Sunday, June 21, 2009

ခေါင်းဖြူပြီး အိုမင်းကာမျှဖြင့် မထေရ်မဆိုနိုင်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ ရှိစဉ် တောနေအာဂန္တု ရဟန်းသုံးကျိပ် ရောက်လာရာ ကျောင်းတွင် ကိုယ်ကာယသေးသဖြင့် ငယ်ပုံပေါက်နေသော အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို တွေ့မြင်ကြ၏။ ဘုရားရှင် ရှေ့တော်မှောက် ရောက်လာကြသောအခါ ဘုရားရှင်က အာဂန္တုရဟန်းတို့အား-ကျောင်းအနီးတွင် မထေရ်တပါးကို တွေ့မြင်ခဲ့ကြသလော-ဟု မေးရာ မထေရ်တပါးမတွေ့ခဲ့ပါ၊ သာမဏေငယ်တပါးကိုသာ တွေ့မြင်ခဲ့ကြပါသည်ဘုရား- ဟု လျှောက်တင်ကြ၏။

ရဟန်းတို့ ထိုသူသည် သာမဏေမဟုတ်၊ မထေရ်ကြီးတပါးဖြစ်သည်-ဟု ဘုရားရှင်က မိန့်တော်မူ၏။ ထိုအခါ အာဂန္တုရဟန်းများက -အရှင်ဘုရား ထိုမထေရ်သည် အလွန်သေးငယ်လှပါသည်ဘုရား-ဟု လျှောက်ထားကြ၏။ ဘုရားရှင်က-ရဟန်းတို့ အသက်ကြီးကာမျှဖြင့်၎င်း၊ မထေရ်နေရာတွင် ထိုင်နေကာမျှဖြင့်၎င်း မထေရ်ဟု မခေါ်ဆိုနိုင်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး အခြားသူအား မညှဉ်းဆဲသူသာ မထေရ်ဖြစ်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
န တေန ထေရော သော ဟောတိ ၊ ယေနဿ ပလိတံ သိရော ။
ပရိပက္ကော ၀ယော တဿ ၊ မောဃဇိဏ္ဏော-တိ ၀ုစ္စတိ ။

ယမှိ သစ္စဉ္စ ဓမ္မော စ ၊ အဟိံသာ သံယမော ဒမော ။
သ ဝေ ၀န္တမလော ဓီရော ၊ ထေရော ဣတိ ပ၀ုစ္စတိ ။

( မြန်မာပြန် )
၁။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဖြူကာမျှဖြင့် မထေရ်မမည်။ ထိုရဟန်း၏ အရွယ်အိုရင့်မှုကို အကျိုးမဲ့အိုရင့်မှု-ဟု ဆိုအပ်၏။

၂။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏။ တရားလည်းရှိ၏။ ညှဉ်းဆဲမှုမရှိ။ သီလစောင့်ခြင်းရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုသူကိုသာ မထေရ်ဟု ဆိုအပ်၏။

( ဆောင်ပုဒ် )
ဖြူဖွေးဆံပင်၊ ခေါင်းတပြင်လုံး၊ ပိတ်ဖုံးကာမျှ၊ ကြီးစွာ့မထေရ်၊ မဆိုလေနှင့်၊
အိုနေချိန်လင့်၊ ထိုရွယ်ရင့်ကား၊ နှေးဖင့်ဉာဏ်ရွဲ့၊ အကျိုးမဲ့သာ၊ အိုရင့်လာသူ၊ ဖြစ်သည်ဟူ၏။

သစ္စာလည်းရှိ၊ တရားသိလျက်၊ မြဲသည့်သီလ၊ ဆုံးမဣနြေ္ဒ၊ ကိလေသာကင်း၊ မညှဉ်းဆဲဘိ၊ ပညာရှိသာ၊ မြတ်သည့်ပုဂ္ဂိုလ်၊ မထေရ်ဆို၏။

( ဓမ္မဋ္ဌ၀ဂ် လကုဏ္ဍကဘဒ္ဒိယတ္ထေရ၀တ္ထု )

No comments: