Monday, July 20, 2009

လှလွန်းသူရဲ့ အငြိုး

တခါတုန်းက ကောသမ္ဗီပြည်ရဲ့ ရွာငယ်တခုမှာ ထင်ရှားတဲ့ လက္ခဏာဆရာ ဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ အဲဒီ ဇနီးမောင်နှံမှာ အင်မတန်ချောမောလှပတဲ့ သမီးကညာ တဦးလည်း ရှိပါသတဲ့။ မာဂဏ္ဍီဟာ တောမှာမွေးတဲ့ တောသူမလေးဆိုပေမယ့် ရုပ်ရည်လက္ခဏာဟာ ကတော်ဆယ်ပါး တပါးအပါအ၀င်ဆိုတဲ့ ရုပ်မျိုးဖြစ်သလို ဗေဒင်လက္ခဏာ ကိန်းခန်းတွေအရ ကြည့်ရင်လည်း မလွဲမသွေ ကတော်ဖြစ်မယ့် ဇာတာရှင်ပါတဲ့။ ဒီတော့လည်း မိဘတွေက သူတို့ကညာ အရွယ်ရောက်ပြီဆိုကတည်းက ရုပ်ရည်လက္ခဏာနှင့် တထပ်တည်းဖြစ်နိုင်ဖို့ သူ့သမီးရဲ့ ကြင်ဖက်ကို ဂရုတစိုက် ရွေးချယ်ကြပြီပေါ့။

သူတို့သမီးကိုလည်း အမြဲလို ဒီလို ဆုံးမစကား ပြောတတ်သေးသတဲ့။
(ဖခင်) သမီး-သမီးရဲ့ ရုပ်ရည်လက္ခဏာဟာ အင်မတန်ထူးခြားတယ်နော်၊ တော်ရုံ တန်ရုံများ စိတ်ထဲတောင် မထည့်နဲ့ သမီးရေ၊ မှန်းကတည်းက အမြင့်ဆုံးကို မှန်း၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ ဆိုတဲ့စကားလည်း ရှိသေးတာကလား-

(သမီး) စိတ်ချပါ အဖေရယ်၊ ဒီရွာက လူတွေများတော့ သမီးဖြင့် စိတ်ကူးထဲကို မထည့်ဘူး၊

မိဘနဲ့သမီး ညှိပြီးသားဆိုပေမယ့် အမေလုပ်တဲ့သူက တမျိုးပူပြန်သတဲ့၊ သူတို့သမီးက ဘုရင်ကတော်ဖြစ်ဖို့ ဇာတာကောင်းပေမယ့် ကောသမ္ဗီဘုရင် ဥတေနရဲ့ စရိုက်ကိုလည်း သူတို့လင်မယားက မကြိုက်ချင်ပြန်ဘူးဆိုပဲ၊ သူတို့လင်မယားရဲ့ လက္ခဏာဟောပြောမှု ထင်ရှားချက်က ရွှေနန်းတော်ထိ ပေါက်သတဲ့၊ ဒီတော့ မင်းစိုးရာဇာတွေနဲ့ အဆက်အဆံတွေကလည်းရှိတော့ တဆင့်စကား တဆင့်နားနဲ့ ဥတေနဘုရင်ဟာ ဒေါသကြီး စရိုက်ကြမ်းတယ်လို့ သိထားခဲ့တယ်။ အိမ်က သူတို့သမီးကလေးကလည်း အဖေအမေ အစွမ်းကုန် အလိုလိုက်ထားတဲ့ ခပ်ကြမ်းကြမ်းလေးဆိုတော့ တချိန်ချိန် ဘုရင်က အမျက်တော်ရှရင် ဘယ်လိုလုပ်မလဲ ဆိုတာထိ မိဘအနေနဲ့ တွေးပူကြတာပေါ့။ ဒီလိုနဲ့ပဲ ဖူးစာမဆုံသေးတဲ့ ဘုရင်ကိုတောင် စိတ်ကူးနဲ့မှန်းပြီး သဘောမကျဖြစ်နေတဲ့ မိဘတွေက မာဂဏ္ဍီရဲ့ သတို့သားလောင်းကို ဇွဲကောင်းကောင်းနဲ့ ရှာကြစမြဲပေါ့။

တနေ့မှာ ဘုရားရှင်ဟာ ဒီနေ့အတွက် ကျွတ်ထိုက်တဲ့သူတွေကို ဉာဏ်နှင့်ဆင်ခြင်ကြည့်တဲ့အခါ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကို မြင်သတဲ့။ ဒါကြောင့်လည်း ခရီးအနီးအဝေးကို ဂရုမပြုဘဲ တပါးတည်း ကြွချီတော်မူလာခဲ့တယ်။ ဒီလိုအချိန်မှာပဲ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကလည်း အကြောင်းကိစ္စတခုနဲ့ ရွာပြင်ဘက်ကို ရောက်နေကြသတဲ့။ ဒီမှာတွင် မြေမှာထင်ကျန်နေတဲ့ ဘုရားရှင်ရဲ့ ခြေရာကို အဖေကြီးက စမြင်ခဲ့တယ်။
( ဖခင် ) အိုး-မကြုံစဖူး ထူးကဲလှချည်လား ရှင်မရေ၊ ဒီမှာ-ကြည့်စမ်းပါဦးဟဲ့၊ ဒီခြေရာဟာ သာမန်ယောက်ျား တယောက်ရဲ့ ခြေရာမဟုတ်ဘူး။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာကွဲ့။
( မိခင် ) ဟင်-ဟုတ်လား၊ ကြည့်စမ်းပါရစေဦး၊ အင်း-ထူးခြားတာတော့ ဟုတ်တယ်ရှင့်၊ ဒါပေမယ့် ဒီခြေရာရှင်ဟာ လူ့လောကနဲ့ ကင်းလွတ်မယ့်သဘောရှိတယ်၊ ရှင်းရှင်းပြောရရင် အာသဝေါကုန်ခန်းနေတဲ့ ခြေရာရှင်ပဲ။

ဇနီးမောင်နှံ နှစ်ယောက်သား သူ့အထင်မှန်တယ်၊ ငါ့အထင်မှန်တယ်နဲ့ ငြင်းခုံဆက်လျှောက်လာကြရင်းမှ သစ်ပင်ရိပ်တခုရဲ့ အောက်မှာ ဘုရားရှင် သီးတင်းသုံးနေတာကို တွေ့လိုက်ရတယ်။ ဇနီးမောင်နှံရဲ့ စိတ်ထဲမှာ ဘုရားရှင်ကို ဖူးတွေ့ရပေမယ့် ဘုရားရှင်မှန်း မသိဘူးတဲ့။ အဲဒီအချိန်အခါက ဘုရားရှင်နဲ့အတူ တခြားသော သာသနာအတုအယောင်တွေလည်း အများကြီးဆိုတော့ သာမန်ရဟန်းတပါးအဖြစ်ပဲ ထင်နေသတဲ့။ ဒါကြောင့်လည်း
( ဖခင် ) အရှင်ရဟန်း-ကျွန်ုပ်ကို စကားပြောခွင့်ပေးပါ၊ အရှင်ရဟန်းရဲ့ ခြေရာကို ကျွန်ုပ်တို့ တွေ့မြင်ကတည်းက ထူးခြားမှန်း သိပါတယ်။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာရှင်ပါ။ ကျွန်ုပ်တို့မှာ ရှင်ရဟန်းလိုပဲ ထူးခြားတဲ့ ကြန်အင်လက္ခဏာရှိတဲ့ သမီးကညာတယောက် ရှိပါတယ်။ ထူးခြားသောသူနှစ်ဦး ပေါင်းဖက်မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ အရှင်ရဟန်း၊ ကျွန်ုပ်၏သမီးကို လက်ခံပေးပါလော။

ဒီအချန်မှာ အမိအဘနောက်ကို လိုက်လာတဲ့ မာဂဏ္ဍီဟာလည်း အနားကို ရောက်ရှိနေသတဲ့။ အဖေလုပ်သူက ဒီလို စကားလမ်းကြောင်းနေတာဆိုတော့ မာဂဏ္ဍီရဲ့ စိတ်ထဲမှာလည်း အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာပေါ့။ ဒီရဟန်း ဘယ်လိုတုံ့ပြန်မလဲဆိုပြီး ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ ရဟန်းကို ခိုးကြည့်နေခဲ့တာပေါ့။ ဒီအခါမှာ-

( ဘုရားရှင် ) ဒါယကာကြီး-ငါဘုရားဟာ စည်းစိမ်ဥစ္စာအားလုံးကို စွန့်ပယ်ခဲ့ပြီး ဖြစ်ပေတယ်။ လှပပါတယ်ဆိုတဲ့ သင့်ရဲ့သမီးကို မဆိုထားနဲ့ ၀သ၀တ္တီနတ်ပြည်က နတ်သမီးတွေကိုတောင် ပိုင်ဆိုင်လိုစိတ် ကင်းခဲ့ပြီဖြစ်တယ်။ မိန်းမနှင့်တကွ ပိုင်ဆိုင်ချင်စရာကောင်းတဲ့ စည်းစိမ်ဥစ္စာမှန်သမျှဟာ ဆင်းရဲမျိုးစုံဖြစ်စေဖို့ အကြောင်းအရာတွေ ချည်းပါပဲ ဒကာ။ ဓားသွားပေါ်က ပျားရည်စက်တွေလို မက်စရာမရှိပေဘူး၊ တကယ်တော့ ချောပေ့ လှပေ့ဆိုတဲ့ သင့်သမီးဟာလည်း လှယမင်းထင်နေတဲ့ အပုပ်အသိုးသာ ဖြစ်တယ်။ လက်ခံဖို့မဆိုထားပါနဲ့ ခြောက်ထောက်နဲ့တောင် မထိလိုပါ။

ဘုရားရှင်ရဲ့ တရားတော်ကြားမှာ မိဘနှစ်ပါးဟာ တထိုင်တည်းနဲ့ တရားရသွားပေမယ့် မာဂဏ္ဍီကတော့ အမျက်ဒေါသမီးတွေ ဟုန်းဟုန်းထပြီပေါ့။ ငါ့ကို အပုပ်အသိုးလို့ တင်စားတဲ့ရဟန်း ဘာမို့လို့လဲ။ တနေ့ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး စိတ်ထဲက ကြုံးဝါးခဲ့သတဲ့။ နောင်တချိန်မှာ ဦးလေးဖြစ်သူရဲ့ အုတ်ထိန်းမှုအောက်မှာ ဆင်လက်ကြီးပြင်းခဲ့တဲ့ မာဂဏ္ဍီဟာ ကောသမ္ဗီဘုရင် ဥတေနရဲ့ မိဖုရားတပါး ဖြစ်လာခဲ့ပါတယ်။ တနေ့မှာ ဘုရားရှင်ဟာ ပင့်ဖိတ်သူရှိတဲ့အတွက် ကောသမ္ဗီမြို့တော်ကြီးကို ကြွချီဖို့အကြောင်း ဖြစ်လာတယ်။ အခွင့်အရေးကို စောင့်နေတဲ့ မိဖုရား မာဂဏ္ဍီဟာလည်း လက်စားချေဖို့ စပြီပေါ့။ ဘုရားရှင်နဲ့ နောက်တော်ပါး သံဃာတော်တွေ ကြွလာတဲ့လမ်းမှာ ကောသမ္ဗီလူမိုက်တွေငှါးပြီး မကြားဝံ့ မနာသာ နည်းမျိုးစုံနဲ့ ဆဲရေးခိုင်းခဲ့တယ်။

ဒီတော့ နောက်တော်ပါးက ပါလာတဲ့ အရှင်အာနန္ဒာက ဘုရားရှင်အစား မခံသာတော့ဘဲ ဒီအရပ်ကို ဆက်မကြွဖို့ လျှောက်သတဲ့။ ဒီအခါ ဘုရားရှင်က
(ဘုရားရှင်) အာနန္ဒာ-နောက်တနေရာရောက်လို့ ဒီလိုမျိုး ဆဲခံရဦးမယ်ဆိုရင်ရော
(အာနန္ဒာ) နောက်ထပ် ရွှေ့တာပေါ့ဘုရား
(ဘုရားရှင်) ဟုတ်ပြီ-ရွှေ့တဲ့နေရာမှာ ထပ်တွေ့ရင်ရော
(အာနန္ဒာ) ထပ်ရွှေ့ကြတာပေါ့ဘုရား
(ဘုရားရှင်) အာနန္ဒာ-ဒီလိုမဟုတ်ဘူး။ စစ်မြေပြင်ကိုဝင်တဲ့ ဆင်ပြောင်ကြီးဟာ ကျလာတဲ့ လေးမြှားဒဏ်ကို ကြံ့ကြံ့ခံနိုင်ရသလို ပြဿနာတို့ကို သည်းခံပါ။ သည်းခံခြင်းလက်နက်ကို ဘယ်အရာမျှ မထိုးဖောက်နိုင်ပါဘူး။

အာနန္ဒာ-အခု ဆဲဆိုနေတဲ့ လူမိုက်တွေဟာ ခုနစ်ရက်ထက် ပိုပြီး မဆဲနိုင်ပါဘူး။ သည်းခံခြင်းတရားနဲ့ ဆင်ခြင်ပါ အာနန္ဒာ။
ဘုရားရှင်ရဲ့ စကားဟာ အင်မတန် မှန်ပါတယ်။ နောက်ဆုံးမှာ လူမိုက်တွေ လက်လျှော့သွားရတဲ့အထိ ဘုရားရှင်ရဲ့ သည်းခံခြင်းတရားက အောင်မြင်ခဲ့ပါတယ်။

ကလေးတို့ရေ-ဒီဇာတ်တော်ကို ဖတ်ပြီးရင် ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်းခုနစ်ရက် ဆိုတာ ဒီကနေများ ဖြစ်လာသလား စဉ်းစားစရာပါပဲ-နော်။

( မိုးမိုးစောဝင်း )

No comments: