Wednesday, June 10, 2009

ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့အပြစ်ဟာ အလွန်ရှက်စရာကောင်းလှတဲ့ အပြစ်တခုပါပဲ။
လူမသိပြန်ရင်လဲ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်ပါတယ်။ လူတွေ သိသွားပြန်ရင်လဲ အရှက်တကွဲ အကျိုးနည်း ကိစ္စကြီးရယ်ပါ။
ကာမဂုဏ်အားဖြင့် မှောက်မှားစွာ လွန်ကျူးခြင်းကို မပြုဖို့ တရားတော်က ပညတ်ထားသလို ဥပဒေလည်း ပြဋ္ဌာန်း ထားတာဖြစ်တယ်။

ကာမေသုမိစ္ဆာစာရကံ အပြစ်နဲ့, အပြောခံရသူဟာ အခြားအပြစ်ထက်တောင် ပိုအပြောခံရပါတယ်။ အကဲ့ရဲ့ ခံရတတ်ပါတယ်။
တယောက်တည်း ကျူးလွန်သူသာ အပြောခံရတာမဟုတ်ဘဲ မိဘ, ညီအကို မောင်နှမရော, ဆွေရော မျိုးပါ မကျန် အပြောခံရတာဖြစ်တယ်။ ရာဇ၀င်နှင့်ချီပြီး အပြောခံရတယ်။ ကဲ့ရဲ့ခြင်းတွေထဲမှာ အဲသည်ကိစ္စမျိုးနဲ့ အကဲ့ရဲ့ခံရတာဟာ မျက်နှာထားလို့မရအောင် ခံရတာမျိုး ဖြစ်ပါတော့တယ်။ သူများတံထွေးခွက် ပက်လက်မျောတာမျိုးရယ်ပါ။ ပညာဘယ်လောက်တတ်တတ်, ဥစ္စာဘယ်လောက်ပဲ ရှိရှိ, နာမည်တွေ ဘယ်လောက်ကြီးကြီး ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်တာ လူသိရှင်ကြား ဖြစ်ပြီဆိုရင် ချက်ချင်း နာမည်ပျက်တော့တာပဲ။ သိက္ခာဆယ်လို့ မရတော့ဘူး။

အခြားဘက်က တော်တာမှန်သမျှဟာ အဲသည်အမှား တချက်ကြောင့် ပျောက်ကွယ်မှေးမှိန်ကုန်ပါရော။
ဆရာတော် အရှင်ဇနကာဘိဝံသ-က ရတနာဂုဏ်ရည် စာအုပ်မှာ ကာမဂုဏ်ဆိုတာကို သည်လို အနက်ဖွင့်ခဲ့ပါတယ်။

ကာမဂုဏ်-
ကာမဂုဏ်ဆိုတာ မိန်းမ-ယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက်ခြင်းကို ကာမဂုဏ်ဟု ဆိုသည်။ ဤသို့ ဆက်ဆံမှုကို မပြုကျင့်ဘဲ ရှောင်ကြဉ်၍ စင်စင်ကြယ်ကြယ်နေနိုင်က အကောင်းဆုံးဖြစ်၏။ မရှောင်ကြဉ်နိုင်ပါမူ ကိုယ်ပိုင်အိမ်သူ အိမ်ရှင် ( ဇနီးမောင်နှံချင်း ) မွေ့လျော်၍ တင်းတိမ်ရောင့်ရဲရာ၏။ ထိုသို့ မွေ့လျော်ခြင်းကို လောကအလိုက် ပညာရှိတို့ မကဲ့ရဲ့ထိုက်ပါ-ဟု ဆိုသည်။

ဆရာတော် အရှင်ဇနကာဘိဝံသ-က ကာမေသုမိစ္ဆာစာရကံကို ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်ဟု ရေးသားခဲ့ပါသည်။ ( ရတနာ့ဂုဏ်ရည် နှာ-၂၄၀ )

ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်-
ကိုယ်ပိုင်ဇနီးမောင်နှံခြင်းမှ လွန်ကျူးဖောက်ပြား၍ သူများပိုင် ဇနီးနှင့်၎င်း၊ ဆွေမျိုးနီးစပ်တို့ စောင့်ကြည့် ထိန်းသိမ်းထားသော အမျိုးသမီးများနှင့်၎င်း၊ အချင်းချင်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လွန်ကျူး ဖောက်ပြားသော ယောက်ျား၏အကျင့်၊ မိမိကိုပိုင်သော ယောက်ျားမှ ဖောက်ပြားကျူးလွန်၍ တပါးသော ယောက်ျားနှင့် ပျော်မြူးသော မိန်းမ၏အကျင့်သည် ကဲ့ရဲ့ဖွယ်ရာ ယုတ်မာသောအကျင့်တည်းလို့ ရေးသား ဆိုမိန့်ခဲ့ပါသည်။

ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်တာဟာ ယုတ်မာလို့သာ ကျူးလွန်ရဲကြတာ ဖြစ်ပါတယ်၊ အရှက်တရား အကြောက်တရား ရှိသူတွေဟာ ဘယ်လိုမှ မကျူးလွန်ရဲကြပါဘူး။
ကာမေသုမိစ္ဆာစာရ ကျူးလွန်ပြီဆိုရင် မသိလို့ ကျူးလွန်တာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ သိလျက်ကနေ ကျူးလွန်ကြတာ ဖြစ်ပါတယ်။

ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရဆိုတဲ့ မကောင်းကျင့်ကို ရှောင်ပယ်စေခြင်းဟာ လူ့ကျင့်ဝတ်ကို စည်းဘောင်ချထားခြင်းပါပဲ။
ကာမေသုဟာ ဒုစရိုက်အဖြစ် သတ်မှတ်ထားတဲ့အတွက် လူသိအောင်ပဲဖြစ်ဖြစ်၊ လူမသိအောင်ပဲ ကျူးလွန် ကျူးလွန် အပြစ်ရှိတာပါပဲ။

ဓမ္မသတ်နှင့် တရားဥပဒေတို့မှာလည်း ကာမေသုမိစ္ဆာစာရကို အကြောင်းပြု သတ်မှတ်ထားတာတွေ ရှိပါတယ်။
အချို့က ကာမေသုကို ကျူးလွန်ရင် လူမသိတဲ့ အခြေအနေဆိုရင် အပြစ်မရှိဘူးထင်ကြပါတယ်၊ မိန်းကလေးက သဘောတူရင်၊ ယောက်ျားလေးက သဘောတူရင် အပြစ်မဖြစ်ဘူး ထင်ကြတယ်။
အဲဒါ သိပ်မှားပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ပြီး သံသရာဝါဒကို ယုံရင် အပြစ်ဘယ်လောက်ကြီးတယ်ဆိုတာ သိပါလိမ့်မယ်။ ယခုပြုမိတဲ့ ကံဟာ နောင်မှာ ပြန်ခံရမှာပဲ။ ယခုဘ၀မှာ မခံရဘူးဆိုတာတောင်မှ နောင်ဘ၀မှာ ခံရမှာပါပဲ။
ပါရမီရှင်ဖြစ်တဲ့ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးတောင် ခံခဲ့ရပါတယ်။

ဘယ်လိုဖြစ်ပြီး ဘယ်လိုခံရသလဲဆိုတော့-
အရှင်အာနန္ဒာ-ဟာ ကမ္ဘာတသိန်းမျှ ပါရမီတွေ ဖြည့်ပြီးနောက် ကျွတ်တန်းဝင်တော့မယ့် ဤကမ္ဘာမှာ သူဟာ အမှားဖြစ်ခဲ့ပါတယ်။
သူဟာ ရွှေပန်းတိမ်သည်ရဲ့ သား-ဘ၀မှာ လူမိုက်လူတေ သူငယ်ချင်းတွေနဲ့ ပေါင်းမိပြီး ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန်ခဲ့ပါတယ်။
အဲသည် အကုသိုလ်ကံဟာ သံသရာမှာ ဘယ်လောက်ထိ ပါခဲ့သလဲဆိုရင် ရောရုဝငရဲမှာ နှစ်ပေါင်းများစွာ ကျတယ်။ လွတ်မြောက်တဲ့အခါ ကျပြန်တော့ မျောက်ဘ၀အရောက်မှာ ဝှေးစေ့ကို ကိုက်ဖောက် ခံရပြန်တယ်။ နောက်တဘ၀မှာ နွားဘ၀ရောက်ပြန်တော့ ဝှေးစေ့အထုတ်ခံရပြန်တယ်။

သံသရာမှာ အဲသည်လောက်နဲ့ ပြီးသလားဆိုတော့ မပြီးသေးပြန်ဘူး။
လူ့ဘ၀ရတဲ့အခါ မိန်းမ မဟုတ်၊ ယောက်ျား မဟုတ် ပဏ္ဍုတ်ဖြစ်ရတယ်။
အဲသည်နောက် ငါးဘ၀အရောက် နတ်ပြည်မှာ နတ်ဖြစ်တော့လည်း နတ်သားမဖြစ်ဘဲ နတ်သမီးကြီး ငါးဘ၀လုံးလုံး ဖြစ်ရတယ်။

ဟော-လူ့ပြည်ပြန်ရောက်တော့လည်း ယောက်ျား မဖြစ်ဘဲ ဘုရင့်သမီးတော် ဖြစ်ခဲ့ရတယ်။
ကာမေသုမိစ္ဆာစာရကံဟာ သံသရာမှာ အပြန်တရာ ခံရတဲ့ကံမျိုးတွေ ဖြစ်ပါတယ်။
ပေါ့ပေါ့တွေးရင်တော့ ခံရတာ ဘယ်သိပါ့မလဲ။ သံသရာဝါဒနဲ့ ချည်ပြီး တွေးရင်တော့ အလွန်ကြက်သီးထစရာ ကောင်းလှပါတယ်။

ကာမေသုမိစ္ဆာစာရ အားကြီးလို့ လောဟကုမ္ဘီခေါ်တဲ့ သံရေပူငရဲမှာ ခံရတဲ့ သူဋ္ဌေးသား လေးယောက် အဖြစ်ဟာလည်း ရာဇ၀င်မှာ စာတင်ခဲ့ရတဲ့ အဖြစ်ပါပဲ။
ဒု-သ-န-သော လို့အော်ပြီး ငရဲမှာ ကျွမ်းပြန်နေကြရပါတယ်။ အချိန်ကြာမြင့်စွာ ခံရပါတယ်။
အဲသည်ကံကိုပြုလို့ ယခုဘ၀မှာတင် ဒုက္ခရောက်သူတွေရဲ့ အကြောင်းတွေကို ရေးသားထားပါတယ်။

ကာမေသု-ကံဟာ နောင်ဘ၀ရောက်မှ ဒုက္ခရောက်တာမျိုး မဟုတ်ပါဘူး၊ ယခုလက်ငင်း လက်တွေ့ ဘ၀မှာတောင် ဒုက္ခတွေ အပြစ်တွေ ရတတ်ပါတယ်။
ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့် ဖြစ်တဲ့အတွက် အဲသည်ကံပြုမူရင် ကဲ့ရဲ့ခံရမှာပါပဲ။
ကဲ့ရဲ့မှုရဲ့နောက်မှာ မကောင်းတဲ့ သက်ရောက်မှုတွေဟာ လိုက်လာတတ်ပါတယ်။
ကဲ့ရဲ့ခံရမှာကို ကြိုတွေးထားရမယ်။ လောကဟာ လူတွေနဲ့ အတူနေပြီး လူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လူ့ရဲ့ပစ်ပယ်ခြင်း မခံရအောင် ကြိုးစားရမှာဖြစ်တယ်။
ကာမေသုမိစ္ဆာစာရကံဟာ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့် ဖြစ်ပါတော့တယ်။

( သုတေသီ ဘုန်းမြင့်သွေး )

No comments: