Friday, June 26, 2009

သံဃာတော်များနှင့် သွေးတိုးရောဂါ

တနေ့သော် ကျွန်တော်၏ ဆေးခန်းသို့ ကပ္ပိယတဦး လာရောက်၍ လူနာကြည့်ရန် ပင့်ပါသည်။ လူနာမှာ ရဟန်းတော်ဖြစ်ပါသည်။ သံဃာ ၆-ပါး သီတင်းသုံးနေသော ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဖြစ်ပါသည်။ သက်တော် ၄၆၊ ၀ါတော် ၂၆-၀ါ ဖြစ်ပါသည်။

ဆရာတော့်မှာ ရင်ဘတ်အောင့် ဝေဒနာ ခံစားရသဖြင့် ဆရာဝန် လာရောက်ခေါ်ခြင်းဖြစ်၏။ ဆရာတော်အား သေချာစွာ စစ်ဆေးရာ သွေးတိုးရောဂါ ရှိကြောင်း တွေ့ရသည်။ ဆရာတော်၏ နှလုံးကို နှလုံးစမ်းကိရိယာ (အီးစီဂျီ) စက်ဖြင့် စမ်းစေရာ နှလုံးသွေးကြောကျဉ်း ရောဂါပါ ရှိကြောင်း သိရသည်။

ထိုကျောင်းနေ အခြားသံဃာ ၅-ပါးမှာ သက်တော် ၈၀-အရွယ် ၂-ပါးနှင့် ၃၀-ကျော်အရွယ် ၂-ပါးဖြစ်ပါ၏။ ကျွန်တော်သည် သက်တော် ၈၀-ကျော် ၂-ပါးကိုလည်း ကျန်းမာရေးစစ်ဆေးကြည့်ရာ သွေးတိုးနှင့် နှလုံးရောဂါများ မရှိ၊ ကျန်းမာဖျတ်လတ်လျက် ရှိပါသည်။

ထို့ကြောင့် အံ့သြစိတ်ဖြင့် ဆက်လက်စူးစမ်းရာ ထိုအသက် ၈၀-ကျော် ၂-ပါးမှာ အသက် ၇၀-ကျော်မှ သာသနာ့ဘောင်သို့ ၀င်ကြသည်။ လူ့ဘ၀က လယ်သမားများ ဖြစ်သည်။ ကာယလုပ်သားများဖြစ်ပြီး အလွန်သန်စွမ်းကြသည်။ ယခုအခါ သက်တော် ၈၀၊ ၀ါတော် ၁၀-၀ါရပြီဖြစ်သည်။ ၁၀-နှစ်လုံးလုံး သင်္ကန်းဝတ်ဘ၀နှင့် နေစဉ် နေ့စဉ်မပျက် တနေ့လျှင် ၅-မိုင်ခန့် ဆွမ်းခံထွက်ကြကြောင်း သိရပါသည်။

ထို့ကြောင့် ဆွမ်းခံထွက်ခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားလို ဖြစ်နေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါများ ၀င်မလာခြင်း ဖြစ်ပါသည်။ ၄င်းသံဃာတော်များ၏ ပြောပြချက်အရ သူတို့ကို ဒကာ ဒကာမတို့က အသက်အရွယ်ကြီး၍ ဆွမ်းခံမထွက်ရန် ပြောသော်လည်း လက်မခံခဲ့ကြပါ။ ဆွမ်းမခံရလျှင် မနေနိုင်ကြောင်း ပြောပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးမှာ သက်တော် ၄၆-နှစ်သာ ရှိသေးသော်လည်း ကိုယ်လက်လှုပ်ရှုားမှု နည်းပါး၍ အနည်းငယ် ၀နေပါသည်။ ကျွန်တော်သည် ကျောင်းထိုင်ဆရာတော်အား လိုအပ်သော ဆေးဝါးနှင့် အစားအသောက်များကို ညွှန်းခဲ့ပါသည်။ ကျောင်းတွင်း၌ လမ်းလျှောက်ခြင်းကို တနေ့လျှင် ၂-နာရီခန့် ပြုလုပ်ရန် အကြံပြုလျှောက်ထားခဲ့ပါသည်။

ထို့ပြင် အချို လုံးဝမစားတော့ရန်နှင့် အဆီ အဆိမ့်များ မစားတော့ရန် အကြံပြုလျှောက်ထားခဲ့ပါသည်။
နောက်ထပ် ၁-လခန့်ကြာသော် ထိုဘုန်းတော်ကြီးကျောင်းသို့ ကျွန်တော် သွားရောက်ရာ ကျောင်းထိုင် ဆရာတော်မှာ လမ်းလျှောက်ခြင်း၊ အဆီ အဆိမ့် အချိုတို့ကို လျှော့စားခြင်းတို့ကြောင့် ကိုယ်ရေစစ်သွားသည်ကို တွေ့ရပါသည်။ သွေးတိုးရောဂါမှာလည်း အလွန်သက်သာသွားပါသည်။ ရင်ဘတ်အောင့် ဝေဒနာလည်း သက်သာသွားသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ဆွမ်းခံခြင်းသည် သံဃာတော်များ၏ ကျန်းမာရေးအတွက် အလွန်အရေးပါကြောင်း တွေ့ရပါသည်။ ဆွမ်းမခံသော သံဃာတော်များမှာ စင်္ကြန်လျှောက်ရန် လိုပါသည်။ စင်္ကြန်လျှောက်ခြင်းသည် ဆွမ်းခံခြင်းလောက် ခြေလှမ်းမသွက်ပါ။ ထို့ကြောင့် အချိန်ပိုယူ၍ စင်္ကြန်လျှောက်ရန် လိုပါသည်။

အစားအသောက်လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်သည့်ကြားမှ မသက်သာသောအခါ၌ နှလုံး၊ သွေးတိုးဆိုင်ရာ ဆေးများကို စားသင့်ပါသည်။
အသုံးအများဆုံး ဆေးတို့မှာ-
ဘုမ္မရာဇာ-( Reserpine )
ဆီးဆေးများ-(Diuretics ) တို့ဖြစ်ပါသည်။

ဘုမ္မရာဇာ (Reserpine ) မှာ ဦးနှောက်လုပ်ငန်းစဉ်များကို နှေးကွေးစေခြင်းဖြင့် သွေးတိုးကို သက်သာအောင်လုပ်ခြင်း ဖြစ်၏။ ထို့ကြောင့် အိပ်ငိုက်ခြင်း၊ ထိုင်းမှိုင်းခြင်းတို့ ဖြစ်နိုင်သည်။ ထို့ကြောင့် ယခုအခါ အသုံးနည်းလာပါ၏။
ဆီးဆေးများမှာ သွေးတိုးရောဂါကို သက်သာစေသော်လည်း ဆီး-မကြာခဏ သွားရသောဒုက္ခ ရှိပါသည်။

( နောက်ဆုံးပေါ်ဆေး-သွေးလွှတ်ကြောကို ကျယ်စေသော ဆေးများ )
၎င်းဆေးများမှာ သွေးတိုးရောဂါကို သက်သာစေသည့်အပြင် သွေးကြောကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါကိုပါ သက်သာစေပါသည်။
-Adalat-LA ( ၃၀ ) မီလီဂရမ် ( အယ်ဒလတ် LA ( ၃၀ ) မီလီဂရမ်။
၎င်းဆေးမှာ သွေးလွှတ်ကြောများကို ကျယ်စေသော ဆေး ဖြစ်၏။
၎င်းဆေးမှာ မကြာခဏ ဆီးသွားရသော ဒုက္ခမှ ကင်းဝေးသည်။
ဦးနှောက်အပေါ် သက်ရောက်မှုမရှိ၍ လေးလံထိုင်းမှိုင်းခြင်းတို့မှလည်း ကင်းဝေး၏။

တနေ့တကြိမ်သာ စားရန်လိုသဖြင့် တာဝန်ပေါ့ပါသည်။ သွေးတိုးရောဂါရှိစဉ် မှီဝဲနေပါက နှလုံးသွေးကြောကျဉ်း ရောဂါကိုပါ ကာကွယ်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဆေးမှာ တရားထိုင်ပုဂ္ဂိုလ်များ တရားထိုင်စဉ် ဆီးမကြာခဏ သွားရသောဒုက္ခမှ ကင်းဝေးပါ၏။

ကာကွယ်ဆေးနည်း ၂-မျိုးမှာ
( ၁ ) ကိုယ်လက်လှုပ်ရှားခြင်းနှင့်
( ၂ ) အဆီ၊ အဆိမ့်၊ အချို လျှော့စားခြင်းတို့ ဖြစ်ပါသည်။
သံဃာတော်များအတွက် အကြံပြုရပါသော် ဆွမ်းခံခြင်းသည် သွေးတိုး၊ နှလုံးရောဂါများကို တားဆီးနိုင်ပါသည်။ ဆွမ်းမခံသောပုဂ္ဂိုလ်၊ တရားထိုင်သော ပုဂ္ဂိုလ်များတွင် စင်္ကြန်လျှောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုစေပါသည်။

ကျင့်ဝတ်ဆရာဝန်

No comments: