Friday, June 26, 2009

အမည်သည် လိုရင်းမဟုတ်၊ အကျင့်သည်သာ အဓိကဖြစ်သည်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ ရဟန်းပေါင်းခြံရံလျက် ဆွမ်းခံထွက်တော်မူပြီးနောက် အပြန်တွင် တံငါသည်တယောက် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၏။ ထို့ကြောင့် တံငါသည်ရှိရာအရပ်သို့ ကြွရောက်တော်မူလာ၏။
ဘုရားအမှူးပြုသော သံဃာတော်များ ကြွလာတော်မူသည်ကို မြင်သောအခါ တံငါသည်သည် ငါးမျှားတံကို ပစ်ချကာ ရိုသေစွာ စောင့်နေ၏။ ဘုရားရှင်က တံငါသည်၏အမည်ကို မေးတော်မူရာ-တပည့်တော်၏အမည် အရိယာ ခေါ်ပါသည်-ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ဒကာ-သူတပါးအသက်ကို သတ်သောသူသည် အရိယာမမည်၊ အားလုံးသော သတ္တ၀ါတို့ကို မညှဉ်းဆဲမှသာ အရိယာမည်၏-ဟု အောက်ပါဂါထာကို ဟောတော်မူရာ တံငါသည်သည် သောတာပန် တည်လေသည်။

( ပါဠိဂါထာ )
န တေန အရိယော ဟောတိ ၊ ယေန ပါဏာနိ ဟိံသတိ ။
အဟိံသာ သဗ္ဗ ပါဏာနံ ၊ အရိယော-တိ ပ၀ုစ္စတိ ။

( မြန်မာပြန် )
သတ္တ၀ါတို့ကို ညှဉ်းဆဲတတ်သော အကြောင်းကြောင့် အရိယာမဖြစ်ချေ။
သတ္တ၀ါတို့ကို မညှဉ်းဆဲခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

( ဆောင်ပုဒ် )
သတ္တ၀ါကို၊ ဆင်းရဲပိုအောင်၊ ထိုထိုပုတ်ခတ်၊ ညှဉ်းဆဲတတ်မူ၊ ထိုသူအရိယာ၊ မမည်ပါတည်း၊
သတ္တ၀ါခပင်း၊ ညှဉ်းဆဲကင်းလျက်၊ မေတ္တာသက်မူ၊ ထိုသူကိုသာ၊ အရိယာဟု၊ မြဲစွာသတ်မှတ်၊ ခေါ်ဆိုအပ်၏။

( ဓမ္မဋ္ဌ၀ဂ်-ဗာဠိသိက၀တ္ထု )

No comments: