Friday, June 26, 2009

နတ်ရထားဖြင့် အခေါ်ခံရသူ

ပြည်မြို့ ပွဲစားတန်းလမ်းနေ ဦးချစ်သည် ကောင်းမှုပြုရန် စေတနာထက်သန်သူ ဖြစ်၏။ ပြည်မြို့ရှိ အရုဏ်ဆွမ်းလောင်းသင်း ခုနစ်သင်းတွင် တနင်္လာဆွမ်းလောင်းသင်း ဥက္ကဋ္ဌ ဖြစ်၏။ အခြားအရုဏ်ဆွမ်းအလှူရှင် မရှိသည့်အခါတွင် သူတို့မိသားစု လောင်းလှူပူဇော်၏။

ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ် နယာကဆရာတော်များကိုလည်း ပစ္စည်းလေးပါးဖြင့် ထောက်ပံ့၏။ နှစ်စဉ်ကျောင်း၌ တနှစ်-နှစ်ကြိမ် ဆွမ်းကျွေးအလှူဒါန ပြုတတ်၏။ အိမ်တွင်လည်း နေ့စဉ်သံဃာ ၁၅-ပါးကို နေ့ဆွမ်းလောင်းလှူ၏။ ဇနီးဖြစ်သူ ဒေါ်မြရီကလည်း သဒ္ဓါတရားပြည့်ဝသူ ဖြစ်သဖြင့် ဇနီးမောင်နှံတို့ လိုက်ဖက်လှ၏။ အလှူဒါနတွေ ပြုနေလျက်ပင် အရောင်းအ၀ယ်များ ကောင်းသဖြင့် စီးပွားဥစ္စာလည်း တိုးတက်လျက်ရှိ၏။

ဆွမ်းလောင်းသင်းဥက္ကဋ္ဌများ၊ အကျိုးဆောင်များနှင့် ဆရာတော်များ တနှစ်-တကြိမ် သံဃာ့အခြေအနေ၊ လှူဒါန်းသူတို့၏ အခြေအနေများကို ဆွေးနွေးတတ်ကြ၏။ ထိုသို့ ဆွေးနွေးပွဲများတွင် ဦးချစ်က-ကျုပ်ကတော့ အလှူဒါနရဲ့ အကျိုးတရားကို ယုံကြည်တယ်။ လှူမယ်ဆိုတဲ့ စိတ်ကလေး ဖြစ်လာတာကစပြီး စိတ်ချမ်းသာတယ်။ လှူဒါန်းနေစဉ် အလှူခံသံဃာတွေကို ကြည်ညိုတာ။ ပေးလှူပူဇော်ရတာဟာ ဘယ်ချမ်းသာနဲ့မှ မတူပါဘူး။ သိပ်ပြီး ကိုယ်စိတ်တွေ အေးချမ်းတာပဲ။ ဒီလို ကိုယ်စိတ်တွေ ချမ်းသာတာဟာ ဒါနရဲ့ ပစ္စုပ္ပန်အကျိုးတွေ ဖြစ်မှာပါပဲ-ဟု အားရ၀မ်းသာ ပြောဆိုတတ်၏။

၁၉၈၇-ခုနှစ်တွင် ဦးချစ် အသက် ၇၅-နှစ်ရှိပြီဖြစ်၏။ မကန်းမမာလည်း ဖြစ်လာ၏။ အိမ်မှာပင် ဆေးကုသမှုခံယူနေရ၏။ သို့သော် ရောဂါမှာ ပြင်းပြင်းထန်ထန် ဝေဒနာကို ခံစားနေရသည်တော့ မဟုတ်ပါချေ။ တည ၁၀-နာရီလောက်အချိန်တွင် အိပ်ရာထဲမှ နေ၍ ဦးချစ်က အနီး၌ ပြုစုနေကြသော ဇနီးနှင့်သားသမီးတို့အား မမြရီနှင့် သားတို့၊ သမီးတို့ အဖေ့ဆီကို နတ်ပြည်က နတ်ရထားတွေ လာနေပြီ။ အဖေတော့ နတ်ပြည်ကို လိုက်ရတော့မယ်။ သားတို့ သမီးတို့ ကောင်းမှုပြုရန်မမေ့ကြနဲ့-ဟု ပြောဆို၏။

သားသမီးတို့က ကောင်းကင်သို့ မော့ကြည့်ကြ၏။ ဘာကိုမျှ မတွေ့မြင်ကြချေ။ ထို့ကြောင့် သူတို့အဖေ ထင်ရာမြင်ရာကို ယောင်ယမ်းပြီး ပြောဆိုနေသည်ဟု မှတ်နေကြ၏။ ဦးချစ်သည် စကားပြောပြီး ဆယ်မိနစ်ခန့်အကြာတွင် ပြုံးရွှင်စွာ သေဆုံးသွားပါတော့၏။

ထိုအကြောင်းကို သားသမီးတို့က ဆရာတော်တို့အား လျှောက်ထားကြည့်ရာ ဆရာတော်တို့က နတ်ရထားကို သေမည့်ပုဂ္ဂိုလ်သာ မြင်ရကြောင်း၊ ရှေးအခါက ဓမ္မိကဥပါသကာကြီးသည်လည်း ဤသို့ပင် ပြောဖူးကြောင်း၊ သူ့သားသမီးတွေက မယုံသဖြင့် ပန်းကုံးများယူခိုင်း၍ ပစ်တင်သည်တွင်ကောင်းကင်၌ နတ်ရထားတို့နှင့် ငြိသဖြင့် ပန်းကုံးများ ကောင်းကင်၌ လှုပ်ရမ်း၍နေကြကြောင်း ရှင်းလင်းဟောပြကြ၏။ ထိုအခါမှ သားသမီးတို့သည် အားရ၀မ်းသာ ဖြစ်သွားကြပါသည်။

( သက်ထားဖြူ )
*********************************************************************************

( အမြင်မှန် )

အခါတပါး၌ စေတိယတောင်တွင် သီတင်းသုံးသော မဟာတိဿမထေရ်သည် အနုရာဓမြို့သို့ ဆွမ်းခံကြွ၏။ ထိုစဉ် လမ်းခရီး၌ တခိခိ ရယ်သံကို ကြားရသည်။ ထိုရယ်သံပြုသူကား လင်ယောက်ျားနှင့် ရန်ဖြစ်၍ မိဘရပ်ထံ ပြန်မည်-ဟု လှပတင့်တယ်စွာ ဆင်မြန်းပြီး အနုရာဓမြို့မှ ထွက်လာသော အမျိုးသမီးတယောက်ဖြစ်၏။ သူမသည် မထေရ်ကိုမြင်၍ အသံပေးကာ ရယ်ခြင်းဖြစ်သည်။ ထိုရယ်သံကို ကြားရသဖြင့် အဘယ်အရာနည်း-ဟု ကြည့်လတ်သော် အမျိုးသမီး၏သွားတို့ကို မြင်လိုက်၏။

မထေရ်သည် ဘာဝနာအလေ့အလာများသောကြောင့် ဤရယ်သံသည် သာယာလှလေစွ-ဟု မယူ။ ကိလေသာမပွား။ ငါယခုမြင်ရသော အာရုံကား သွားရိုး အရိုးစု ဖြစ်၏။ စက်ဆုပ်ဖွယ်ဖြစ်၏-ဟုသာ နှလုံးသွင်း၍ ယူ၏။
ထိုသို့ ဟုတ်တိုင်းမှန်စွာ ယူသောကြောင့် အမျိုးသမီးတကိုယ်လုံးကို အရိုးစုအဖြစ် ထင်လာ၍ မထေရ်သည် ပထမဈာန်ရ၏။ ထိုဈာန်သမာဓိကို အခြေခံ၍ ၀ိပဿနာပွားများရာ မဂ်အဆင့်ဆင့်တက်၍ ရဟန္တာဖြစ်သွား လေသည်။

မကြာမီ ထိုလမ်းခရီးသို့ ယောက်ျားတယောက် ရောက်လာသည်။ သူသည် ယခင်က ဖြတ်သန်းသွားသော အမျိုးသမီး၏ ခင်ပွန်းဖြစ်၏။ အမျိုးသမီးနောက်သို့ လိုက်လာခြင်းဖြစ်သည်။ ထိုယောက်ျားက အရှင်ဘုရား-မိန်းမတယောက် ဤလမ်းမှ ဖြတ်သန်းသွားသည်ကို မြင်မိပါသလော-ဟု မေး၏။
ထိုအခါ မထေရ်က ဒါယကာ-ဤအရပ်မှ သွားသောသူသည် ယောက်ျားဖြစ်သည်ဟူ၍၄င်း၊ မိန်းမဖြစ်သည်ဟူ၍၄င်း၊ ငါမသိ။ စင်စစ် ငါသိသည်ကား ဤလမ်းမှ သွားသောသူသည်ကား အရိုးစုတခုသာ ဖြစ်ပေသည်-ဟူ၍ ဖြေကြားတော်မူလိုက်လေ၏။

( ၀င်းဝင်းမြတ် )

No comments: