Sunday, July 5, 2009

ကောက်ဦး အလှူရှင်

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရားရှင် ထင်ရှားပွင့်တော်မူချိန်ဖြစ်သည်။ ဟံသာဝတီမြို့၌ သားမယားကို လယ်လုပ်ငန်း လုပ်ကိုင်၍ ကျွေးမွေးသော လယ်သမားတဦး ရှိသည်။ သူသည် ရတနာသုံးပါး၌ ယုံကြည်ကိုးကွယ်သူဖြစ်၏။

တနေ့၌ မိမိလယ်တွင် ကောက်ပင်များသည် အသီးများ အလွန်ဖြစ်ထွန်းနေ၏။ သူသည် ကောက်ပင်မှည့်ချိန် ရောက်သော် မိမိလယ်ကိုကြည့်၍ ငါသည်-မြတ်စွာဘုရားနှင့် သံဃာတော်များ ထင်ရှားရှိသည့် သာသနာ၌ သံဃာအားမလှူဘဲ ဦးဦးဖျားဖျား စားခြင်းသည် မသင့်လျော်ပေ။ မြတ်စွာဘုရားထံမှ သံဃာတပါးပါးကို ပင့်လျှောက်၍ လှူဒါန်းရလျှင် ကောင်းပေမည်-ဟူ၍ လေးနက်စွာ တွေးတောမိသည်။


ထို့နောက် သူသည် ငါ့၌ မကောင်းသောစိတ်များ မ၀င်မီ တွေးတောမှုကို နောက်ထား၍ အလုပ်နှင့် သက်သေထူခြင်းက ကောင်း၏-ဟူ၍ မြတ်စွာဘုရားကျောင်းတော်သို့ သွားလေသည်။
ကျောင်းတော်သို့ရောက်သော် ထိုလယ်သမားသည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထိခြင်းငါးပါးဖြင့် ရှိခိုးကာ လူနတ်ဗြဟ္မာတို့၏ ပူဇော်ရာဖြစ်တော်မူသော မြတ်စွာဘုရား၊ တပည့်တော်၏လယ်၌ ကောက်ဦးများ ရင့်မှည့်လျက် ရှိသဖြင့် အလှူခံတော်မူပါဘုရား-ဟု လျှောက်ထားသည်။


လောကသုံးပါးကိုသိတော်မူသော မြတ်စွာဘုရားသည် လယ်သမား၏ စိတ်အကြံကို သိတော်မူ၍-၀ိပဿနာ၌ ကျင့်ဆဲ၊ မဂ်ဖိုလ်၌ တည်သော အရိယာသံဃာတော်တို့သည် ဖြောင့်မတ်သောအကျင့်၊ ပညာ၊ သီလ၊ သမာဓိနှင့် ပြည့်စုံ၏။ ကောင်းမှုကို အလိုရှိသူသည် ထိုသံဃာကို ကောက်ဦးလှူခြင်းနှင့်တကွ အခြားဝတ္ထုတို့ပါ လှူခြင်းဖြင့် ထိုသူ ကွယ်လွန်သည့်နောက် ကောင်းရာသုဂတိသို့ ရောက်ကာ များပြားသောအကျိုးကို ရရှိနိုင်၏။ ထိုသံဃာကိုသာ ပေးလှူလော့-ဟု မိန့်တော်မူလေသည်။


လယ်သမားသည် ၀မ်းမြောက်စွာဖြင့် မြတ်စွာဘုရား ညွှန်ပြသောသံဃာကို မိမိအမ်သို့ပင့်၍ ကောက်ဦးဆွမ်းကို ပေးလှူလေသည်။ သူသည် ထိုသံဃာအား ကောက်ဦးဆွမ်းလှူခြင်းနှင့် အခြားဝတ္ထုလှူခြင်းကို ၀တ္တရားမပျက် သက်တမ်းကုန်သည်အထိ ပြုလေသည်။


သက်တမ်းကုန်၍ ထိုလယ်သမား ကွယ်လွန်သော် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်သည်။ အစောက် ယူဇနာ ခြောက်ဆယ်၊ အကျယ် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်ဖြင့် နေထိုင်ရသည်။ နတ်သမီးအပေါင်းတို့ ခြံရံလျက်အလိုရှိတိုင်း စားသောက်ရလေသည်။ နတ်တို့၏ သက်တမ်းအားဖြင့် နေပြီးနောက် သံသရာခရီးလမ်း တလျှောက်တွင် ချမ်းသာ အကြိမ်ကြိမ်ခံစားရ၍ အထက်တန်းကျကျ ကျင်လည်သွားလာခဲ့သည်။


ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူချိန်တွင် သူသည် မြတ်သောအမျိုး၌ လူဖြစ်၍ ချမ်းသာပြည့်စုံစွာ နေထိုင်ရသည်။ အရွယ်ရောက်သောအခါ မြတ်စွာဘုရားရှင်၏ သာသနာတော်သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် ကမ္မဋ္ဌာန်းတရား အားထုတ်ရာ ရဟန္တာဖြစ်တော်မူသည်။ သုစိန္တိတ မထေရ်-ဟု အမည်တွင်သည်။


ငါသည် မြတ်သောသံဃာအား ကောက်ဦးဆွမ်းလှူခဲ့သဖြင့်
၁။ အဆင်းလှခြင်း၊
၂။ အခြံအရံများခြင်း၊
၃။ စည်းစိမ်ဥစ္စာ များပြားခြင်း၊
၎။ ဘေးရန် မရှိခြင်း၊
၅။ အခါခပ်သိမ်း အပေါင်းအသင်း ပေါများခြင်း၊
၆။ မပျက်စီးသော ပရိသတ်ရှိခြင်း၊
၇။ လူအားလုံးတို့ ပူဇော်ခြင်း၊
၈။ လှူဖွယ်ဝတ္ထုကို ဦးဦးဖျားဖျား ရရှိခြင်းဟူသော အကျိုး ရှစ်ပါးကို နောက်ဆုံးဘ၀တိုင် ရရှိခံစားရပေသည်တကား-ဟူ၍ မထေရ်သည် ဥဒါန်းကျူးရင့်တော်မူ၏။


ဤဖြစ်ရပ်သည် ကောက်ဦးဆွမ်း လှူရသော ကောင်းမှုကုသိုလ်ကံ၏ အစွမ်းသတ္တိကြီးမားပုံ သာဓကတခု ဖြစ်ပါသည်။


ကျမ်းကိုး။ ထေရာပဒါန်ပါဠိတော် သုစိန္တိတ မထေရ်ဝတ္ထု။

( ပန်းစကြာ-ရန်ကုန်တက္ကသိုလ် )

No comments: