Tuesday, June 23, 2009

တရားနာသူ

ဗုဒ္ဓဘုရားရှင်သည် တရားတော်ကို လွန်စွာမြတ်နိုးတော်မူသည်။ တရားတော်ကို အာရုံပြုခြင်း၊ ပွားများစေခြင်း၊ ဟောကြားခြင်း၊ နာခံခြင်းတို့ကို လွန်စွာအလေးပြုတော်မူသည်။
အခါတပါး၌ ရှင်နန္ဒမထေရ်သည် တရားဟော၏၊ ဘုရားရှင်သည် တညဥ့်လုံး အရုဏ်တက်သည့်တိုင် ရိုသေလေးမြတ်စွာ တရားနာ၏။
တခါကလည်း ဘုရားရှင်သည် နေထိုင်မကောင်းဖြစ်ရာ ရှင်စုန္ဒကို ခေါ်တော်မူ၍ ဗောဇ္ဈင် ၇-ပါးတရားကို ဟောကြားစေတော်မူသည်။ ရိုသေစွာလည်း နာကြား၏။ ၀မ်းမြောက်ဝမ်းသာဖြစ်၍ နေထိုင်မကောင်းဖြစ်ခြင်းမှ ပျောက်ကင်းသွားလေသည်။

တနေ့သ၌ အ၀န္တိတိုင်းမှ ကောဋိကဏ္ဏသောဏ ရဟန်းသည် ဘုရားရှင်ထံ အဖူးအမြောက် လာရောက်သည်။ ထိုရဟန်းသည် တ၀ါမျှသာ ရသေးသည်။ သို့သော် ဘုရားရှင်က လေးစားသဖြင့် မိမိ၏ ဂန္ဓကုဋိအတွင်း၌ နေထိုင်ရန် နေရာပေးသည်။ ထို့နောက် တရားဟောခိုင်းသည်။

မထေရ်သည် သောဠသအဋ္ဌက၀ဂ္ဂိယသုတ်-ကို ဟောပြောရာ ဘုရားရှင်သည် ၀မ်းမြောက်စွာ သာဓုခေါ်သည်။ ဘုရားရှင်၏ သာဓုသံကိုကြား၍ နတ်ဗြဟ္မာတို့လည်း သာဓုခေါ်ကုန်၏။ ထိုရဟန်းမိခင် သူဋ္ဌေးမအိမ်၌နေသော အိမ်စောင့်နတ်ကလည်း သာဓုခေါ်၏။

မိခင်သူဋ္ဌေးမအား သင်တို့သားက မြတ်စွာဘုရားကို တရားဟောပေသည်-ဟူ၍ ကိုယ်ထင်ပြကာ ပြောပြသည်။ အချိန်တန်၍ မိမိရပ်ထံသို့ ထိုသောဏရဟန်း ပြန်ရောက်သောအခါ မိခင်သူဋ္ဌေးမသည် သွားရောက် ဖူးတွေ့သည်။ အကျိုးအကြောင်း လျှောက်ထားကာ မိခင်က တရားဟောရန် ပန်ကြားသည်။ သားရဟန်းလည်း မိခင်ကို တရားဟောသည်။ မိခင်သည် တရားစကားနာကြားခိုက် အစေခံကျွန်မ ပြေးလာသည်။

အိမ်၌ ခိုးသား ၉၀၀-ရောက်လာ၍ ရွှေတိုက်၊ ငွေတိုက်တို့ကို ဖောက်ခိုးကုန်ကြပါပြီ-ဟု ပြော၏။
သူဋ္ဌေးမကြီးက-ငါ တရားနာခိုက်တွင် လာမပြောကြနဲ့၊ ယူပါစေ၊ ယူပါစေ-ဟု ဆိုလိုက်၏။
ထိုစကားကို ခိုးသူကြီးကြားသောအခါ ထိတ်လန့်ပြီးလျှင် ပစ္စည်းအားလုံးကို ပြန်ထား၍ သူဋ္ဌေးမကြီးအား တောင်းပန်သည်။

ထို့နောက် ခိုးသား ၉၀၀-တို့သည် ရဟန်းပြုကြ၍ တရားအားထုတ်ကြရာ အားလုံးပင် ရဟန္တာဖြစ်ကုန်လေသည်။ တရားစောင့်သူကို တရားက ပြန်စောင့်ခြင်းပင် ဖြစ်ပေသည်။

( ၀င်းဝင်းမြတ် )
အကိုး-၀ိသုဒ္ဓိမဂ်အရသာ ဆရာတော်-ဦးအရိယမထေရ် အဂ္ဂမဟာပဏ္ဍိတ။

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဖေဖော်ဝါရီလ )

No comments: