Friday, June 5, 2009

ကံကုသိုလ်ဆိုင်သော်လည်း-မပိုင်စားရ။ ကံမွဲပစ္စည်း-ကံကြီးရောက်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ကာသိကတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ မိဘများကွယ်လွန်သော် ရသေ့ရဟန်းပြုကာ ဟိမ၀န္တာတော၌ နေလေသည်။
တနေ့တွင် ဘုရားလောင်းရသေ့သည် ဗာရာဏသီမြို့တွင်းသို့ ၀င်၍ ဆွမ်းခံသောအခါ ဆင်ကဲတဦးသည် ဘုရားလောင်း၏ တည်ငြိမ်သော ဣနြေ္ဒကို ကြည်ညိုလှသဖြင့် နိစ္စမပြတ် ဆွမ်းဝတ်ပြုလေသည်။

တနေ့သောအခါ၌ ဗာရာဏသီပြည်သား ထင်းခွေယောက်ျားတဦးသည် တောတွင်းသို့ ထင်းခွေသွား၍ ပြန်လာစဉ် အချိန်နှောင်းသဖြင့် မြို့တံခါးပိတ်ထားသည်ကို တွေ့ရ၏။ သို့ဖြစ်၍ ထင်းခွေယောက်ျားသည် မြို့တံခါးအနီး သစ်ပင်ကြီးတပင်အောက်ရှိ နတ်ကွန်းတွင် ခိုဝင်အိပ်စက်ရလေ၏။

သစ်ပင်ကြီးပေါ်တွင် မြို့မှဘေးမဲ့ လွှတ်ထားသော ကြက်အများ အိပ်တန်းတက်နေကြ၏။
လူသံ တိတ်ဆိတ်လှသော ညသန်းကောင်ယံတွင် သစ်ပင်ကြီး၏ တဖက် အထက်ကိုင်းတခုမှ ကြက်သည် အောက်ကိုင်းတွင်အိပ်သော ကြက်ပေါ်သို့ မစင်စွန့်ချမိလေသည်။

ထိုအခါ အောက်ကိုင်းရှိ ကြက်က-ကျွန်ုပ်၏ကိုယ်ပေါ်သို့ အဘယ်သူ မစင်စွန့်ချလေသနည်း၊ ကျွန်ုပ်ကို သာမန်ကြက် ထင်မှတ်သလား-ဟု ကြုံးဝါး၏။ ဤတွင် အထက်က ကြက်ဖက-သင်သည် အဘယ်သို့သော ကြက်မျိုးနည်း၊ သင်၏ ဂုဏ်စွမ်းကား အဘယ်နည်း-ဟု မေး၏။

ထိုအခါ အောက်ကိုင်းရှိကြက်ဖက-ကျွန်ုပ်ကား ထူးခြားသော ဂုဏ်စွမ်းရှိသည့် ကြက်တည်း။ ကျွန်ုပ်၏အသားကို စားရသူသည် အသပြာတထောင် ရနိုင်၏-ဟု ဆို၏။

ထိုစကားကိုကြားလျှင် အထက်ကိုင်းရှိကြက်က-အဆွေကြက် ဤမျှသော ဂုဏ်စွမ်းမျှဖြင့် မာန်မာနမထားသင့်၊ ငါကား သင့်ထက်ပိုမို၍ ထက်မြက်သော ဂုဏ်တန်ခိုးရှိ၏၊ ငါ၏ အသည်းအမြစ်ကို စားရသူသည် မင်းအဖြစ်ကိုပင် ရနိုင်၏။
အသားကို စားရသူကား ယောက်ျားဆိုလျှင် စစ်သူကြီးဖြစ်နိုင်၍ မိန်းမဆိုလျှင် မိဖုရားဖြစ်နိုင်၏။
အရိုးသားကို ကိုက်စားရသူသည် ရဟန်းဖြစ်ပါမူ မင်းဆရာ ဖြစ်၍
လူယောက်ျားဖြစ်သော်ကား ဘဏ္ဍာစိုးရာထူးကို ရနိုင်စွမ်းရှိ၏-ဟု ၀င့်ကြွားလေသည်။

ယင်းသို့ ကြက်ဖ ၂-ကောင် အချီအချပြောဆိုကြသည်ကို သစ်ပင်ရင်းမှ ထင်းခွေယောက်ျား ကြားသိလေလျှင် အကျိုး အကြောင်း ဆင်ခြင်လျက် သစ်ပင်သို့တက်ကာ အထက်ကိုင်းရှိ ကြက်ဖအား ဖမ်းယူပြီး အိမ်သို့ ဆောင်ကြဉ်းသွားလေသည်။

အိမ်သို့ရောက်သော် မယားဖြစ်သူအား အကြောင်းစုံပြောကြားလျက် ကြက်သားကို ကောင်းမွန်သန့်ပြန့်စွာ ချက်ပြုစေ၏။ ထိုနောက် ထမင်းဟင်းလျာများ ချက်ပြုတ်ပြီးစီးသောအခါတွင် သူဆင်းရဲယောက်ျားသည် ခံစားအံ့သော မင်းစည်းစိမ်ကို မြှော်တွေးအားရ ရွှင်မြူးလှလျက် မယားဖြစ်သူအား -ရှင်မ ဤဟင်းလျာသည် မင်းစည်းစိမ်ကို ပေးစွမ်းနိုင်သော အစာကောင်းအစာမွန်ဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်စွာ သုံးဆောင်အပ်၏။ သို့ဖြစ်၍ မြစ်ဆိပ်သို့သွားကာ ကောင်းစွာရေချိုးပြီးမှ သုံးဆောင်ကြအံ့၊ ဤဟင်းလျာအိုးကို မြစ်ဆိပ်သို့ ယူခဲ့လေ-ဟု ဆိုပြီး မြစ်ဆိပ်သို့ ထွက်ခွါလာခဲ့ကြလေသည်။

မြစ်ဆိပ်သို့ရောက်လေသော် သူဆင်းရဲလင်မယားသည် မြစ်ကမ်းပါးစပ်တွင် ဟင်းအိုးကိုချထားလျက် မြစ်ဆိပ်သို့ဆင်းကာ ရေချိုး ခေါင်းလျှော် တူပျော်ပျော်နွှဲကြလေသည်။
ထိုအတွင်း လေပြင်းတခု ရုတ်တရက် ကျရောက်လာရာ ရေလှိုင်းကြီးများ ရွှေ့လျားတိုက်ခတ်သဖြင့် ကမ်းစပ်ရှိ ဟင်းလျာအိုးမှာ မြစ်ထဲသို့ မျောပါသွားလေတော့သည်။

ထိုအချိန်တွင် မြစ်အောက် ရေချိုးဆိပ်တခုဝယ် ဆင်ကဲသည် ဆင်များကို ရေချနေခိုက်ဖြစ်၍ အနီးသို့ မျောကပ်လာသော အဆိုပါ ဟင်းလျာအိုးကို တွေ့မြင်ဆယ်ယူလိုက်ပြီး ဖွင့်ကြည့်ရာတွင် သင်းပျံ့သော ဟင်းရနံ့ကြောင့် သုံးဆောင်ရန် အိမ်သို့ယူဆောင်သွားလေသည်။

ထိုနေ့နံနက်ပိုင်းတွင် ခါတိုင်းကဲ့သို့ ဘုရားလောင်းရသေ့သည် မိမိ၏တကာဖြစ်သော ဆင်ကဲ၏ ရှေ့ရေးအတွက် နက္ခတ်များကိုကြည့်ရှု ဆင်ခြင်သည်ရှိသော် ဆင်ကဲသည် ၃-ရက်လွန်မြောက်လျှင် မင်းအဖြစ်ကို ရမည့်အကြောင်း ကောင်းစွာမြင်သဖြင့် ဆင်ကဲအိမ်ဝသို့ ဆွမ်းခံကြွရောက်ရပ်နားလေသည်။

ဆင်ကဲလည်း ကောင်းမွန်သင်းပျံ့သော ဟင်းလျာအိုးကို ရခိုက်ဖြစ်၍ ဘုရားလောင်းရသေ့အား အဆိုပါဟင်းလျာကို ကပ်လှူလေသည်။ ဘုရားလောင်းရသေ့သည် အရိုးသားကိုသာ သုံးဆောင်ပြီး အသည်းနှင့်အမြစ်ကိုမူ ဆင်ကဲအားပေးစွန့်လျက် အသားကို ဆင်ကဲကတော်အား စားသုံးစေကာ ယနေ့မှ ၃-ရက် လွန်မြောက်သည့်အခါ တကာဆင်ကဲသည် မင်းဖြစ်မည့်အကြောင်းနှင့် မမေ့မလျော့ နေထိုင်ရန် ဆိုဆုံးမပြီး ပြန်ကြွသွားလေသည်။

ထိုနောက် ၃-ရက်မျှကြာလျှင် ပြည်နီးချင်းတခုမှ မင်းတပါးသည် ဗာရာဏသီပြည်အား ထိုက်ခိုက်သိမ်းယူရန် စစ်ချီလာလေသည်။ ထိုအခါ ဗာရာဏသီမင်းသည် ပရိယာယ်ဉာဏ်ဖြင့် ဆင်ကဲအား မင်းဝတ်တန်ဆာ ၀တ်ဆင်စေလျက် -စစ်ဦးမှ ခုခိုက်တိုက်ခိုက်လော့-ဟု မိန့်ကြားပြီး မိမိကား မထင်မရှား သာမန်အရပ်သား အသွင်ကိုယူကာ စစ်ကိုစီရင်ခန့်ခွဲလေ၏။

သို့ရာတွင် မကြာမီ ရန်သူ၏တပ်မှ ပစ်လွှတ်လိုက်သော မြှားတစင်းသည် ဗာရာဏသီမင်းအား ထိမှန်စူးဝင်သဖြင့် နေရာတွင်ပင် ၀ိညာဉ်ကြွေပြုန်း သေဆုံးနတ်ရွာစံလေသည်။
မင်းကြီး နတ်ရွာစံကြောင်းကို ကြားသိလျှင် ဆင်ကဲသည် ဥစ္စာကိုခုံမင်တပ်မက်သူတို့အား ဥစ္စာများစွာပေးကမ်း ချီးမြှင့်လျက် အသေခံတပ်သားအဖြစ် စစ်ဦးမှနေစေပြီး ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်လေရာ ရန်သူတပ်ကြီး ပြိုကွဲ၍ ဖရိုဖရဲ ပြေးကြလေသည်။

ထိုနောက် အမတ်တို့သည် မင်း၏အလောင်းကို ကောင်းစွာဖုတ်ကြည်းသင်္ဂြိုဟ်ပြီးသော်-ငါတို့၏မင်းသည် အသက်ရှိစဉ်ကပင် မိမိအသွင်းကို ဆင်ကဲအားပေး၏၊ ဆင်ကဲကလည်း စစ်ကိုအနိုင်တိုက်ခိုက်ကာ ငါတို့နိုင်ငံအား ရန်သူဘေးမှ ကာကွယ်ခဲ့၏။ ထိုဆင်ကဲအားသာလျှင် မင်းမြှောက်ကြကုန်အံ့-ဟု တိုင်ပင်ဆွေးနွေး စည်းဝေးကြပြီးလျှင် ဆင်ကဲအား မင်းအဖြစ် အဘိသိက်သွန်းကြလေသည်။ ဤသို့ဖြင့် ဆင်ကဲကတော်သည် မိဖုရားဖြစ်လာ၍ ဘုရားလောင်းရသေ့ကား မင်းဆရာ ဖြာလာလေသတည်း။

ဤပုံပြင်ဖြင့် ပညာရှိတို့သည်-ကံကုသိုလ်ဆိုက်သော်လည်း မပိုင်စားရ-ဟူ၍တနည်း။
ကံမွဲပစ္စည်း-ကံကြီးရောက်-ဟူ၍တဖုံ ဆိုရိုးပြုကြကုန်၏။

( နီတိ )
ဤဇာတ်ဝတ္ထု၊ ဖြစ်ပုံရှု၍၊ ဤလူ့လောက၊ ဖြစ်ရပေသား၊ များထွေသတ္တာ၊ ဝေနေယျာကို၊
ကံသာလျှင်စိုး၊ ကံသာမိုး၏၊ အကျိုးအပြစ်၊ ကံကြောင့်ဖြစ်၏၊
ယုတ်ညစ်မပြု၊ သူတော်မှုကို၊ ဂရုထင်ထင်၊ ကျင့်ခဲ့လျှင်မူ၊ ခုတွင်ဘ၀၊ စံစားရလိမ့်၊
ရှေးကကုသိုလ်၊ သူ့ထက်ပိုလျှင်၊ အလိုအလျောက်၊ သူ့ထံမှောက်မှ၊ ကူးရောက်မျောလာ၊ ကြက်ဟင်းလျာသို့၊ မှန်စွာမယွင်း၊ ကောင်းကျိုးခင်းသည်၊ ဖြစ်ခြင်းလောက-စဉ်လာတည်း။

( တက္ကသိုလ်တင်အေး )

No comments: