ဗုဒ္ဓသာသနာတော်၌ တည်ကြကုန်သော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့သည် ဘုရားရှင်ဟောကြားသော တရားတော်များကို အခွင့်ကြုံတိုင်း နာယူကြရုံမျှမက တခါတရံ သူတို့တွေးကြံ၍မရသော ပုစ္ဆာများကိုလည်း ချဉ်းကပ်မေးမြန်းကြကုန်၏။
အခါတပါးတွင် နတ်သားတယောက်သည် ဗုဒ္ဓထံလာရောက်၍ ပုစ္ဆာလေးမျိုး မေးလျှောက်ရာ မှတ်သားလိုက်နာဘွယ် ကောင်းလှပါသည်။
( ၁ ) ကိံသု ယာဝ ဇရာ သာဓု-မြတ်စွာဘုရား သတ္တ၀ါတွေမှာ ငယ်ငယ်ကစပြီး သေခါနီးအထိ အချိန်မရွေး ဆင်မြန်းရန် အကောင်းဆုံးတရားသည် အဘယ်ပါနည်း။
( ၂ ) ကိံသု သာဓု ပတိဋ္ဌိတာ-သတ္တ၀ါတို့၏ တည်ရာ မှီရာ ဖြစ်သော တရားသည် အဘယ်ပါနည်း။
( ၃ ) ကိံသု နရာနံ ရတနံ-သတ္တ၀ါတို့၏အမြတ်ဆုံးဟု ခေါ်ဆိုထိုက်သော ရတနာကား အဘယ်ပါနည်း။
( ၄ ) ကိံသု စောရေဟိ ဒူဟရံ-သူခိုးတို့သည် ခိုးယူခြင်းငှါ မတတ်နိုင်သော ပစ္စည်းကား အဘယ်ပါနည်း။
မြတ်စွာဘုရားက ဟောညွှန်ပြတော်မူသည်မှာ-
( ၁ ) ငယ်ရွယ်စဉ်ကစပြီး သေခါနီးအချိန်အထိ အချိန်မရွေး အမြဲဆင်မြန်းရန် ကောင်းသောတရားကား-သီလတည်း။
သံသရာမှထွက်မြောက်ရေး ပဋိပတ်ကျင့်စဉ်ကို သီလမရှိလျှင် မအောင်မြင်နိုင်ပါ။
( ၂ ) အကောင်းဆုံးမှီရာ၊ အားထားရာ တရားသည် သဒ္ဓါတရား ဖြစ်သည်။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မည်သူမဆို သဒ္ဓါတရားမှန်ကန်စွာရှိမှ အောင်မြင်ထမြောက်နိုင်သည်။
( ၃ ) သတ္တ၀ါတို့၏ အမြတ်ဆုံးရတနာကား ပညာဖြစ်သည်။
လောကီ လောကုတ္တရာ ပညာတတ်မြောက်မှ ဘယ်အရပ်မှာမဆို ဘယ်အသိုင်းအ၀ိုင်းမှာမဆို အောင်မြင်ကြီးပွားနိုင်သည်။
( ၄ ) လူဆိုး သူခိုးတို့ မယူနိုင်သော ပစ္စည်းကား ပုညခေါ် ကုသိုလ်ကောင်းမှု ဖြစ်သည်။
ကုသိုလ်ကောင်းမှု၏ အရှိန်အဟုန်သည် ဘ၀တိုင်းတွင် လိုက်ပါလျက် အကျိုးပေးနိုင်သည်။
ကောင်းသောသုဂတိ ဘ၀များကို ရရှိလျက် တဆင့်ထက်တဆင့် မြင့်မြတ်သော ကောင်းကျိုးတို့ ရရှိနိုင်သည်။
နတ်သားအား မြတ်ဗုဒ္ဓ ညွှန်ပြတော်မူသော တရားများကို မမေ့မလျော့ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။
Sunday, June 21, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment