Friday, June 26, 2009

ကရုဏာအကြောင်း

ကရုဏာဆိုတာ တဖက်သား ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ကြင်နာသနားစိတ်ကို ခေါ်တယ်။ စိတ်ကောင်းရှိသူမှာ ဖြစ်ပေါ်လေ့ရှိတဲ့ တရားမျိုးပါပဲ။ ကရုဏာရဲ့ လက္ခဏာကတော့ တဖက်သားကို ဒုက္ခက လွတ်မြောက်စေလိုတဲ့ ဆန္ဒပဲ။ ကိစ္စအနေနဲ့ပြောရင် ရက်စက်ယုတ်မာတဲ့စိတ်ထားကို ပယ်စွန့်နိုင်ခြင်းပဲ။ ကရုဏာထားတဲ့ကိစ္စဟာ သနားစိတ် ထားရုံနဲ့ မပြီးဘူး။ ဒုက္ခရောက်သူကို တတ်နိုင်သလောက် ဖေးမကူညီတဲ့ လက်တွေ့လုပ်ရပ်ပါ ပါရတယ်။ ကရုဏာစစ် ထားနိုင်ရင် စောင်မကူညီမှုနှင့်တကွ လူသားအားလုံး ကောင်းကျိုးချမ်းသာရေးကို ရှေးရှုပြီးတော့ မိမိအကျိုး အခွင့်အရေးများကို စွန့်လွှတ်နိုင်မှုပါ ပါရှိတယ်။

ဆင်းရဲဒုက္ခရောက်သူကို တွေ့တဲ့အခါ သြော်-သနားစရာ၊ ဖြစ်မှ ဖြစ်ရပလေကွယ်-လို့ စိတ်ထဲမှာ ၀မ်းနည်းကြေကွဲမှု ဖြစ်ပေါ်တာဟာ ကရုဏာစိတ် မခေါ်ဘူး။ ကရုဏာစိတ်ကို သွယ်ဝိုက်ဖျက်ဆီးတတ်တဲ့ စိတ်ညံ့မျိုးသာ ဖြစ်တယ်။ သောကတို့၊ ၀မ်းနည်းမှုတို့ဆိုတာ စင်စစ်တော့ အကုသိုလ်စိတ်တွေပဲ။ ကရုဏာဆိုတာက ကုသိုလ်စိတ်။ ဒါကြောင့် သောကနဲ့ ကရုဏာဆိုတဲ့ သဘောတရားတွေဟာ ( ပြဒါးတလမ်း သံတလမ်း ) လို့ မှတ်ရမယ်။ ကရုဏာပြည့်သူဟာ သူတော်ကောင်းစင်စစ် ဖြစ်တယ်။ ကရုဏာစိတ်ကို မွေးမြူခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကတော့ ရက်စက်ယုတ်မာတဲ့ စိတ်ကို ကင်းစင်စေခြင်းပဲ ဖြစ်တယ်။ အဲဒီ သန့်စင်မွန်မြတ်တဲ့ နှလုံးသားကို မွေးမြူရာက ပညာစခန်းသို့ တိုင်အောင် ပေါက်မြောက်နိုင်စေ တတ်တယ်။ ဒီတော့ ကရုဏာရဲ့ အဆုံးစွန်သော ရလဒ်ဟာ ပညာပဲလို့ နားလည်ကြရမယ်။

ဗြဟ္မ၀ိဟာရတရားလေးပါး ( ဗြဟ္မစိုရ်တရား လေးပါး ) ဆိုတာ မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာတို့ပဲဖြစ်တယ်။ ဒီတရားများဟာ လူသားတို့အတွက် စာရိတ္တရေးရာနဲ့ သူတော်စင်ဘ၀ကို တက်လှမ်းရောက်စေနိုင်ဖို့ ကိစ္စမှာ အခြေခံကျတဲ့ တရားကြီးလေးပါး ဖြစ်တယ်။ ဒါတွင်မကသေးဘူး။ ဘ၀မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ ရေသောက်မြစ်ကြီးများလဲ ဖြစ်တယ်။ သာမန်ပုထုဇဉ်တို့ အနေနဲ့ ဒီမြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးကို ဘယ်ပုံဘယ်နည်း ရရှိနိုင်သလဲ။ လူသာမန်အဖို့တော့ မဖြစ်နိုင်ပါဘူး။ မြင့်မားလွန်းလှပါတယ်-လို့ ဆိုရင်ဖြင့် အဲဒီလိုဆိုတဲ့ လူဟာ ဒီစိတ်ဓာတ်မျိုး ရရှိအောင် အားထုတ်ကြည့်ချင်စိတ်ကို မရှိလို့ဖြစ်လိမ့်မယ်။

မှန်တာပေါ့ ကိုယ့်တဘ၀တာကလေးကို ကိုယ်ကွက်ပြီး စိတ်ဝင်စားလွန်းသူအဖို့မှာတော့ ကိုယ်တဦးတည်းရဲ့ သောကတွေနဲ့ ဖြစ်စေ၊ ၀မ်းသာစရာတွေနဲ့ဖြစ်စေ၊ စိတ်ဇောတွေ ဖုံးလွှမ်းနေလေတော့ ဘေးလူမှာ အတိဒုက္ခရောက်လို့ ကယ်ပါ ယူပါ တစာစာဖြစ်နေတဲ့ အသံတွေကို ဘယ်ကြားနိုင်ပါ့မလဲ။ ကိုယ့်အကြောင်းကိုပဲ ကိုယ်စိတ်ဝင်စားလေ့ရှိသူဟာ ဘေးလူရဲ့ဒုက္ခကို မခံစားတတ်ဘူးပေါ့။ ကရုဏာစိတ် မ၀င်နိုင်ဘူးပေါ့။ ကရုဏာထားနိုင်သူ ရှိတန်သလောက် ရှိတယ် ဆိုနိုင်သော်လည်း အများအားဖြင့်တော့ ဒီစိတ်ဓာတ်မျိုး ရရှိနိုင်ဖို့ဟာ မဖြစ်နိုင်တဲ့ကိစ္စလို့ကို ပြောရမလို ဖြစ်နေတယ်။

ကရုဏာဖြစ်တယ်ဆိုတာ သူတပါးအပေါ်မှာပဲ ဖြစ်ရတယ်လို့ နားလည်ထားတတ်ကြတယ်။ တကယ်ကတော့ မိမိရဲ့ အတွင်းသန္တာန်မှာ ယုတ်မာရက်စက်တဲ့စိတ်မျိုး လျော့ပါးကင်းစင်စေဖို့အတွက် မိမိအပေါ်မှာ မိမိကရုဏာစိတ် ရှေးဦးစွာ မွေးမြူရမှာ ဖြစ်တယ်။ ကရုဏာဘာဝနာပွားတဲ့အလုပ်မှာ ကိုယ့်ကိုယ်ကို ပထမဦးစွာ ကရုဏာတရား ဖြစ်ပေါ်စေရတယ်။ မိမိကိုယ်တိုင်က မေတ္တာ ကရုဏာစိတ်များ မရှိသေးဘဲနဲ့ တပါးသူ့အပေါ်မှာ ဒီစိတ်မျိုးတွေ ဖြန့်ဝေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ချစ်ပါတယ်။ ကရုဏာထားပါတယ်လို့ ဆိုနိုင်ဖို့ရာ ကရုဏာဘာဝနာ ပွားခြင်းအားဖြင့် မိမိရဲ့သန္တာန်မှာ သန့်စင်မွန်မြတ်တဲ့ စိတ်ဓာတ် ထာဝစဉ်ကိန်းအောင်း နေအောင် အားထုတ်ရတယ်။ ဒါမှသာ ကိုယ်အမူအရာ နှုတ်အမူအရာတွေဟာ အဲဒီသန့်စင် မွန်မြတ်တဲ့ စိတ်ထားကို ထင်ရှားပေါ်လွင်နိုင်ပေလိမ့်မယ်။

ဒီတော့ စဉ်းစားကြည့်ကြပါ။ မိမိဟာ မိမိအပေါ်မှာ စစ်မှန်တဲ့ မေတ္တာကရုဏာ ထားပါတယ်လို့ အာမခံနိုင်ကြရဲ့လား။ အာမခံနိုင်တယ်ဆိုတာ တဏှာ ဒေါသနဲ့ မောဟစိတ်တွေ မိမိသန္တာန်မှာ ၀င်ရောက်လာစေပြီးတော့ မိမိရဲ့ ဘေးအန္တရာယ်ကို မိမိအဖြစ်ခံတဲ့သူများ ဖြစ်နေသလား။ မနေဘူးလား။ အဲဒီလို မှတ်ကျောက်တင်-ကြည့်ရမယ်။ အဲဒီ အကုသိုလ်စိတ်တွေ ၀င်လာပြီဆိုရင် ကိုယ်အမူအရာ နှုတ်အမူအရာ တွေဟာလဲ တဏှာ ဒေါသ မောဟ တရားတွေနဲ့ ယှဉ်တွဲလျက် ရှိနေမှာပဲ။ အဲဒီလိုဖြစ်ရင် ကိုယ့်အန္တရာယ်ကို ကိုယ်ဖြစ်စေပြီလို့ မှတ်ယူရမယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းကို ကိုယ်မြင့်တင်လိုသူဟာ မိမိရဲ့သန္တာန်မှာ စစ်မှန်တဲ့ မေတ္တာ ကရုဏာစိတ်များ ကိန်းအောင်းနေအောင် ရှေးဦးစွာ ကျင့်ကြံအားထုတ်ရတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ အလိုတော်ကျ ပြုကျင့်ရမယ့် ကိစ္စကတော့ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ဆုံးမရတဲ့ ကိစ္စပဲ။ ဒီလို လုပ်တဲ့အတွက် သူတပါးရဲ့ အခက်အခဲတွေကို နားလည်နိုင်ပြီး ကူညီမစတဲ့ အလုပ်ဟာ ခရီးရောက်စေနိုင် တာကြောင့် ကိုယ့်အရည်အသွေးကို ကိုယ်တိုင် မြှင့်တင်ရတဲ့ သဘောပဲ။ မိမိကိုယ်တိုင်က တကိုယ်ကောင်းစိတ်တို့ ဒေါသစိတ်တို့ တပါးသူ့အပေါ် အမြင်လွဲမှားမှုတို့ ရှိနေရင် အဲဒါ ကိုယ့်အဖို့လဲ အန္တ့ာယ်ပဲ။ တပါးသူတွေအဖို့လဲ အန္တရာယ်ပဲ။

တချို့ကတော့ သူများတွေနဲ့ ပြောဟောဆက်ဆံပြီး ပြင်ပကကိစ္စတွေနဲ့ နေနေကျဖြစ်တော့ အဲဒီလို ဘေးလူကို ကူညီမစရတဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကို ကူညီမစရတာထက် လွယ်တယ်လို့ ထင်တတ်ကြတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်စွမ်း ကောင်းကောင်းမရှိသူဟာ သူများကို တိုးတက်အောင် ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ ကိုယ့်ကိုယ်ကို အကျိုးရှိအောင် နေတတ်သူဟာ သူများကိုလဲ အကျိုးများစေတတ်တယ်-လို့ ဆိုရိုးစကားတခု ရှိပါတယ်။ ဒါကြောင့် မြဲမြဲမှတ်ထားကြရမယ့် အချက်က ကိုယ့်ရဲ့စိတ်ယုတ်မာနဲ့ လောဘရမ္မက်ဆိုးတွေဟာ ကိုယ့်အတွက် အကြီးမားဆုံး အန္တရာယ်ပဲဆိုတဲ့ အချက်ပဲ။ အဲဒီစိတ်မိုက် စိတ်ရိုင်းတွေက နေ့ရော ညပါ အခါမရွေး ကိုယ်ထဲမှာ ၀င်ပူးပြီး အမှောင့်ပယောဂတွေ ဖြစ်နေတတ်တာမို့ အဲဒီစိတ်ရိုင်းတွေနဲ့ ကင်းအောင် ကိုယ့်ကိုယ်ကို ဆုံးမနိုင်ရမယ်။ လူတယောက်ဟာ ရင်တွင်းမှာ မချမ်းမြေ့ဘူး (ပူလောင်နေမယ်) ဆိုရင် ပြင်ပဘယ်နေရာမှာမှ ပျော်ရွှင်ချမ်းမြေ့မှုကို ရှာမတွေ့နိုင်ဘူး။

မိမိကိုယ်ကို ယဉ်ပါးအောင် မထိန်းကျောင်းနိုင်တဲ့သူဟာ သူတပါးအကျိုးတွေ ဆောင်ပါတယ်ဆိုပြီး ၀န်ထမ်းလုပ်ငန်းတွေ လျှောက်လုပ်နေသော်လဲ အဲဒီလို လုပ်နေရတာကို သူ-မပျော်ပိုက်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့စိတ်ကိုယ်တိုင်က ငြိမ်းအေးတည်ငြိမ်မှု မရှိတဲ့အတွက် သူ့ပတ်ဝန်းကျင်ကို ငြိမ်းအေးတည်ငြိမ်အောင် မလုပ်နိုင်တဲ့ သဘောပါပဲ။ အဲဒီ လူမှုဝန်ထမ်းသမားမျိုးဟာ သူများကိုတော့ ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါ-စသည်ဖြင့် ဟောပြောတတ်ကြပါရဲ့။ ဒါပေမယ့် သူတို့အလုပ်မှာ သူတို့ မပျော်ပိုက်နိုင်ကြဘူး။ သူတို့လုပ်ငန်းတွေ မထိရောက် မအောင်မြင်တာ တွေ့ရတဲ့အခါ သူများကိုပဲ လက်ညှိုးထိုးတတ်ကြတယ်။ ကျုပ်တို့ကတော့ အစွမ်းကုန် လုပ်ပေးကြတာပဲ၊ ဒါပေမယ့် ဒီလူတွေက ကျုပ်တို့လုပ်တာကို အကောင်းမထင်ကြဘူး။ အစရှိသဖြင့် ပြောတတ်ကြတယ်။ ဒီလိုလူမျိုးဟာ လူမှုဝန်ထမ်းလုပ်ငန်းလုပ်ဖို့ မထိုက်တာ အမှန်ပါပဲ။


ကရုဏာစိတ်အမှန်ရှိပြီးတော့ သူများအပေါ်မှာ နားလည်ခွင့်လွှတ်တတ်သူတဦးအဖို့မှာ သူတပါးကို ကူညီမစရတဲ့ အလုပ်ဟာ တဖက်သားကို စိတ်ချမ့်းမြေ့စေတဲ့အပြင် ကိုယ်တိုင်မှာလဲ စေတနာသန့်သန့်နှင့် ကူညီလိုက်ရတဲ့ အတွက် မိမိရဲ့ ငြိမ်းအေးတည်ငြိမ်မှုကြောင့် ကိုယ်တိုင်လဲပဲ စိတ်ကြည်လင်ရွှင်ပျခြင်းဆိုတဲ့ ကောင်းကျိုးမင်္ဂလာနဲ့ ပြည့်စုံနေပါတော့တယ်။ မိမိကိုယ်တိုင် ကရုဏာစိတ် မွေးမြူရတဲ့ကိစ္စဟာ သူများကို ဘာလုပ်ပါ၊ ညာလုပ်ပါ စသည်ဖြင့် ဆရာလုပ်ရတဲ့ကိစ္စထက် အပုံပဲပိုပြီး ခက်ခဲနက်နဲတယ်။ နိပါတ်တော်များ (ဇာတကပါဠိတော်) မှာ ဆိုရင် ဘုရားလောင်းဟာ လူ့လောကကြီး ကောင်းစားရေးအတွက် ရွက်ဆောင်နိုင်စွမ်း ထက်မြက်အောင် မိမိရဲ့နှလုံးရည် တိုးတက်မြင့်မားရေး (ပါရမီဖြည့်ကျင့် ဆည်းပူးမှု) တွေကို ဘယ်လောက်တောင် စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ရသလဲဆိုတာ တွေ့နိုင်ကြတယ် မဟုတ်လား။

နောက်ပြီးတော့လဲ ကိုယ့်ကိုယ်ကို တရားနဲ့အညီ ကျင့်ကြံနေထိုင်မှု မရှိသူဟာ တလောကလုံးနဲ့ ဆက်ဆံရာမှာ တရားနှင့်အညီ ပြုမူဆက်ဆံနိုင်စွမ်း ဘယ်မှာရှိပါ့မလဲ။ အင်ဂျင်နီယာ တယောက်ဟာ အင်ဂျင်နီယာအတတ်ကို ပေါက်မြောက်အောင် သင်ယူပြီးမှသာ သူ့ပညာနှင့် ပြောင်မြောက်တဲ့ လက်ရာတွေကို ဖန်တီးနိုင်တယ်။

ဆရာဝန်လုပ်စားသူဟာ ဆေးပညာကို ကျကျနန မသင်ခဲ့ဘဲနဲ့ လူနာတွေကို လက်ခံကုသနေရင် သူ့စေတနာက မပြည့်ဝတဲ့အတွက် လူနာတွေ ဒုက္ခရာက်ကြရတာပေါ့။ ဒီသဘောအတိုင်းဘဲ။ လူမှုရေးဘက်မှာဖြစ်စေ၊ နိုင်ငံရေး ဘက်မှာဖြစ်စေ၊ ဘာသာရေးဘက်မှာဖြစ်စေ၊ ခေါင်းဆောင်လုပ်မဲ့သူဆိုတာ ကိုယ်တိုင်က နှလုံးရည်ပြည့်ဝမှု မရှိခဲ့ရင် သူ့နောက်လိုက်တွေဟာ လမ်းမှန် မရောက်နိုင်ဘဲ လမ်းလွဲကိုပဲ လိုက်မိနေကြရမှာပေါ့။

ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ အလုပ်ဟာ စိတ်ဓာတ် ရင့်သန်ဖွံ့ဖြိုးအောင် လေ့ကျင့်တဲ့အလုပ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးအောင် လေ့ကျင့်ထားတဲ့စိတ်က မှန်တဲ့တွေးကြံမှုများ၊ ပြောဆိုမှုများနဲ့ လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေတတ်တယ်။ သူတပါးကို လေ့ကျင့်ပျိုးထောင်မှုတွေကိုသာ အာရုံစိုက်လွန်းကြတဲ့အတွက် မိမိကိုယ်တိုင် အတွင်းသန္တာန်မှာ ရင့်ကျက်မှုရှိအောင် လေ့ကျင့်ပျိုးထောင်ဖို့ ကိစ္စကို မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို နှလုံးရည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘာကြောင့် မစဉ်းစားမိကြတာလဲ။

ဗုဒ္ဓလမ်းစဉ်မှာ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နည်းတွေ ညွှန်ပြထားတာပဲ။ ဘုရားဟောတရားတွေထဲမှာ လောကကြီး သာယာဝပြောပြီး အပြစ်အနာအဆာကင်းဖို့ အရေးမှာ လူတဦးစီမှာ အပြစ်အနာအဆာဆိုတဲ့ ဒုစရိုက်တရားများ ကင်းစင်စေရမယ်လို့ လမ်းညွှန်ထားတာတွေ အများကြီးပါပဲ။ ဆိုလိုရင်းကတော့ လောကဆိုတာ လောကသားတို့ရဲ့ အတွင်းသန္တာန်ကို ဖော်ညွှန်းနေတယ်ဆိုတဲ့ သဘောကို နားလည်ရမယ်။ လူတဦးစီရဲ့ စိတ်ထားသန့်စင်မွန်မြတ်မှသာ လောကကြီး အေးချမ်းသာယာ နိုင်ကြောင်း သဘောပေါက်ကြဖို့ ပါပဲ။ များသောအားဖြင့်ကတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်-ဆိုတဲ့ စကားလိုပါပဲ မတော်မလျော်တာတွေ တွေ့ရရင် သူများအပေါ်မှာသာ အပြစ်ဖို့တတ်ကြတယ်။ ကိုယ်ကကော ဘယ်လောက် တရားသဖြင့် နေထိုင်ကျင့်ကြံပါသလဲ-လို့ စစ်တမ်းထုတ်ကြည့်လေ့ မရှိကြပါဘူး။

ဒါကြောင့် မိမိကိုယ်ကို မိမိ ကရုဏာပွားဖို့က ပထမကိစ္စဖြစ်တယ်။ ဒီလုပ်ငန်းအောင်မြင် ပေါက်မြောက်ဖို့ရာမှာ တွေးခေါ်မှု ကြည်လင်နေရမယ်။ ကိုယ်လိုက်နာဖို့ စည်းကမ်းကိုလဲ ကျိုးကျိုးနွံနွံ လိုက်နာရပေလိမ့်မယ်။ ဒီလုပ်ငန်း ပေါက်မြောက်ရေးမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်မှု သာမက ကိုယ့်သားသမီးများကို လေ့ကျင့် ပျိုးထောင်မှုလဲ လိုတယ်။ ကလေးအရွယ်ကစပြီးတော့ စိတ်ကို လေ့ကျင့်ပေးလာမှသာ တွေးခေါ်မှု ကြည်လင်စေ တတ်တယ်။ သို့မှမဟုတ်လို့ ကြီးမှစပြီး လေ့ကျင့်ဖို့ဆိုတာ မလွယ်လှဘူး။ ကလေးဘ၀မှာ သင်အံလေ့ကျင့်ရတဲ့ ကဗျာလင်္ကာ ပုံပြင်ကလေးတွေဟာ တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ကရုဏာကင်းမဲ့တဲ့ သဘောတွေ ပါတတ်တယ်။

ပုံစံအားဖြင့်-
ကြွက်ကန်းသုံးကောင် ( Three Blind Mice ) ဆိုတဲ့ကလေးကဗျာမျိုး။
ဂျက်ဆောက်တဲ့အိမ် ( The House That Jack Built ) စတဲ့ ကလေးကဗျာမျိုးတွေပဲကြည့်ပါ။
နုနယ်တဲ့ကလေးသူငယ်ရဲ့ စိတ်ထဲမှာ အဲဒီကဗျာပါ အကြောင်းအရာတွေဟာ စိတ်အဆိပ်သင့်စေတတ်တယ်။
မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှုကို လုံးဝမဖြစ်စေနိုင်ဘူး။ ကိုယ့်ကိုယ်ကို စည်းကမ်းထားတတ်ဖို့ကိုလဲ အထောက်အပံ့ မပြုဘူး။ စိတ်ထားမွန်မြတ်မှုကို စတင်ညွှန်ပြရေးဆိုတဲ့ ရည်မှန်းချက်ဟာ ပပျောက်နေ တော့တယ်။

ရှင်တော်မြတ်ဘုရားရဲ့ ဟောပြောချက်များမှာ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ကရုဏာထားရမယ်လို့ အလေးအနက် ပြဆိုထားပါတယ်။ ဒီလိုဆိုတာဟာ ကိုယ့်ကိုယ်ကို သနားနေတာ၊ ကိုယ့်အဖြစ်ကို တွေးပြီး ၀မ်းနည်းကြေကွဲနေတာ တို့ကို ပြောလိုတာ မဟုတ်ဘူးနော်။ အဲဒီ သနားစိတ်၊ ၀မ်းနည်းစိတ်တွေဟာ တကိုယ်ကောင်းဆန်တဲ့ သဘောသာ ဖြစ်တယ်။ အဲဒီစိတ်တွေ ၀င်လာပြီဆိုရင် သူများအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်မှု မရှိတော့ဘဲ ဒေါသစိတ်တွေ ဖြစ်ပွားလာတတ်တယ်။ တချို့တလေကျတော့ အဲဒီလို မခံချင်စိတ် (ဒေါသ) ကိုပဲ ကျုပ်က ဘယ်ခံမလဲဗျ-အစရှိသည်ဖြင့် ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်ပြီး ပြောတတ်ကြတယ်။ ဒါပေမယ့် တရားသဘောနဲ့ကြည့်ရင် ဒေါသဆိုတဲ့စိတ်ဟာ တရားတဲ့ဒေါသ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒေါသရယ်လို့ ဘယ်တော့မှ မရှိဘူးလို့ မှတ်ထားကြပါ။ ဒေါသဟာ ဒေါသစိတ် ၀င်တဲ့သူကိုရော၊ ဘေးလူတွေကိုရော ဆိုးကျိုးကိုသာ ပေးတတ်တဲ့ အဖျက်တရား သက်သက်ပါ။

ကရုဏာစိတ်ထားကို မိမိအပေါ်မှာ မိမိမွေးမြူပျိုးထောင်လို့ ပေါက်မြောက်ပြီးသူဟာ သူရဲ့ပတ်ဝန်းကျင်ကို ကရုဏာစိတ်တွေ ဖြန့်ဝေနိုင်တဲ့ အနေအထားသို့ ရောက်ရှိလာတော့တာပါပဲ။ ဖြန့်ဝေတဲ့ အလေ့အထကိုလဲ နီးစပ်ရာ ပတ်ဝန်းကျင်ကို အစပြုပြီးတော့ တနိုင်ငံလုံးအထိ ရည်မှန်းပြီး ပျံ့နှံ့အောင် ပို့လွှတ်ပါ။ တကမ္ဘာလုံးကို လွှမ်းခြုံမိအောင် ပို့လွှတ်ပါ။ ကရုဏာပို့လွှတ်တဲ့နေရာမှာ ပုဂ္ဂိုလ်အမျိုးအစား၊ အဆင့်အတန်း၊ အယူဘာသာ၊ အသားရောင် စတဲ့ခွဲခြားမှု လုံးဝ ကင်းစင်ရပါမယ်။ မိမိထားရှိတဲ့ ကရုဏာတရားကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုမယ် ဆိုခဲ့ရင် အဲဒါ ကရုဏာစိတ်အစစ် မဟုတ်တော့ဘူး။

ကမ္မဋ္ဌာန်းပွားများတဲ့ အလုပ်ဟာ စိတ်လေ့ကျင့်မှုကို စတင်ပေးတဲ့အနေနဲ့ ကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကရုဏာအကြောင်းကို ဒီသင်တန်းသူ သင်တန်းသားများ စဉ်းစားကြည့်ကြဖို့လဲ တိုက်တွန်းချင်တယ်။ သင်တန်းတက်လာသူဆိုတာ သင်တန်းမှာသင်တဲ့ အကြောင်းအရာတွေဟာ ဘာကိုဆိုလိုတာလဲလို့ လေးလေးနက်နက် တွေးကြည့်ပြီးတော့ ကရုဏာအကြောင်း ပို့ချချက်ကို သဘောပေါက်ပြီးရင် လက်တွေ့ ကရုဏာစိတ်ကို ထားကြည့်သင့်ကြတယ်။ အဲဒီလို စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်မိအောင်လုပ်ဖို့ စိတ်ထဲမှာ ပြဋ္ဌာန်းထားရကြရမယ်။ ဟာ-ဒါလောက်တော့ နားလည်ပါတယ်-လို့ ခပ်ပေါ့ပေါ့ သဘောထားမယ်ဆိုရင် သင်ကြားထားသမျှကလေးတွေဟာ မစွဲမြဲသေးတဲ့အတွက် မေ့ပျောက်သွားတတ်တယ်။

ဒီတော့ ပထမဦးဆုံး မိမိကိုယ်ကို မိမိ ကရုဏာစိတ် ဖြစ်နေအောင် ရှုမှတ် နှလုံးသွင်းကြပါ။ နှလုံးသားထဲမှာရော၊ စိတ်ကူးထဲမှာရော ကရုဏာတွေ ပြည့်ဝလာသည်အထိ ပွားများအားထုတ်ကြပါ။ ဒီနောက်မှာတော့ ဒီကရုဏာဓာတ်ဟာ စကြာဝဠာတတိုက်လုံးမှာရှိကြတဲ့ သတ္တ၀ါအားလုံးကို လွှမ်းခြုံမိတဲ့အထိ ဖြန့်ဝေပို့လွှတ်ပါ။

( အရှင်သေဋ္ဌိလ-အဂ္ဂမဟာပဏ္ဍိတ-အဘိဓဇမဟာရဋ္ဌဂုရု )

No comments: