Thursday, June 4, 2009

ဘာသာရေး ပြဿနာ ( ၁ )

( အရှင်ကောဝိဒ -ယော- ဖြေဆိုသည် )

( မေး )
၁။ စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
၂။ ယခုခေတ်တွင် ရဟန္တာဖြစ်နိုင်ပါသေးသလား၊ ကျမ်းအကိုးအကားဖြင့် ဖြေကြားပေးပါရန်နှင့် ရဟန္တာ ဟုတ်-မဟုတ်၊ ဘယ်လိုစမ်းသပ်ရပါမည်နည်း၊ ပညာရှင်များ ဖြေကြားပေးတော်မူကြရန် ဖြစ်ပါသည်။
( သိလိုသူတဦး )

( ဖြေ )
၁။ စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂) နတ် (၃) လူ-ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏-ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )

မိလိန္ဒပဥှာတွင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါသည်။
မင်းမြတ်၊ ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ဤမည်သော တန်ခိုးပြာဋိဟာသည် -စေတီ၌ ဖြစ်စေသတည်း-ဟု အဓိဋ္ဌာန်၏။ ထိုရဟန္တာ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ်၊ နောက်တမျိုးကား၊ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌-ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲခချီးမြှောက်အပ်သည်ဖြစ်လတံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတံ့-ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။

မင်းမြတ်၊ နောက်တမျိုးကား၊ မိန်းမမူလည်းဖြစ်စေ၊ ယောက်ျားမူလည်းဖြစ်စေ၊ ယုံကြည်မှုသဒ္ဓါ အားရှိသော ရတနာသုံးပါး၌ ကြည်ညိုတတ်သော ပညာရှိသော, လိမ္မာသော ထိုးထွင်းနိုင်သော ပညာရှိသော, အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကို၎င်း၊ ပန်းကို၎င်း၊ အ၀တ်ပုဆိုးကို၎င်း၊ တခုခုသော လှူဖွယ်ဝတ္ထုကို၎င်း၊ ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း-ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ( မိ-ပြန် ၃-၃၁၉ )

အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးတို့၏ အဓိဋ္ဌာန်ပြုခြင်း မရှိခဲ့သော် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ စေတီတော်၌သော်မှလည်း ရောင်ခြည်တော်လွှတ်ခြင်း စသော တန်ခိုးပြာဋိဟာသည် မဖြစ်။ သို့သော်လည်း အလွန်စင်ကြယ်သော အကျင့်ကိုမြင်၍ -ဤမြတ်စွာဘုရား သားတော်သည် ကောင်းစွာ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဟု သက်ဝင်အပ်၊ ဆုံးဖြတ်အပ်၊ ယုံကြည်အပ်၏-ဟု ဆက်လက်ပြီး အကြံပြုထားပါသည်။

မှန်ပါသည်၊ တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ ။ ( ၀ိမာန-၆၆ ) ဟူသည့်အတိုင်း မည်သည့စေတီပုထိုး၌မဆို သက်တော်ထင်ရှား ဘုရားရှင်တိုင်အောင် စိတ်ထားနိုင်လျှင် (သို့မဟုတ်) ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တိုင်အောင် အာရံပြုနိုင်လျှင် ရရှိမည့်အကျိုးတရားလည်း သက်တော်ထင်ရှားဘုရားရှင်ကို ဖူးတွေ့ရသည့်နည်းတူ ထပ်တူတပ်မျှပင် ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ မိမိပူဇော်မည့် စေတီပုထိုးက ရောင်ခြည်တော် လွှတ်-မလွှတ် တန်ခိုးကြီး-မကြီးက မဓိက မဟုတ်၊ မိမိ၏စေတနာအား, သဒ္ဓါအား ဉာဏ်အား ထက်-မထက်ကသာ အရေးကြီးပေသည်။

တဖန် အထက်ပါစေတီပုထိုး၌ ရောင်ခြည်တော်လွှတ်ခြင်းကိစ္စသည် သာမန်နတ်လူတို့အား အစဉ်သနားသဖြင့် မှေးမှိန်အားနည်းနေသော သဒ္ဓါတရားများ ထက်သန်လင်းလက်လာစေရန် ကြံဖန်အပ်သော အဓိဋ္ဌာန်အစွမ်း ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်၏။ စေတီပုထိုးတို့၏ ပကတိ အုတ် အင်္ဂတေ တို့၌ကား ရောင်ခြည်တော်ကွန့်မြူးနိုင်သော သဘာဝစွမ်းအားများ မရှိကြ။

သို့ရကား သက်တော်ထင်ရှား ပကတိသမ္ဗုဒ္ဓဘုရားရှင်၏ ဓာတ်ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးခြင်း အကြောင်းကိုလည်း လေ့လာမှတ်သားသင့်သေး၏။

ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာခြင်းသည် အဓိဋ္ဌာန်ကြောင့်ဖြစ်သော တန်ခိုးတော်မဟုတ်သလို ဘာဝနာကြောင့်ဖြစ်သော တန်ခိုးတော်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် အလွန်တရာ သိမ်မွေ့နက်နဲစွာသော အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရားရှင်၏ သန္တာန်၌ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားများ ဖြစ်ပွားလာလေ၏။ ( အခြားတရားများကို ဆင်ခြင်သုံးသပ်စဉ်က ဉာဏ်တော်ကြီးကကျယ်ဝန်းကြီးမားသလောက် တရားနည်းက ကျဉ်းလွန်းရကား ဉာဏ်ကျက်စားကွန့်မြူခွင့် မရသဖြင့် ယခုလောက် ပီတိဖြစ်ဖွယ် မရှိ ) ပီတိတရားဖြစ်ပွားမှုကြောင့် သွေးတော်များ ကြည်လင်လာ၏။ သွေးတော်ကြည်လင်ခြင်းကြောင့် ဟဒယ၀တ္ထုရုပ် ကြည်လင်လာ၏၊ ဟဒယ၀တ္ထုရုပ် ကြည်လင်ခြင်းကြောင့် အရေပ=အဆင်းတော် ကြည်လင်လာ၏။ အရေအဆင်းတော် ကြည်လင်ခြင်းကြောင့် စိတ်လျှင် အကြောင်းရင်း ရှိသော ဥတုကြောင့်ဖြစ်သော အဆင်းဓာတ်ရောင်ခြည်တော်များ ထွက်ပေါ်လာ၏။ ( အဘိ-ဋ္ဌ ၁၊ ၁၄၅ )

ဤတွင် ဘုရားရှင်၏ ကိုယ်တော်မှ ရောင်ခြည်တော်တို့သည် အပြင်သို့ထွက်လာကုန်၏-ဆိုရာ၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကား ကိုယ်မှအပြင်သို့ မထွက်နိုင်။ ထိုနှစ်သက်ကြည်လင်နေသော စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တွင် ဥတုပါဝင်၏။ ထိုဥတု (အပူဓာတ်၊ အအေးဓာတ်) သည် ရုပ်ကိုဖြစ်စေနိုင်၏။ ထိုဥတုဇ (ဥတုကြောင့်ဖြစ်သော) ရုပ်တွင် ဥတုပါဝင်ပြန်၏။ ထိုဥတုကလည်း ရုပ်ကိုဖြစ်စေပြန်သည်။ ဤသို့အားဖြင့် ဥတုဇရုပ် အဆက်ဆက်ဖြစ်သောအခါ ကိုယ်တော်မှအပြင်သို့ ရောင်ခြည်တော် ဥတုဇရုပ် ၀ဏ္ဏဓာတ်တွေ ထွက်ပေါ်လာနိုင်ကုန်၏-ဟု ဋီကာဆရာက ရှင်းပြပါသည်။ ( မူလဋီကာ )

( လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ဥတုဇရုပ် ရောင်ခြည်ဓာတ်တွေ အဆက်ဆက်ဖြစ်ပေါ် ထိုးထွက်သွားသည်ကို မျှော်ခေါ်ကြည့်လေ။ အဘိဓမ္မာလေ့လာဖူးသူတို့အတွက်ကား ရှင်းလှ၏ )။

ထိုသို့ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာရာ၌
(၁) ဆံမုတ်ဆိတ်တော်၊ မျက်နက်တော်ဟုဆိုအပ်သော ညိုသောအရပ်တို့မှ ညိုသောရောင်ခြည်တော်။
(၂) ရွှန်းအိကိုယ်ရေ ၀ါရွှေသောအရပ်တို့မှ ၀ါရွှေသော ရောင်ခြည်တော်။
(၃) မျက်စိသားသွေး နီတွေးရာအရပ်တို့မှ နီသောရောင်ခြည်တော်။
(၄) အရိုးတော် သွားတော် မျက်ဖြူတော်ဟုဆိုအပ်သော ဖြူသောအရပ်တို့မှ ဖြူသောရောင်ခြည်တော်။
(၅) လက်ဖ၀ါးပြင်၊ ခြေဖ၀ါးပြင် အစရှိသော စဉ်းငယ်နီမြန်းရာအရပ်တို့မှ မှည့်မောင်းသော ပန်းရောင်အဆင်းရှိသော ရောင်ခြည်တော်။
(၆) ဥဏ္ဏလုံမွေးရှင်တော်၊ လက်သည်း ခြေသည်းတော် အစရှိသော အရောင်တလက်လက် ထွက်ရာအရပ်တို့မှ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူလာကုန်၏။ (ပဋိသံ-ဋ္ဌ၊ ၂-၁၃) ( လက်နှိပ်ဓာတ်မီး၊ ဆလိုက်မီးတို့၏ ရှေ့၌ အနီရောင်ကာလျှင် အနီ၊ အ၀ါရောင်ကာလျှင် အ၀ါ၊ စသည်ဖြင့် ဓာတ်ရောင်ခြည်များ ဖြာထွက်သွားသည်ကို မျှောခေါ်ကြည့်ကြလေ )။

ယခုအခါတွင် ရောင်ခြည်တော်များ စေတီပုထိုး ရုပ်ပွားဆင်းတုအမျိုးမျိုးမှ (အကြောင်းမတိုက်ဆိုင်၍) မဖူးတွေ့ရလျှင် ရှိစေ၊ ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်စုံတို့ဖြင့် တင့်တယ်စွာ စံပယ်တော်မူနေပုံကို အာရုံပြု မှန်းဆ၍ ပူဇော်နိုင်လျှင်လည်း ကောင်းကျိုးများစွာ ရပါလိမ့်မည်။

ပုံတော် ဂုဏ်တော်၊ လုံးစုံမျှော်၊ ပူဇော်နိုင်ကြစေ။
ဘုရားရှင်အား၊ ပူဇော်ငြား၊ ကြီးမား တန်ခိုးပေ။

၂။ ယခုခေတ်တွင် ရဟန္တာ ဖြစ်နိုင်သေးသလားဟူမူ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီး သုဘဒ္ဒပရိဗိုဇ် မေးမြန်းသဖြင့် ဖြေကြားတော်မူအပ်သော-ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ (ဒီ-၂-၁၂၅) သုဘဒ်ပရိဗိုဇ် ဤရဟန်းအပေါင်းတို့သည်ကား ကောင်းစွာနေထိုင်ကုန်ငြားအံ့ ဤသို့နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်းသည်ဖြစ်ရာ၏-ဟူသော ပဋိပတ်စွမ်းအင်ပြ နိပ္ပရိယာယ မုချစကားတော်အရ ယခုခေတ်တွင်လည်း ရဟန္တာများ ဖြစ်နိုင်ပေသေးသည်။

( ရဟန္တာ ဟုတ်-မဟုတ် စမ်းသပ်နည်း )
ယခုခေတ်တွင် ရဟန္တာများ ဖြစ်နိုင်သေးသည်ဆိုသော်လည်း ရဟန္တာစစ်-မစစ် စမ်းသပ်ဖို့ စုံစမ်းဖို့အရေးမှာ အလွန်မှ သိမ်မွေ့နက်နဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာအစစ်သည် စိန်ရွှေပတ္တမြား အပြည့်ထည့်ထားသော ရတနာအိုးကို ရရှိထားသော ယောက်ျားကဲ့သို့ သူတပါးအား ၀ါကြွားပလွှားရာ ကျမည်စိုး၍ မိမိရရှိထားသော အရဟတ္တဖိုလ် ဓမ္မရတနာကို မပြလို၊ မပြောလိုသောကြောင့်၎င်း၊ လူသာမဏေတို့အား ဈာန်မဂ်ဖိုလ်တရားတို့ကို မပြောကြားရဟု သိက္ခာပုဒ်ပညတ်ထားသောကြောင့်၎င်း ဤမျှသိမ်မွေ့နက်နဲခြင်း ဖြစ်ပါသည်။ ( ဒီ-ဋ္ဌ ၂-၂၇၀၊ ၀ိ-၂-၃၇ )။

ဤတွင် သိနိုင်ခဲပုံဝတ္ထုတပုဒ် ထုတ်ပြပါမည်။ တခါက စိတ္တလတောင်တွင် သီတင်းသုံးနေတော်မူသော ရဟန္တာမထေရ်ကြီးတပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးတပါးနှင့် အတူ ဆွမ်းခံထွက်ခိုက် မထေရ်ကြီး၏ သပိတ်သင်္ကန်းကို ယူလျက် နောက်ကလိုက်နေသော တောထွက်ရဟန်းကြီးက-အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ-ဟု မထေရ်ကြီးကို မေးလေ၏။
မထေရ်ကြီးက တချို့ပုဂ္ဂိုလ်များသည် အရိယာနှင့် အတူနေ အရိယာတို့၏ သပိတ်သင်္ကန်းကို ယူလျက် အရိယာတို့ကို ၀တ်ကြီးဝတ်ငယ် ပြုနေရသော်လည်း အရိယာမှန်း မသိနိုင်လောက်အောင် အရိယာဆိုသည်မှာ အသိခက်လှပေ၏-ဟု မိန့်တော်မူ၏။ သိုပသော် တောထွက်ကိုယ်တော်ကြီးကား မသိရှာ၊ နီးကပ်စွာ နေရသော်လည်း ဉာဏ်ပညာရှိသူမှသာ သိနိုင်ပေမည်။( ဒီ-ဋ္ဌ ၂-၃၆၄၊ မ-ဋ္ဌ ၁-၂၃၊ သံ-ဋ္ဌ ၂-၂၃၂၊ စူဠနိ-ဋ္ဌ ၇၁)

ရဟန္တာစစ်-မစစ် သိဖို့က အရေးကြီးသလား မေးငြားအံ့၊ အရေးကြီးလှပေသည်။ နိန္ဒိယပသံသာယ ဟိ ပသံသိယ နိန္ဒာယ စ သမကောဝ ၀ိပါကော။( သံ-ဋ္ဌ ၁-၁၉၇ ) ဟူသည်နှင့်အညီ ကဲ့ရိုက်ထိုက်သူကို ချီးမွမ်းမိခြင်းနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့မိခြင်းကား အပြစအတူတူပင် ဖြစ်ရကား အလဇ္ဇီရှင်ရဟန်းကို ရဟန္တာမှတ်ပြီး ပူဇော်လှူဒါန်းနေလျှင် သာသနာတော်ကို ကူ၍ ဖျက်ရာရောက်ပေမည်။ ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိလျှင်လည်း အရိယူပ၀ါဒကံကြီး ထိုက်ပေတော့မည်၊ သို့အတွက် ဗုဒ္ဓဘာသာဝင်များ ဉာဏ်နှင့်ယှဉ်၍ စဉ်းစားချဉ်းကပ်ကြမှ တော်ပေမည်။

ရဟန္တာ စစ်-မစစ် စမ်းသပ်စစ်ဆေးပုံကို ဆိုပါတော့မည်။ မိမိကိုယ်ကို ရဟန္တာဟု ၀န်ခံလာသူကို စမ်းသပ်စစ်ဆေးနည်းကို မြတ်ဗုဒ္ဓ အတိအကျ ညွှန်ကြားထားချက်ရှိပါသည်။
တရားထူးရသည်ဟု ၀န်ခံလာသူအား
(၁) ကိံ တေ အဓိကတံ-အဘယ်တရားထူးကို ရသနည်း၊ ဈန်ကိုရသလား၊ မဂ်ကို ရသလား၊ ဤသို့ ရအပ်သော တရားထူးကို၎င်း။
(၂) ကိန္တိ တေ အဓိဂတံ-အနိစ္စ စသော လက္ခဏာသုံးပါးတွင် ဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း၊
တနည်း။ သမထ ၀ိပဿနာ နှစ်မျိုးတွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း။
ဤသို့ ရခြင်း၏အကြောင်းကို၎င်း။
(၃) ကဒါ တေ အဓိကတံ-ဘယ်အချိန်မှာ ရသနည်း၊ နံနက်မှာလား၊ နေ့ခင်းအချိန်မှာလား၊
ဤသို့စသည်ဖြင့် အချိန်ကို၎င်း။
(၄) ကတ္ထ တေ အဓိကတံ-ဘယ်အရပ်မြှ ရသနည်း။ သစ်ပင်ရင်းမှာလား၊ မဏ္ဍပ်အတွင်းမှာလား၊
ဤသို့စသည်ဖြင့် အရပ်ကို၎င်း။
(၅) ကတမေ တေ ကိလေသာ ပဟီနာ-ဘယ်ကိလေသာတို့ကို ပယ်ပြီးဖြစ်သနည်း။
ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း။
(၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ-ပထမမဂ် စသည်တို့တွင် အဘယ်ကိုရသနည်း။ ဤသို့ ရအပ်သော တရားထူးကို၎င်း၊ ခဲံခြား၍မေးရမည်ဟု ဆိုပါသည်။( ၀ိ-၁-၁၁၇၊ ၀ိ-ဋ္ဌ ၂-၈၁-၈၂ )

ဤနေရာ၌ အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆက်လက်ညွှန်ကြားထားးချက်ကို ဆိုပါဦးမည်။ အဋ္ဌကထာ ဋီကာဆရာတို့က အထက်ပါအတိုင်း စစ်စစ်ပေါက်ပေါက် မေးမြန်းရာ အဆင်ပြေပြေ ဖြေနိုင်ရုံမျှဖြင့် မယုံကြည်ထိုက်သေးကြောင်း။ ဗဟုသုတရှိသော ပါဠိ အဋ္ဌကထာ ကျွမ်းကျင်သော ရဟန်းများအနေဖြင့် ကောင်းစွာဖြေဆိုနိုင်ကြောင်း၊ ထိုပကြောင့် ထိုရဟန်းအား မဂ်မရမီ ရှေ့အဖို့၌ သိလစင်ကြယ်မှု၊ ကမ္မဋ္ဌာန်း အားထုတ်မှုအကျင့်များ ရှိ-မရှိ၊ ရှိလျှင်လည်း ရိုးရိုးသားသား လာဘကို မမျှော်ဘဲ စင်စင်ကြယ်ကြယ် ကျင့်ခြင်း ဟုတ်-မဟုတ် စဉ်းစားရမည်ဟု မိန့်ဆိုကြပါသည်။

ဤသို့စဉ်းစားနှိုင်းချိန်၍ သူ၏ဖြေဆိုပုံနှင့် သူ၏ကျင့်ပုံ ညီညွတ်ရုံမျှဖြင့်လည်း ရဟန္တာဟု ပူဇော်သက္ကာရအမှု မပြုထိုက်သေးပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော ပုထုဇဉ်ရဟန်းတို့သည် ရဟန္တာနီးပါး အကျင့်ကောင်း ကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ဧကန်မသတ်မှတ်သေးဘဲ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်သင့်သေးသည်ဟု မိန့်ဆိုကြပါသည်။

ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်ပုံကို ၀တ္ထုသာဓကများ ထုတ်ပြ၍ ဆိုပါမည်။
တခါက ဒီဃဘာဏက အဘယဆိုသော မထေရ်ကြီးတပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို ပုထုဇဉ်လော ရဟန္တာလောဟု မခွဲခြားမဆုံးဖြတ်နိုင်သည်ဖြစ်၍ သူငယ်တယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ်သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကို ဆွဲလေ၏။ ပိဏ္ဍပတ်ဓုတင်ဆောင် ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျသော်လည်း ကြောက်တုန်လှုပ်ခြင်း မဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကို ပယ်ထားပြီးဖြစ်ပါသည်။
( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )

သို့သော် အချို့ ကြောက်ရွံ့ခြင်းကင်း ရဲတင်းသော ပုထုဇဉ်များလည်း ရှိတတ်သေးရာ နှစ်သက်ဖွယ် အာရုံများနှင့်လည်း စမ်းသပ်သင့်ပါသေးသည်။
တခါက ၀သဘမင်းသည် မထေရ်တပါးကို စုံစမ်းလိုသဖြင့် နန်းတော်သို့ ပင့်ဆောင်ပြီး မထေရ်၏ရှေ့တွင် ဆီးသီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြလေ၏။ ထိုအခိုက် မထေရ်၏ သွားရည်များ ယိုကျလာသဖြင့် ရသတဏှာ မပယ်နိုင်သေးပုံ၊ ရဟန္တာမဖြစ်သေးပုံကို သိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် နတ်သြဇာကိုသော်မှ တပ်မက်ခြင်း မရှိတော့ပါ။ ( မ-ဋ္ဌ ၄-၆၇။ သာရတ္ထ-ဋီ ၂-၂၈၅ )။

အချုပ်အားဖြင့်ဆိုရလျှင် ရဟန္တာဟူသည်မှာ ကိလေသာ ၁၀-ပါးလုံးကင်းကာ လောကဓ့တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တွေဝေခြင်း မေ့လျော့ခြင်းမရှိ၊ အိပ်မက်မက်ခြင်းမရှိ၊ သုက်လွှတ်ခြင်းမရှိ၊ မာယာ-သာဌေယျ မရှိ၊ စသည်ဖြင့် ပုထုဇဉ်တို့၏ စရိုက်အကြိုက်တို့နှင့် များစွာ ကွာခြားရကား ရဟန္တာအရှင်တို့၏ ဂုဏ်ကို ပုထုဇဉ်တို့ ကုန်စင်အောင် မသိနိုင်ကြောင်း၊ ရဟန္တာအချင်းချင်းသာ သိနိုင်ကြောင်း။ ( သံ-၁-၁၅၀။ ) ဟောတော်မူထား ပါသည်။

ဤ၌ အနည်းငယ်ဖြည့်စွက်၍ ပြောချင်သည်မှာ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်တို့အား မျက်မြင်ဖူးတွေ့၍ ကိုယ်တွေ့ကြည်ညို ဘုန်းရိပ်ခုံလှုံလိုကြသည်မှာ ပုထုဇဉ်သူတော်ကောင်းတို့၏ ကောင်းမြတ်သော သဘာဝပင်ဖြစ်ပါသည်။

သို့သော် အရိယာတို့ကို ဖူးတွေ့ရခြင်းဟူသည် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်း၊ ဉာဏ်မျက်စိဖြင့် ဖူးတွေ့ရခြင်းဟု နှစ်မျိုးရှိပါသည်။ ထိုတွင် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်းကို တိရစ္ဆာန်များပင် (သိသိ-မသိသိ) ဖူးတွေ့နိုင်၍ ဘုရားရှင် မချီးမွမ်းလှပေ။ ထို့ကြောင့်ပင် ဘုရားရှင်အား ဖူး၍မ၀ ကြည်ညိုလှသော ၀က္ကလိမထေရ်အား-၀က္ကလိ ဤကိုယ်ကောင်ပုပ်ကို ဖူးမြင်ရခြင်းဖြင့် သင်အား အဘယ်အကျိုးရှိအံ့နည်း၊ ၀က္ကလိ တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏-ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါလော။ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈၀ ) ထို့ကြောင့် ဘုရားရှင် အလိုတော်အားဖြင့် အရိယာပုဂ္ဂိုလ်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသော်လည်း ဉာဏ်ဖြင့် အရိယာတို့မြင်အပ်သော လက္ခဏာရေးသုံးပါးကို မမြင်သော၊ အရိယာတို့ သိအပ်သောတရားတို့ကို မသိသောသူသည် အရိယာအဖြစ်ကို ပြုတတ်သောတရားကို၎င်း၊ အရိယာ၏အဖြစ်ကို၎င်း၊ မမြင်အပ်သည်၏ အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်ရသူပင်ဖြစ်၏-ဟု အဋ္ဌကထာဆရာတို့ မိန့်ဆိုကြပါသည်။( အဘိ-ဋ္ဌ-၁-၃၈၅ )။

ကိုယ်တိုင်ကိုယ်ကျ တရားရ၍ အရိယာအစစ်ကို ဖူးတွေ့နိုင်ကြပါစေ။

( စိန္တမဏိ ၂၀၀၇-ခု ဇူလိုင်လ )

No comments: