမှာ လူ၏အဆုတ်ကို အခြေခံ၍ဖြစ်သော ရောဂါများချည်းသာ ဖြစ်ကြ၏။ အဆုတ်တွင် တည်ဆောက်ထားသော အခြေခံဓာတ်သဘောတို့မှာ
လေ (၀ါယောဓာတ်)နှင့် သွေး-ရေ (အာပေါဓာတ်) နှစ်ပါးကသာလျှင် ပဓာနဖြစ်၏။ ကျန်ဓာတ်တို့သည် သာမညမျှသာ ဖြစ်ပါ၏။

ထိုဓာတ်နှစ်ပါး ဖြစ်သည့် လေ (၀ါယောဓာတ်) နှင့် သွေး-ရေ (အာပေါဓာတ်) တို့သည်လည်း ကံ-စိတ်-ဥတု- အာဟာရ-ဟူသော အကြောင်းလေးတန် အခြေခံ၍ လွန်ခြင်း၊ ယုတ်ခြင်း၊ နည်းခြင်း၊ များခြင်း၊ ပွားခြင်း၊ ခန်းခြင်းတို့ ဖြစ်ပေါ်ကြရ၏။
သွေး-ရေ (အာပေါဓာတ်) သည် ကံ-စိတ်-ဥတု-အာဟာရ-အကြောင်းလေးပါးအနက် အာဟာရသည် ပဓာနအကြောင်းဖြစ်၏။ ကျန်အကြောင်းသုံးပါးတို့သည် သာမညဖြစ်ကြ၏။ (အာပေါဓာတုသအာဟာရာ) ဟူ၍ ရှေးသမားစဉ်ဆက် ပညာရှင်တို့ လက်ခံကျင့်သုံးခဲ့ကြ၏။ အာဟာရကို သင့်မြတ်အောင် မမှီဝဲတတ်ခြင်း၊ အတိုင်းအရှည်မဲ့ခြင်း၊ အကြိမ်လွန်ခြင်း၊ အချိန်လွန်ခြင်း၊ ညက်ညက်ဝါးမစားခြင်း စသော ချို့ယွင်းမှုများကြောင့် အာပေါဓာတ်သည် လွန်ခြင်း၊ ယုတ်ခြင်း-နှစ်ပါးအနက် တပါးပါးဖြစ်ရတော့၏။

လွန်လျှင်ကား အကြောင်းမဟုတ်၊ အချိန်တန်လျှင် ပျက်သွားပေမည်၊ လျော့ခြင်း-ရှောင်ခြင်း တို့ဖြင့် လွယ်လွယ်ကူကူ သက်သာခွင့်ရစေနိုင်ပါသည်။ လူကို နှိပ်စက်ငြိုငြင်သောရောဂါသို့ မကူးပြောင်းနိုင်ပါ။
ထိုအာပေါဓာတ် ယုတ်လျော့ပြီး လူသားတယောက်တွင် ရှိသင့်သည့် အတိုင်းအတာ မပြည့်မီသောအခါ၊ အာပေါဓာတ်သည် သလိပ်-ဟူသော အသွင်ဖြင့် သလိပ်ကပ်-ချောင်းဆိုး စတင်ဖြစ်ပါတော့သည်။

( ၁ ) သလိပ်ကပ်ချောင်းဆိုး
သလိပ်ကပ်ချောင်းဆိုး ဒိဋ္ဌနိမိတ်ပြ လက္ခဏာများမျာ-
သလိပ်များသည် ကျောက်ကျောကဲ့သို့ စေးပြစ်ခြင်း၊
သာကူစေ့များကဲ့သို့ အတစ်အတစ်များ ဖြစ်စေခြင်း၊
ကလေးလူငယ်များဖြစ်လျှင် ကျောပူ ခေါင်းပူ မကြာမကြာထခြင်းနှင့်ခြေဖျား လက်ဖျားများ အေးခြင်း၊
အမျိုးသမီးများဖြစ်လျှင် ရာသီပန်း နောက်ကျတတ်ခြင်း၊
လ-ကျော်တတ်ခြင်း၊ ရာသီဖြူ ဆင်းခြင်းများ ဖြစ်တတ်၏။

အမျိုးသားများဖြစ်လျှင် မကြာမကြာ ဖျားတတ်ခြင်း၊
အဆစ်အမြစ်များ ညောင်းညာကိုက်ခဲ ရောင်ရမ်းတတ်ခြင်း၊
ကျား-မ ကလေးသူငယ်မရွေး အစာစားပြီးစအချိန်များတွင် ထူးထူးခြားခြား ချောင်းဆိုးတတ်ခြင်း၊
အိပ်ရာဝင်ချိန်များတွင် ချောင်း-ပို၍ ဆိုးတတ်ခြင်း၊
ချောင်းဆိုးသောအခါ ပြတ်တောင်း ပြတ်တောင်း ဆိုးတတ်ခြင်း။

ဤထင်ရှားသော လက္ခဏာများ ပေါ်လာလျှင် အောက်ပါ အကြံပြုညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်သင့်၏။
အစာကို အချိန်မှန်မှန် စားခြင်း၊ အစာကို မျှတရုံသာ စားသင့်၏၊ ပိုလွန်၍ မစားသင့်၊ ညက်ညက် ၀ါးစားသင့်၏၊ ချို-ဆိမ့် လွန်သော မြေပဲ အုန်းသီး အုန်းနို့ခေါက်ဆွဲ အုန်းထမင်း ဒံပေါက် ချောကလက် ထောပတ် ထန်းမြစ် ပဲမြစ် အိုက်စကရင် ဘဲသားအရည်ခွံ ၀က်ဆီနှင့် ၀မ်းဗျဉ်းဗိုက်သားများ လုံးဝရှောင်ရမည်။

မှီဝဲသင့်သည်များမှာ-
မည်သည့်အစာကို မဆို နူးနူးနပ်နပ် ချက်ပြီးမှ စားသင့်ပါသည်။ ပြုတ်ခြင်း၊ နှပ်ခြင်း၊ ပေါင်းခြင်း၊ ပြုလုပ်၍ စားသုံးသင့်ပါသည်။ အစာစားပြီးစတွင် ရေကို များများမသောက်သင့်ပါ။ ချောင်းဆိုးချင်စိတ် ပေါ်လာတိုင်း ရေကိုနည်းနည်းချင်း သောက်ပေးသင့်ပါသည်။ ခရီးသွားလျှင်သော်မှ ရေဘူးကို သတိမမေ့သင့်ပါ။

( ၂ ) လေကျပ်ချောင်းဆိုး
လေ (၀ါယောဓာတ်) သည် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးအနက် ဥတုသည် နီးစွာသောအကြောင်းဖြစ်၏။ ကျန်အကြောင်းသုံးပါးတို့သည် ဝေးစွာသောအကြောင်းများ ဖြစ်ကြ၏။ (၀ါယောဓာတု သဥတုရာ) ဟူ၍ ရှေးဆရာမြတ်တို့ အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြပါ၏။

လေကျပ်ချောင်းဆိုးသည် နွေ မိုး ဆောင်း ရာသီဥတုတခုမှ တခုသို့ ပြောင်းချိန်များတွင် ထင်ထင်ရှားရှား ဖြစ်တတ်ပါ၏။ ဥတုဆိုသည်မှာ အပူ (ဥဏှ) နှင့် အအေး (သီတ) ဓာတ်နှစ်ပါးတို့၏ အကူးအပြောင်းကြောင့်ပင် ဖြစ်ပါသည်။
ထိုလေကျပ်ချောင်းဆိုး၏ ဒိဋ္ဌနိမိတ်ပြ လက္ခဏာများမှာ သာမန်လူတို့ နားလည်ရန် ခက်ခဲလှ၏၊ မျပ်လှည့်ပြနေသလား-ဟူ၍ပင် ထင်ရလောက်၏။

အကောင်းပကတိမှ ရယ်လိုက်ရုံမျှဖြင့် သေကောင်ပေါင်းလဲ ကျပ်သွားတတ်၏။
အမှတ်မထင် တံမြက်လှည်းသည့် ဖုန်မှုန့်ရှူရုံမျှဖြင့်လည်း ချွေးစေးပြန်လောက်အောင် ကျပ်တတ်၏။
အိပ်ရာမှအထ ခြင်ထောင်အပြင်ထွက်လိုက်သည်နှင့် ကောက်ရလိုက်သလို တနေကုန် တနေခန်း ကျပ်သွားတတ်၏။
လည်ချောင်းအတွင်း နားကြပ်တောင်နှင့် ကြပ်သကဲ့သို့ မခံချိ မခံသာအောင် ယား၍လည်း မထိန်းနိုင်၊ မသိမ်းနိုင်၊ ချောင်း ဆက်တိုက်ဆိုးတတ်ပေသေး၏။ လူတောထဲတွင် အောင့်ထား၍ မရ၊ ရုပ်ဆိုးလှ၏။
နံနက်-နေ့-ည အချိန်မရှိ လေပွေတိုက်သလို အချိန်မရွေး နှုတ်မဆက်ဘဲ ကျပ်တတ်၏။
ရေမချိုးမီ အကောင်းပကတိ၊ ရေချိုးပြီးသည်နှင့် သစ်ကိုင်းပေါ် ငှက်နားလိုက်သလို မဖိတ်ခေါ်ဘဲ ရောက်လာတတ်၏။
တံတွေး၊ သလိပ်၊ ချွဲများ ထွေးထုတ်လိုက်သောအခါ အမြှုပ်များ တစီစီနှင့် ထွက်လာတတ်၏။
တခါတရံ အရည်ကြည် ချွဲချွဲများ ထွက်၏။

ထိုရင်ကျပ်ချောင်းဆိုး ဝေဒနာအတွက် သက်သာ၊ ချမ်းသာခွင့် ရရန်မှာ မသိလျှင် အလွန်ကျယ်၏။ မြစ်အလျားလိုက် ကူးသလို ဖြစ်နေတတ်၏။ သိလျှင်လွယ်ကူ၏။ အချိန်နာရီ စောင့်ရန်မလို၊ ခရီးဝေးလျှောက်ရန် မလို၊ အောက်ပါအချက်များကို စနစ်တကျ ယုံယုံကြည်ကြည်နှင့် ရိုရိုသေသေ လိုက်နာရန်သာ လိုပါ၏။

စိတ်ကို သတိနှင့် ယှဉ်ပြီး အေးအေးဆေးဆေး ထားပါ၊ သည်ရောဂါကြောင့် မိမိမသေနိုင်ကြောင်း စိတ်ဓာတ် လုံခြုံနေပါစေ၊ ပျာလောင် ပျာလောင် မလုပ်ပါနဲ့။ လုပ်လက်စအလုပ်များရှိလျှင် ခေတ္တရပ်ပြီး မျက်နှာလွှဲထားလိုက်ပါ။

လေကောင်းလေသန့်ရနိုင်သော နေရာမှာ ရင်ကို ဖွင့်ပြီး အသက်ကို နှာခေါင်းမှ ရှည်ရှည်၊ နှေးနှေး၊ ဖြည်းဖြည်း ရှူသွင်းပါ။ ပြန်ထုတ်လျှင် ပါးစပ်မှ ထုတ်ပါ။ အနည်းဆုံး ၇-ကြိမ်မှ ၂၁-ကြိမ် အထိ ကြောင့်ကြစိုက်ပြီး ရှူလိုက်ပါ။
ရေမချိုးမီ ရေသောက်ပါ။ ဆီးသွားပြီးမှ ရေချိုးပါ။ ရေကို ခြေအစွန်အဖျား၊ လက်အစွန်အဖျားများမှ ဖြည်းဖြည်းချင်း တိုး၍တိုး၍ လောင်းပြီးချိုးသည့် အကျင့်ကို မိမိ၏ ကိုယ်ပိုင်စရိုက် တခုဖြစ်အောင် လေ့ကျင့်ထားပါ။

အမွှေးနံ့သာ၊ ပေါင်ဒါမှုန့်တို့ကို မိမိနှင့် သင့်-မသင့် ဉာဏ်ယှဉ်ပြီး သတိရှိရှိဖြင့် သုံးစွဲပါ။
အစားအစာများကို မာမာကျောကျောနှင့် ကြေခဲ၊ ကျက်ခဲသော အစာများကို ရှောင်ပါ၊ အထူးသဖြင့် ရာသီတခုမှ တခု ပြောင်းချိန်များတွင် အကြော်၊ အလှော်၊ မီးဖုတ်၊ အကင်၊ ကြပ်တိုက်၊ မီးအုံး အစာများကို အန္တရာယ်ပေးစေတတ်သော အဆိပ်ကဲ့သို့ပင် သဘောထားပြီး ရှောင်ပါ။

ချဉ်၊ ခါး၊ ရသာဓာတ်များကို မှန်မှန်မှီဝဲပါ။ အခါးဆိုရာ၌ ပူခါးရသာဓာတ်ရှိသော တမာ၊ ကြောင်လျှာ၊ ရဲယိုကဲ့သို့ ပူခါးများကို ရှောင်ပြီး အေးခါးရသာရှိသော ခွေးတောက်၊ ကန့်ကလာ၊ မဲဇလီ၊ ကနဖော့၊ ဧကရာဇ်၊ ပြည်ပန်းညို၊ ငရံ့ပတူ၊ ခံတက်၊ တောင်ဆီးဖြူ၊ ပေါက်ပန်းဖြူ၊ ဟင်းနုနယ်ကဲ့သို့ အသီးအရွက်များကို မှန်မှန်မှီဝဲရပါမည်။

ဆေးလိပ်မျိုးစုံသည် လေကျပ်ချောင်းဆိုးရောဂါအတွက် အမွေဖြတ် ကြော်ငြာသကဲ့သို့ ကြော်ငြာပြီး ရှောင်ရှားရမည့် အဓိကအချက် ဖြစ်ပါသည်။ အရောင်ဆိုးဆေးနှင့် ဆေးသကြားပါသော အစာများကို ရန်သူကဲ့သို့ ရှောင်ရပါမည်။

( ၃ ) ချွဲကျပ်ချောင်းဆိုး ( ပန်းနာရင်ကျပ် )
အထက်ကဖော်ပြခဲ့သည့် (၁) သလိပ်ကပ် ချောင်းဆိုး (၂) လေကျပ်ချောင်းဆိုး ရောဂါတို့ကို အချိန်မီ မကာကွယ် မတားဆီးခဲ့လျှင် ဖြစ်စေ၊ မှားမှားယွင်းယွင်း နည်းမမှန်၊ လမ်းမမှန် ကုသခဲ့လျှင် ဖြစ်စေ၊ ဆရာကောင်း သမားကောင်းတို့၏ ညွှန်ကြားမှုကို စနစ်တကျ မလိုက်နာခဲ့လျှင် ဖြစ်စေ၊ လေ (၀ါယောဓာတ်) နှင့် သလိပ် (အာပေါဓာတ်) တို့ ပူးပေါင်းကာ ချွဲ-အဖြစ် ကူးပြောင်းပေတော့၏။ အလွန်ညစ်ညမ်းသော မလအဖြစ် ပေါက်ပွားပေတော့၏။( လေသံယောဂေါ၊ အာပေါအာကာသ) ဟူ၍ အထက်တန်းကျသော ဆေးပညာရှင်များက ရှေးကလည်း လက်ခံခဲ့ကြပါ၏။ ယခုလည်း လက်ခံဆဲပင်၊ နောင်လည်း လက်ခံနေရဦးမည်သာ။

ထိုလေ (၀ါယောဓာတ်) နှင့် သလိပ် (အာပေါဓာတ်) တို့မှ ပေါက်ပွားလာသော ချွဲ-ဆိုသော ချွဲသည် ကျပ်-၍လည်း နှိပ်စက်တတ်၏။ ကပ်-၍လည်း နှိပ်စက်တတ်၏။ ထိုချွဲသည် ကျပ်လည်းကျပ်-ကပ်လည်းကပ်-ပြီး မခံသာအောင်အထိ နှိပ်စက်ညှဉ်းပန်းလာသောအခါ ဝေဒနာရှင်သည် သေလုနီးပါး ပြင်းပြင်းထန်ထန် ခံစားရတော့၏။ ထိုအခါ ပန်းလည်းပန်း-ပါ၏။ နာလည်းနာ-ပါ၏။ ထို့ကြောင့် ပန်းနာရင်ကျပ်-ဟူ၍ ခေတ်အဆက်ဆက် အမည်တပ်ခဲ့ကြသည်မဟုတ်လော။

ပန်းနာ-ရင်ကျပ်ရောဂါအဆင့်သို့ ရောက်မှ ကုသမည်ဆိုလျှင် ငြိုငြင်ပင်ပန်းစွာ ကုသရ၏။ အမြစ်ပြတ်ပျောက်ကင်းရန် အလွန်တတ်ကျွမ်း ၀ါရင့်သော သမားများနှင့် အနီးကပ် ကြီးကြပ်ညွှန်ကြားမှု ရယူမှသာ သက်သာခွင့်ရ၏။ ထို့ကြောင့် ပန်းနာ-ရင်ကျပ် အဆင့်သို့ မရောက်မီ သလိပ်ကပ်ချောင်းဆိုး အဆင့်၊ လေကျပ်ချောင်းဆိုး အဆင့်တို့မှာပင် စနစ်တကျ ကြိုတင်ကာကွယ်ခြင်းဖြင့် ပန်းနာ-ရင်ကျပ် ဝေဒနာရှင်အဖြစ် မရောက်ရလေအောင် ကြိုတင်ကာကွယ်နိုင်ကြစေရန် မေတ္တာစိတ်ဖြင့် ရေးသားအပ်ပါသတည်း။

အစာဝ၊ အနာကင်း၊ ဘယာရှင်းကြပါစေ။

ဆရာ ဦးရန်အောင်

No comments: