Wednesday, July 8, 2009

တန်ခိုးပြာဋိဟာ အကြောင်း

( ပဋ္ဌာန်းကျမ်းတော်ကြီး )

ဘုရားဖြစ်တော်မူစ စတုတ္ထ ရက်သတ္တပတ်မှာ မြတ်စွာဘုရားသခင်ဟာ ဗောဓိပင်ခြေရင်းမှာ ပွင့်လင်းတော်မူခဲ့တဲ့ သဗ္ဗညုတဉာဏ်တော်ကို ပြန်ပြောင်း ဆင်ခြင်တော်မူခဲ့ပါတယ်။ အဘိဓမ္မာတရားတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူရာမှာ မဟာပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်တော်မူတဲ့အခါကျမှ ရှေးကမကြုံခဲ့ဘူးသေးတဲ့ စိတ်ကြည်လင်ရွှင်ပျခြင်း ပီတိဇောစိတ်တွေ ထူးထူးခြားခြား ပေါ်ပေါက်လာတယ်။ ပဋ္ဌာန်းကျမ်းတော်ကြီးကတော့ တလောကလုံးမှာ ဖြစ်ပေါ်တည်ရှိတဲ့ သက်ရှိ-သက်မဲ့ အရာခပ်သိမ်းတို့ရဲ့ ကျိုးကြောင်းဆက်စပ်မှု အမျိုးမျိုး အထွေထွေကို ဖြစ်ပုံခြင်းရာ မှန်သမျှ တစမကျန် ဝေဖန်သိမြင်တော်မူတဲ့ နှစ်ဆယ့်လေးပါးသော ပစ္စည်းပစ္စယတွေ အကျုံးဝင်တာ ဖြစ်ပါတယ်။

စိတ်တော်ရဲ့ကြည်နူးမှုဟာ နှစ်သိမ့်ရွှင်ပျမှုကို အကျီးအကြယ်ဖြစ်စေတယ်။ စိတ်နှလုံးတော်မှာ သန့်ရှင်းကြည်လင်တဲ့အတွက် ဟဒယ၀တ္ထုက စပြီး သွေးတော်-သားတော်တွေပါ ပြောင်ဝင်းပြီး နေတော့တယ်။ ကျယ်ပြောနက်နဲတဲ့ ဉာဏ်တော်ကို ဆင်ခြင်မိတာနဲ့အမျှ သဗ္ဗညုတရွှေဉာဏ်တော်နှင့် သတ္တ၀ါအပေါင်းအပေါ်မှာ ထားရှိတဲ့ ကရုဏာစိတ်တွေပါ ပေါင်းစပ်မိပြီးတော့ သွေးတော်-သားတော်ရဲ့ ပြောင်ဝင်းမှုကြောင့် ကိုယ်တော်ကနေပြီး ရောင်ခြည်တော်ခြောက်သွယ် ပေါ်ထွက်လာတယ်။

( ရုပ် နှင့် နာမ် )
အဲဒိုလို မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ ဖြစ်ရပ်ကြီးဟာ ဘယ်ပုံဘယ်နည်း ပေါ်ပေါက်လာတာလဲ။ ဒီအကြောင်းကို စဉ်းစားကြည့်မယ်ဆိုရင် ရုပ်နာမ်တို့ရဲ့ သဘာဝကို အခုလို ဆက်စပ်ပြီး နားလည်ဖို့ဖြစ်တယ်။ ဘုရားရှင်ရဲ့ စိတ်နှလုံးတော်ဟာ ဖြူစင်သန့်ရှင်းနေပြီး မေတ္တာဓာတ် ကရုဏာဓာတ်တို့နဲ့ ရွှမ်းစိုနေတဲ့ပြင် သဗ္ဗညုတရွှေဉာဏ်တော်ရဲ့ အလင်းရောင်နဲ့ ပေါင်းစပ်မိတဲ့အခါမှာ သွေးသားတော်ဟာ အင်အားထူးထွေ ရရှိလာရုံမက ရွှန်းပကြည်လင်လာပြီးတော့ အရေတော်ပါ ၀င်းလက်တောက်ပြောင်လာခြင်းပဲဖြစ်တယ်။ လူဆိုတာ ရုပ်တရား နာမ်တရားတို့ရဲ့ အပေါင်းအစုဖြစ်ပြီး ရုပ်နှင့်နာမ်အချင်းချင်းဟာ အမှီသဟဲပြုနေကြပြီး ဆက်စပ်မှုမကင်းတဲ့သဘော ရှိတာမို့ နာမ်တရားဟာ သန့်စင်တောက်ပြောင်လာလို့ ရှိရင် ရုပ်တရားကလဲ ၀င်းပပြီး အရောင်တောက်လာတော့တာပါပဲ။

( သာယာချမ်းမြေ့မှု )
ဒီခေတ်လူသားကတော့ ဗဟိဒ္ဓသဏ္ဌာန်လို့ခေါ်တဲ့ အပြင်ပန်းက အရာဝတ္ထုတွေကိုသာ အာသာငမ်းငမ်း စွဲလမ်းပြီး ကိုးကွယ်စရာလောက်ထိအောင် သဘောထားတတ်တယ်။ ဗဟိဒ္ဓ၀တ္ထုများဖြစ်တဲ့ ရွှေ-ငွေ-မြေ-အစရှိတဲ့ အရာများ ပြည့်စုံရင် ပြဿနာအားလုံးကို ပြေလည်စေနိုင်တယ်လို့ အတွေးရောက်နေတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မိန့်မှာချက်ကတော့ လူဟာ မိမိရဲ့အတွင်းသန္တာန်ကို မိမိ နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်ဖို့ အရေးကြီးကြောင်းကိုသာ ညွှန်ပြထားတယ်။ လူတဦးရဲ့ နှလုံးသားဟာ ကြီးမားတဲ့စွမ်းပကားရဲ့ တည်ရာဖြစ်တာမို့ လူကို ရောဂါရစေတတ်တဲ့သတ္တိ ရှိတဲ့ နည်းတူ ရောဂါပျောက်စေတတ်တဲ့ သတ္တိလဲ ရှိတယ်လို့ ညွှန်ပြတော်မူပါတယ်။

ပျော်ရွှင်မှုဆိုတာ စိတ်ဓာတ်ရဲ့ အခြေအနေပဲ ဖြစ်တယ်။ လူရဲ့ ပျော်ရွှင်မှု၊ စိတ်မချမ်းသာမှုတွေဟာ နောက်ဆုံးမှာတော့ သူ့ရဲ့စိတ်ပေါ်မှာ အခြေခံတာပဲ။ လူတဦးချင်းစီမှာ ပျော်ရွှင်ချမ်းမြေ့မှုရှိမှသာ သူ့ရဲ့လူမှုပတ်ဝန်းကျင်မှာ သာယာချမ်းမြေ့မှု ရှိနိုင်တယ်။ လူ့အသိုင်းအ၀ိုင်းတွေ သာယာချမ်းမြေ့ကြတဲ့နိုင်ငံဟာ သာယာချမ်းမြေ့မှုရှိရင် ကမ္ဘာတခုလုံးရဲ့ သာယာချမ်းမြေ့မှုကိုလဲ ဖြစ်ပေါ်စေတာပေါ့။

( တန်ခိုးပြာဋိဟာ )
ဗုဒ္ဓကျမ်းစာများအရ သိကြရတာကတော့ ရှင်တော်မြတ်ဘုရားမှာ လူတို့တွေးဆနားလည်ဖို့ မစွမ်းနိုင်တဲ့ (၀ါ) မကြံအပ်၊ မကြံစည်နိုင်တဲ့ တန်ခိုးတော်တွေနဲ့ ပြည့်စုံတော်မူပါတယ်။ တန်ခိုးဣဒ္ဓိပါဒ်ကို မြတ်စွာဘုရားဟာ ထင်ရှားပြတော်မူခဲလှတယ်။ အကြောင်းထူးရှိလို့ ပရိသတ်ရဲ့ အကျိုးရှိမယ့်နေရာများမှာသာ တန်ခိုးပြာဋိဟာကို ပြတော်မူပါတယ်။ ဣဒ္ဓိပါဒ်နှင့်ပြည့်စုံတဲ့ တပည့်သား သာဝကကြီးများကိုတော့ တန်ခိုးပြာဋိဟာ မပြရဘူးလို့ တားမြစ်တော်မူပါတယ်။ ဘုရားရှင် တန်ခိုးပြာဋိဟာ ပြခဲ့ဘူးတာရှိပါတယ်။ တိတ္ထိတို့ကို ဘုရားရှင်ရဲ့အပေါ်မှာ အထင်အမြင်လွှဲမှားနေတာ ပယ်ဖျော်စေလိုတော်မူတဲ့အတွက် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့ပါတယ်။

ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာဆိုတာ ဘာလဲ။ ကိုယ်တော်အနှံ့အပြားမှာ တပိုင်းက ရေအလျဉ်တွေ ဖြာထွက်နေခိုက်မှာပဲ ကျန်တပိုင်းက မီးအလျှံတွေ ပျံတက်နေတဲ့ ပြိုင်တူအစုံလိုက် အစုံလိုက် ပေါ်ပေါက်စေတဲ့ အံ့ဖွယ်နဲ့ ကြည်ညိုဖွယ် တန်ခိုးတော်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။

ကိုယ်တော်ရဲ့ အထက်ပိုင်းက ရေအလျဉ်တွေ ဖြာထွက်နေတဲ့အခိုက်မှာ ကိုယ်တော်ရဲ့ အောက်ပိုင်းက မီးလျှံတွေ ပျံတက်နေစေပါတယ်။
တခါ အဲဒါနဲ့ ပြောင်းပြန်၊ အထက်ပိုင်းက မီးလျှံထွက်နေခိုက်မှာ အောက်ပိုင်းက ရေအလျဉ်တွေ ဖြာထွက်စေပြန်ပါတယ်။
အဲဒီလို တလှည့်စီ တလှည့်စီ ရှုမငြီးနိုင်အောင် ဖန်ဆင်းပြီး ပြတော်မူပါတယ်။

တခါ လက်ယာဘက် မျက်လုံးတော်က မီးလျှံတွေ ထွက်နေခိုက်မှာ လက်ဝဲမျက်လုံးတော်က ရေအလျဉ်တွေ ဖြာထွက်နေပြန်ပါတယ်။ ဒီ-ဘယ်ညာ ရေမီးထွက်ပေါ်မှုကိုလဲ တလှည့်စီ ဖန်ဆင်းပြီး ပြတော်မူပါတယ်။
အလားတူပဲ လက်ယာ-နှာဝတော်က မီးအလျှံထွက်နေခိုက်မှာ လက်ဝဲ-နှာဝတော်က ရေအလျဉ်ဖြာထွက်စေခြင်း၊
လက်ယာ-နားတော်က မီးအလျှံ ထွက်နေခိုက်မှာ လက်ဝဲ-နားတော်က ရေအလျဉ် ဖြာထွက်စေခြင်း။
လက်ယာ-နံတောင်းတော်က မီးလျှံထွက်နေခိုက်မှာ လက်ဝဲ-နံတောင်းတော်က ရေအလျဉ် ဖြာထွက်စေခြင်း။
ကိုယ်တော်ရဲ့ ရှေ့ဘက်က မီးလျှံထွက်နေခိုက်မှာ ကိုယ်တော်ရဲ့ နောက်ကျောဘက်က ရေအလျဉ် ဖြာထွက်စေခြင်း-စသည်တို့ကိုလဲ ခု ရေတလှည့်၊ ခု မီးတလှည့်နဲ့ အလဲလဲအလှယ်လှယ် ဖန်ဆင်းပြီး ပြသတော်မူပါတယ်။

ယှဉ်ပြိုင်ပြီးထွက်ပေါ်ကြတဲ့ ရေနဲ့မီးတို့ဟာ အချင်းချင်း ရောယှက်မိခြင်း မရှိ။ တသီးတသန့်စီ ထွက်ပေါ်နေကြတာဖြစ်လို့ ဖူးမြင်ရတဲ့ ပရိသတ်အဖို့မှာ ဘုရားရှင်ရဲ့ မူလ အသရေတော်ပေါ်မှာ ဆင့်လောင်းပြီးတော့ ခုလို ရေမီးအစုံလိုက် အစုံလိုက် ခုတမျိုး ခုတမျိုး ပြောင်းပြောင်းပြီး ပေါ်ထွက်နေတဲ့ အံ့ဖွယ်သရဲ ဖန်ဆင်းနိုင်စွမ်းကြောင့် ဖူးမြော်လို့ မ၀နိုင်တဲ့ မြင်ကွင်းတော်ကြီး ဖြစ်နေတော့တာပေါ့။

ဆံတော် တပင်ချင်းစီကလဲ အဲဒီလိုပဲ ရေမီးတွေ ပြိုင်ပြီးပေါ်ထွက်နေတဲ့အပြင် ရောင်ခြည်တော် ခြောက်သွယ်ကလဲ ကိုယ်တော်တခုလုံးက အလျှံတွေ ဖြာထွက်နေပြန်တယ်။ ဘုရားရှင်ရဲ့ အသရေတော်ဟာ ဘယ်သူမှ ဖော်ပြဖို့ မစွမ်းနိုင်လောက်အောင်ကိုပဲ တင့်တယ်သပ္ပါယ်နေတော့တာပဲ။ ရံဖန်ရံခါ ပြာဋိဟာတော်ကို ခေတ္တ ဆိုင်းငံ့ထားတော်မူခိုက်များမှာ ပရိသတ်ကို ၄င်းတို့ရဲ့ စရိုက်နဲ့ ကိုက်ညီမဲ့ (တရားသိမြင်နိုင်မယ့်) ဒေသနာတော်များကိုလဲ ဟောမိန့်တော်မူပါတယ်။

ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်၊ ဘုန်းတော်တွေကို ချီးကျူးဖွဲ့ဆိုတဲ့ ဂီတသံတွေကလဲ တကွင်းလုံး ပဲ့တင်ထပ်မျှပါပဲ။ တန်ခိုးပြာဋိဟာကို ဖူးတွေ့ရသူမှန်သမျှဟာ ဘုရားရှင်အပေါ်မှာ ကြည်ညိုသဒ္ဓါတွေတဖွားဖွား ဖြစ်ပေါ်လာတာကြောင့် အတိုင်းမသိ ကုသိုလ်တွေ ရရှိသွားကြတယ်။ အရင်က ဘုရားကို ကိုးကွယ်မှုမပြုတဲ့လူတွေဟာလဲ ဒီအချိန်ကစပြီး ဘုရားရဲ့တပည့် သာဝကတွေ ဖြစ်လာကြတယ်။ ရဟန်းပရိသတ် လူပရိသတ်တို့မှာ မဂ္ဂင်တရားမြတ်ကို ကျင့်သုံးပြီး နိဗ္ဗာန်ရလိုဇောတွေ ထက်သန်ပြီး နေကြတော့တယ်။

( ပရမတ္ထတရား လေးပါး )
ဒီနောက်တော့ မြတ်စွာဘုရားသခင်ဟာ မယ်တော်မိနတ်သားဖြစ်တဲ့ သန္တုဿိတ နတ်သားကို အမိကျေးဇူး ဆပ်လိုရင်းအပြင် နတ်ဗြဟ္မာအပေါင်းရဲ့ အကျိုးကို ကရုဏာစိတ်နဲ့ ထောက်မြှော်တော်မူပြီး တာဝတိံသာနတ်ပြည်ကို (တန်ခိုးတော်နဲ့) ကြွလှမ်းတော်မူပြီးတော့ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါတယ်။ အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူတဲ့ ရည်ရွယ်ချက်ကတော့ နတ်ပရိသတ် ဗြဟ္မာပရိသတ်တို့ကို ပရမတ္ထတရား လေးပါး သိမြင်ကြစေဖို့ပဲ ဖြစ်တယ်။ ပရမတ္ထတရား လေးပါး ဆိုတာကတော့ အမည်သညာဆိုတဲ့ ပညတ်တရားတွေနဲ့ လုံးဝခြားနားတဲ့, ပကတိဖြစ်ပေါ်တည်ရှိတဲ့ မဖောက်မပြန် မှန်ကန်သောသဘောရှိတဲ့ (စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်) ဆိုတဲ့ သဘောတရားကြီး လေးပါးကို ဆိုလိုတယ်။

( အဂ္ဂမဟာပဏ္ဍိတ-အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး အရှင်သေဋ္ဌိလ )

No comments: