အထက်ခေါင်းစဉ်အမည်နှင့်ပတ်သက်၍ ဒသကနိပါတ် ဇာတ်အဋ္ဌကထာ၌ ကဏှဒီပါယနဇာတ်၏ အစိတ်အပိုင်းကို ဖော်ပြပါမည်။ အတိတ်တချိန်ကာလက မဏ္ဍဗျသူဌေးကြီးနှင့် ဇနီး-သူဌေးကတော်
သား -ယညဒတ္တတို့သည် ကဏှဒီပါယန ရှင်ရသေ့၏ နေရာ တောကျောင်းတိုက်သို့ ရောက်လာကြလေ၏။
ထိုအခါ သား-ယညဒတ္တသည် ဆော့ကစား၍နေလေ၏၊ ယညဒတ္တ၏ ကျင်(ဂျင်)လုံးသည် တောင်ပို့ခေါင်းထဲသို့ ကျဝင်သွားလေသည်။ ကျင်လုံးအထိခံရသော တောင်ပို့အတွင်းရှိ မြွေဟောက်သည် ဒေါပွနေလေ၏။ ကျင်လုံးကို နှိုက်ယူသော ယညဒတ္တကို မြွေဟောက်သည် ကိုက်လေ၏။ ယညဒတ္တသည် မြွေဆိပ်တက်ကာ သတိလစ်ပြီး မူးမေ့တိမ်းလဲသွားလေ၏။
ရှင်ရသေ့ကို သူဌေးကြီးက သူ၏သားအား ဆေးကုပေးပါရန် တောင်းပန် တိုက်တွန်းလေ၏။ ရှင်ရသေ့က ငါသည် ဆေးမကုတတ်ပါ၊ ဆေးကုသော အမှုကိုလည်း မပြုလုပ်ပါ-ဟု ငြင်းဆိုပယ်ရှားလေ၏။ ထိုသို့ဖြစ်လျှင် အရှင်ဘုရား သူငယ်၌ မေတ္တာသစ္စာပြု၍ ချမ်းသာစေပါဘုရား-ဟု လျှောက်ထားတောင်းပန်လေ၏။
ဒါယကာ၊ ငါသည် ရဟန်းပြု (သင်္ကန်းဝတ်) သည်မှ ၇-ရက်အတွင်း၌သာလျှင် ကြည်ညိုသောစိတ်ဖြင့် ကောင်းမှုကို လိုလားစွာ မြတ်သောအကျင့်ကို ကျင့်၏။ ၇-ရက်လွန်သော် နှစ်ပေါင်းငါးဆယ်ကျော် ကာလ၌ ကောင်းမှုကို အလိုမရှိဘဲ ငါသည်ကျင့်၏။
ဤမှန်ကန်သော သစ္စာစကားကြောင့် ယညဒတ္တသည် ချမ်းသာပါစေ၊ အဆိပ်သည် ပျောက်ပါစေ၊ အသက်ရှင်ပါစေ။
ရှင်ရသေ့၏ မေတ္တာသစ္စာအစွမ်းကြောင့် သူငယ်၏ သားမြတ် (ရင်သား) အထက်၌ ပြန့်ကျဲနေသော မြွေဆိပ်တို့သည် မြေသို့ကျဝင်လေ၏။ သူငယ်သည် သတိရ၍ မျက်လုံးကို ဖွင့်ကာ အဖေ အမေ-ဟု ခေါ်ပြီး မျက်စိမှိတ် ပြန်အိပ်လေ၏။
အရှင်ကောင်းတို့ဘုရား အကျွန်ုပ်သည် ပေးလှူရသည်ကို လုံးဝမနှစ်သက်ပါ၊ အလှူခံများအိမ်သို့ ရောက်လာလျှင်လဲ လုံးဝမနှစ်သက်ပါ၊ အလှူခံများကလဲ တပည့်တော်၏ ထိုအကြောင်းကို မသိကြပါ၊ တပည့်တော်သည် အလိုမရှိဘဲ မလှူလိုဘဲ လှူပါသည်ဘုရား၊
ဤမှန်ကန်သော သစ္စာစကားကြောင့် သားငယ် ယညဒတ္တသည် ချမ်းသာပါစေ၊ အဆိပ်သည် ပျောက်ပါစေ၊ အသက်ရှင်ပါစေ။
ထိုအခါ ဖခင်သူဌေးကြီး၏ သစ္စာအစွမ်းကြောင့် ယညဒတ္တ၏ ခါးအထက်ရှိ အဆိပ်သည် မြေသို့ကျဝင်လေ၏။ ထ၍ ထိုင်လေ၏။ ရပ်ခြင်းငှါ မစွမ်းနိုင်သေးချေ။
ချစ်သားယညဒတ္တ သားကိုကိုက်သော မြွေဟောက်ကို အမေ မချစ်နိုင်ပါ။ အလွန်မုန်းပါသည်။ ထိုနည်းအတူ သား၏ဖခင်ကိုလဲ အလွန်မုန်းပါသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့် သားလေးယညဒတ္တသည် ချမ်းသာပါစေ၊ အဆိပ်ပျေက်ပါစေ၊ အသက်ရှင်ပါစေ၊
မိခင်၏ သစ္စာစကားကြောင့် အဆိပ်အားလုံး မြေသို့ ကျဝင်လေသော် ယညဒတ္တသည် ထ၍ ဆော့ကစားနိုင်လေ၏။
ယညဒတ္တ မိခင်ဆိုသော သစ္စာသည် အမုန်းသစ္စာဖြစ်ကြောင်း ထင်ရှား၏။ အလှူခံပုဂ္ဂိုလ်၌ သ၀န်ကြောင်၍ ပေးလှူမှု၌ တွန့်တိုဆုတ်နစ်ခြင်းသည် မစ္ဆရိယဖြစ်၏။ ယင်းသည် ဒေါသမူဒွေးနှင့် ယှဉ်၏။ ထို့ကြောင့် မဏ္ဍဗျ သူဌေးကြီး၏ သစ္စာသည်လည်း အမုန်းသစ္စာပင် ဖြစ်သင့်သည်ဟု ယူဆပါသည်။
ရှင်ရသေ့၏ နှစ်ပေါင်းငါးဆယ်ကျော် အကျင့်မြတ်၌ အလိုမရှိသော မပျော်မွေ့သော သဘောကို အရကောက်သော် ဒေါသအကုသိုလ် စိတ္တုပ္ပါဒ်ကို ကောက်သင့်သည်ဟု ယူဆမိသည်။ ထို့ကြောင့် ရှင်ရသေ့၏ သစ္စာသည်လည်း အမုန်းသစ္စာသာ ဖြစ်ပါသည်။
မကောင်းသော အကြောင်းအရာကိုပင် အမှန်ပြောခြင်း ၀စီသစ္စာသည် မုသာဝါဒ၀ိရတီ ဖြစ်၏။ ကာမာဝစရ ကုသိုလ်ရ၏။ ဤဇာတ်လမ်းတွင် သစ္စာရှင်တို့အား ရရှိသော ကာမာဝစရကုသိုလ်သည် ယညဒတ္တ၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်စွမ်းရှိသည်။
၎င်းကိုနည်းမှီး၍ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတို့ကို လေ့ကျင့်ထားပြီး ထိုကောင်းသောအကြောင်းတို့ကို သစ္စာဆိုပါလျှင်လည်း လိုအပ်သောအကျိုးကို ပြီးစီးရရှိစေနိုင်ပါမည် ဖြစ်ကြောင်း လိုရင်းအကျည်းရုံးကာ နိဂုံးချုပ်လိုက်ပါသည်။
(ငါးရာ့ငါးဆယ် ဇာတ်တော်မှ ကဏှဒီပါယနဇာတ်ကို အခြေပြုရေးသည် )
( လှိုင်မဟာစည် ဆရာတော် )
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇန်န၀ါရီလ )
Tuesday, July 14, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment