Monday, July 6, 2009

မာန စေတသိက်

ဗုဒ္ဓအဆုံးအမအရ အရင်းမူလကို စိစစ်ပါက မာနဟူသည် စေတသိက် ၅၂-ပါးတွင် ပါဝင်သော မာနစေတသိက် ဖြစ်သည်။ အကုသိုလ် စေတသိက် ၁၄-ပါးတွင်လည်း မာန အပါအ၀င် ဖြစ်သည်။ လယ်တီဆရာတော်ကြီးက-မာနသည်ကား အထင်မှားခြင်းတည်း။ ငါမဟုတ်သော နာမ်ရုပ်ကို ငါဟုထင်ခြင်း။ ထိုငါကိုပင် အမျိုးမျိုးစွဲ၍ ယုတ်သည် မြတ်သည်-ဟု ထင်ခြင်း၊ အနွယ်ကိုစွဲ၍ ယုတ်သည် မြတ်သည်ဟု ထင်ခြင်းတည်း-ဟု ရေးသားဖွင့်ပြတော်မူသည်။


ပုဂ္ဂိုလ်အတန်းအစားအရကား-
(၁) သေယျ ပုဂ္ဂိုလ်-အထက်တန်းစား လူမျိုး
(၂) သဒိသ ပုဂ္ဂိုလ်-အများနှင့် တန်းတူလူမျိုး
(၃) ဟီန ပုဂ္ဂိုလ်-အောက်တန်းစား လူမျိုး-ဟူ၍ သုံးမျိုးကွဲပြား၏။
မာန်အနေဖြင့်-
(၁) သေယျမာန်-အမျိုး-ဥစ္စာ-ပညာ-အဆင်း အစရှိသည်တွင် အဖက်ဖက်က သူများထက် သာသည်ဟု မှတ်ထင်မှု
(၂) သဒိသမာန်-အမျိုး-ဥစ္စာ-ပညာ-အဆင်း အစရှိသည်တွင် သင်းတို့နှင့် ဘာထူးသလဲဟု မှတ်ထင်မှု
(၃) ဟီနမာန်-သူတို့လောက် မမြင့်တော့ ငါက ဘာအရေးစိုက်ရမှာလဲ ဟူသော စိတ်ထားမှုများ ရှိပြန်သဖြင့် အကြမ်းဖျင်းအားဖြင့် မာန်ကိုးမျိုး သတ်မှတ်နိုင်သသည်။
ခုဒ္ဒက၀တ္ထု ၀ိဘင်းပါဠိတော် နေတ္တိပါဠိတော်များ၌ မာနကို ဥစ္စာ-ပစ္စည်း-ပညာအဆင့်၊ အဆင်း-အသံ-စွမ်းဆောင်မှု စသည်တို့ကို စွဲ၍ မာန ၂၇-မျိုး ခွဲခြားဝေဖန်ပြထားရာ များစွာ ကျယ်ဝန်းသွားသည်။
ဤတွင် သတိပြုရန်မှာ ရှေးဘ၀က မထောင်လွှား၊ မတက်ကြွဘဲ မာန်မာနနည်းပါးခဲ့၍ ဤဘ၀တွင် မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာသည်။
ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့၍ ဤဘ၀တွင် ပစ္စည်းဥစ္စာ ပြည့်စုံသည်။
ရှေးဘ၀က သူတော်သူမြတ်ထံ ချဉ်းကပ်နာယူခဲ့သဖြင့် ဤဘ၀ ပညာကြီးမြတ်သည်။
ရှေးဘ၀က အမျက်ဒေါသနည်းခဲ့၍၄င်း ဘုရားရင်ပြင်၊ ကျောင်းရင်ပြင်တို့တွင် ဝေယျာဝစ္စ ဆောင်ရွက်ခဲ့သဖြင့်၎င်း၊ ဤဘ၀ ရုပ်ရည်အဆင်း ပြေပြစ်တင့်တယ်သည်။
ဤကဲ့သို့သော ရှေးကုသိုလ်ကံများကို ဆင်ခြင်ကာ နောင်လာမည့်ဘ၀များတွင် တဆင့်ထက်တဆင့် မြင့်တက်စေရန် ရည်ရွယ်၍ မာန်မာနစိတ်များကို ချိုးနှိမ်ထိမ်းသိန်းရန် သတိပြုတော်မူနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments: