Saturday, June 20, 2009

တရားတပုဒ် အနှစ်ချုပ်

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် တောအုပ်တခု၌ ရဟန်းတော်တပါး တရားကျင့်နေလျက် ရှိ၏။ ထိုရဟန်းသည် ဂါထာတပုဒ်သာ ရွတ်ဆို၍ တရားဟောလေ့ရှိသဖြင့် ဧကုဒါန-ရဟန်းဟု အမည်တွင်၏။
တနေ့သ၌ ရဟန်းအခြံအရံ ငါးရာပါသော ပိဋကသုံးပုံဆောင် ရဟန်းနှစ်ပါးတို့သည် ထိုတောအုပ်သို့ ရောက်လာရာ တောနေရဟန်းက-အရှင်ဘုရားတို့ ရောက်လာခိုက် တရားဟောတော်မူကြပါ။ ဤတောအုပ်ရှိ နတ်အပေါင်းတို့ ၀မ်းသာအားရ သာဓုအနုမောဒနာ ပြုကြပါလိမ့်မည်-ဟု လျှောက်ထား၏။

တိပိဋကဓရ ဆရာတော်နှစ်ပါးက တလှည့်စီ တရားဟောကြ၏။ တရားပွဲပြီးဆုံးသောအခါ သာဓုခေါ်သံ တသံမျှ မကြားရပေ။ တိပိဋက ဆရာတော်များက-အရှင်ဘုရားဟောပါဦး-ဟု တောင်းပန်ရာ တောနေရဟန်းက သူဟောနေကျအတိုင်း ( အရဟတ္တဖိုလ်စိတ်၌ မမေ့မလျော့ အားထုတ်လေ့ရှိသော၊ အရဟတ္တမဂ်ဉာဏ်၏ အကြောင်းဖြစ်သော သိက္ခာသုံးပါး၌ ကျင့်သုံးပြီးဖြစ်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော၊ အခါခပ်သိမ်း သတိနှင့်ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်ပူဆွေးခြင်း စသည် မဖြစ်ကြလေကုန်တကား-) ဟူသော ဥဒါန်းဂါထာကို ဟောကြား၏။

ထိုအခါ တောစောင့်နတ်အပေါင်းတို့သည် သောသောညံမျှ သာဓုခေါ်ကြလေသည်။ နတ်တို့သည် မျက်နှာလိုက်၍ သာဓုခေါ်ကြကုန်၏-ဟု တိပိဋကဓရ ရဟန်းတော်နှစ်ပါး၏ တပည့်များက ကဲ့ရဲ့အပြစ်ဆိုကြ၏။ ထိုအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်တင်ကြရာ
မြတ်ဗုဒ္ဓက-ရဟန်းတို့ အကြင်သူသည် များစွာသော ပရိယတ်ကို သင်၏။ ရွတ်၏။ ထိုမျှဖြင့် တရားဆောင်သူ မမည်။ အကြင်သူသည် တဂါထာမျှသာ သင်ယူ၍ သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်၏။ ထိုသူသည် တရားဆောင်သူမည်၏-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

( ပါဠိဂါထာ )
န တာဝတာ ဓမ္မဓရော ၊ ယာဝတာ ဗဟု ဘာသတိ ။
ယော စ အပ္ပမ္ပိ သုတွာန ၊ ဓမ္မံ ကာယေန ပဿတိ ။
သ ဝေ ဓမ္မဓရော ဟောတိ ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ ။

( မြန်မာပြန် )
စကားများစွာ ပြောကာမျှဖြင့် တရားဆောင်သူမမည်။
အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိမြင်၏။ ထိုသစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူ မည်၏။

( ဆောင်ပုဒ် )
စကားများများ၊ လွန်ပြောကြား၍၊ တရားပုဂ္ဂိုလ်။ မခေါ်ဆိုနိုင်၊
စွဲပိုင်ဉာဏ်ဝယ်၊ နည်းငယ်ဓမ္မ၊ ကြားရုံမျှဖြင့်၊ လေးဝသစ္စာ၊ မဂ်ဉာဏ်လွှာဖြင့်၊ ကောင်းစွာမြင်တွေ့၊ မမေ့မလျော့၊ မပေါ့မြဲအောင်၊ သတိဆောင်မှ၊ ဓမ္မဓရ၊ ခေါ်ဆိုရ၏။

( ဓမ္မဋ္ဌ၀ဂ်၊ ဧကုဒါန ခီဏာသ၀၀တ္ထု )

No comments: