Wednesday, June 10, 2009

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

ပတ်ဝန်းကျင် လူအပေါင်းနှင့်ဆက်ဆံ၍ စုဝေးနေထိုင်ကြသော ရဟန်း-ရှင်-လူ ယောက်ျား မိန်းမတိုင်း အသိုင်းအ၀န်းနှင့် သင့်တင့်လျောက်ပတ်စွာ တွေ့ဆုံပြောဆိုမှု ပြုမူနေထိုင်တတ်ရန် အရေးကြီးသည်ကို အထူးဖော်ပြရန် မလိုတော့ပါ။ တောထဲတွင် နိဗ္ဗာန်ကို ရှေးရှု၍ ဧကစာကျင့်သောသူတော်စင် မဟုတ်လျှင် လူအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး၊ စရိုက်အမျိုးမျိုးနှင့် တွေ့ဆုံဆက်ဆံရမည်ဖြစ်ရာ လူကဲခတ်တတ်ရန်နှင့် မှန်ကန်သော မေတ္တာစိတ်၊ သည်းခံခွင့်လွှတ်သောစိတ် ထားတတ်ရန် လိုအပ်လှပါသည်။

ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူသော မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးသည် မေတ္တာစိတ်ထား၍ ချမ်းမြေ့ပုံ မြင့်မြတ်ပုံ အကျိုးများပုံတို့ကို မကြာခဏ ဟောကြားသွန်သင်တော်မူခဲ့ပါသည်။ ဆရာတော်ကြီးသည် ပဋိသမ္ဘိမဂ် ပါဠိတော်လာ ဒိသာဖရဏမေတ္တာပွားနည်း ၁၀-နည်းနှင့်၊ မေတ္တသုတ်ပရိတ်တော်လာ မေတ္တာပွားနည်း၊ ၁၁-နည်းကို မကြာခဏ ဟောကြားတော်မူလေ့ရှိပါသည်။ အကျယ်ကို ဤနေရာတွင် မဖော်ပြနိုင်၍ အဓိကကျသောအချက်ကို အနည်းငယ်သာ ဖော်ပြလိုက်ပါသည်။ ဆရာတော်ကြီး၏ ဆုံးမချက်မှာ-

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

လှည့်ပတ်ခြင်း၊ အထင်သေးခြင်း၊ ဆင်းရဲရောက်စေခြင်းတို့၏ မြစ်ဖျားခံရာမှာ မာယာ သာဌေယျတရားတို့ ဖြစ်သည်။
မာယာဟူသည်မှာ မိမိမှာ အပြစ်ရှိနေပါလျက် မရှိသလို ဟန်ဆောင်ဖုံးကွယ်ခြင်း၊
တဖက်သားကို မျက်နှာချိုသွေးကာ လှည့်ပတ်ဖုံးကွယ်ခြင်း၊
မျက်နှာပြောင်တိုက်ကာ အရေးမစိုက်သလို ဟန်ဆောင်ဖုံးကွယ်ခြင်း၊
ခြိမ်းခြောက်ဖုံးကွယ်ခြင်း စသည်ဖြင့် လှည့်ကွက်များလှပေသည်။

သာဌေယျဟူသည် ကောက်ကျစ်စဉ်းလဲမှုဖြစ်၏။
အခြားသူများ အထင်ကြီးအောင် ကိုယ့်မှာမရှိသော ဂုဏ်ကို ရှိဟန်ဆောင်ခြင်း၊
စာပေမတတ်သော်လည်း တတ်ယောင်ကား ဟန်ဆောင်ခြင်း၊
ကိုယ်ကျင့်သီလမရှိဘဲ ရှိလေဟန်ဆောင်ခြင်း၊
နည်းအမျိုးမျိုးနှင့် သွေးဆောင်စည်းရုံပြီး မမှန်ကန်သော အယူဝါဒများကို သိလျက်နှင့် ကိုယ်ကျိုးအတွက် လှည့်ပတ်ဖြားယောင်းခြင်းများ ပါဝင်သည်။

မာယာမျိုးစုံနှင့် အပြစ်ကို ဖုံးကွယ်ပြီး၊ သာဌေယျမျိုးစုံနှင့် အခြားသူအထင်ကြီးအောင် မရှိသောဂုဏ်၊ မရှိသော အရည်အချင်း၊ မရှိသော စွမ်းရည်များကို သုံး၍ လှည့်ပတ်သူများသည် သူကိုယ်တိုင် အကုသိုလ်ပွားရုံသာမက သူတပါးကိုပါ လမ်းလွဲသို့ ရောက်စေနိုင်သောကြောင့် ဤဘ၀တွင်သာမက နောင်သံသရာတလျှောက်လုံး များစွာ အကျိုးမဲ့ကို ဖြစ်စေပါလိမ့်မည်။ ထို့ကြောင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၏ အဆုံးအမအတိုင်း-

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

No comments: