Monday, June 1, 2009

ဗုဒ္ဓ၀င်အကျဉ်း

၁။ ဂေါတမဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

၃။ သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင်သော များစွာသော ဘ၀တို့၌-
(၁) ရွှေ, ငွေ, ဆင်, မြင်း အစရှိသည်ကို လှူခြင်း-ဒါနပါရမီ။
(၂) ခြေ, လက်, နား, နှာခေါင်း အစရှိသည်ကို လှူခြင်း-ဒါနဥပပါရမီ။
(၃) ကိုယ့်အသက်ကို လှူခြင်း-ဒါနပရမတ္ထပါရမီ။ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန်စွန့်နိုင်ခဲသော-
(၁) ပဒေသရာဇ်, ဧကရာဇ်, စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း-ဓနပရိစ္စာဂ။
(၂) သားသမီးကို စွန့်ခြင်း-ပုတ္တပရိစ္စာဂ။
(၃) မယားကို စွန့်ခြင်း-ဘရိယပရိစ္စာဂ။
(၄) ခြေ,လက်,နား, နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း-အင်္ဂပရိစ္စာဂ။
(၅) ကိုယ့်အသက်ကို စွန့်ခြင်း-ဇီဝိတပရိစ္စာဂ ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘ၀များစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။
နတ်သားဖြစ်နေစဉ် စကြ၀ဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ-ဟု ဘုရားအလောင်းကို တောင်းပန်ကြလေသည်။

၆။သို့ဖြစ်ပါ၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်-
(၁) ကာလ-ဘုရားဖြစ်ရာ အချိန်ကာလ။
(၂) ဒီပ-ဘုရားဖြစ်ရာ ကျွန်းအရပ်။
(၃) ဒေသ-ဘုရားဖြစ်ရာ အရပ်ဒေသ။
(၄) ကုလ-ဘုရားဖြစ်ရာ အမျိုးအနွယ်။
(၅) မာတု အာယု ပရိစ္ဆေဒ-ဘုရားအလောင်း မယ်တော်၏ သက်တမ်း အပိုင်းအခြား-ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းကြီး၏ တောင်ညာဒေ၀ီ မိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့၌ ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။

၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို-သူနာ-သူသေ-ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ-မည်သော သူဋ္ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။

၁၃။ သောတ္ထိယငစင် မြက်ထမ်းသမား ( မြက်ရိတ်လုလင် ) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန် ) ကို အောင်မြင်တော်မူ၍ ညဥ့်ဦးယာမ်၌ ရှေးဘ၀တို့၌ နေခဲ့ (ဖြစ်ခဲ့) ဖူးသော ခန္ဓာအစဉ် (ဘ၀အစဉ်) ကို အောက်မေ့တတ် သိတတ်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။

သန်းခေါင်ယာမ်၌ နတ်တို့၏ မျက်စိနှင့်တူသော (နတ်တို့၏ မျက်စိထက်ထူးသော) ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို (ဤဘ၀မှ သေသောသတ္တ၀ါသည် ထိုဘ၀သို့ ရောက်၏၊ စသည်ဖြင့် သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း, စုတေခြင်း စသည်တို့ကို) မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။

မိုးသောက်ယာမ်၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကိုပြုတတ်သော အာသ၀က္ခယဉာဏ်ကို ရတော်မူ၍ သက်တော် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ၄၅-၀ါကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသော တရားဓမ္မတို့ကို ဟောပြတော်မူကာ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။

၁၇။ ၄၅-၀ါကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညု ဘုရားရှင်သည် သက်တော် ၈၀-အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။

No comments: