Wednesday, July 22, 2009

မြန်မာပြည် တန်ခိုးကြီးဘုရားများ၏ အံ့သြဖွယ်ရာများ

( ၁ ) ပုဂံ အာနန္ဒာဘုရား၏ အံ့ဖွယ် ( ၉ ) ပါး
ပုဂံပြည်ရှိ အာနန္ဒာဘုရားကို သက္ကရာဇ် ၄၅၂-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားဒကာမှာ ကျန်စစ်မင်းကြီး ဖြစ်ပါသည်။

ထုမှာ ဓမ္မရံ၊ အနုမှာ အာနန္ဒာ-ဆိုသောစကားနှင့်အညီ ဓမ္မရံ ဘုရားသည် ထုထည်ကြီးမားပြီး အာနန္ဒာဘုရားမှာမူ အနုပညာလက်ရာမြောက်ကြောင်း ပညာရှိများက ဆိုမိန့်ခဲ့ကြပါသည်။ အာနန္ဒာဘုရား ထူးခြားသည်နှင့်အမျှ အံ့ဖွယ် (၉)ပါး ရှိပါသည်။
၁။ စေတီတော် တည်တော်မူစဉ်က ရဟန္တာအရှင်မြတ်တို့ ဖန်ဆင်းပြအပ်သော နန္ဒမူလိုဏ်ဂူ-၏ပုံစံကိုယူ၍ တည်ထားသည့် စေတီတော်ဖြစ်ခြင်း။
၂။ စေတီတော်၏ အောက်ခံအုတ်မြစ်ကို အတောင်-၆၀ အထိ နက်အောင်တူး၍ အတောင် ၃၀-ထိအောင် နဂါးရစ်ကျောက်အမျိုးအစားဖြင့် အုတ်မြစ်ချတော်မူခြင်း။
၃။ ထို့ထက် ကျန်အတောင် ၃၀-ကို ကျောက်သေတ္တာပုံစံ ဌာပနာတိုက် ပြုလုပ်၍ ရွှေစင်ပိဿာပေါင်းများစွာရှိသော ဗုဒ္ဓဘုရား၏ ဆင်းတုတော် ဗုဒ္ဓ၀င်ရုပ်တု အစရှိသည့် ရွှေစင်ရုပ်တုပေါင်းများစွာ ခြံရံလျက် ဓာတ်တော်များကို ဌာပနာထားခြင်း။
၎။ အာနန္ဒာစေတီတော်၏ပုံသည် စကြာမင်းနန်းတော် နတ်ဗိမာန်ကဲ့သို့ လှပဆန်းပြား တင့်တယ်ခန်းနားကာ သပ္ပာယ်တော်မူခြင်း။
၅။ စေတီတော်အတွင်း၌ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တို့ကို ရည်မှန်း၍ ၁၈-တောင် အမြင့်ရှိသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် လေးဆူတို့ကို ထုလုပ်ပူဇော် ကိုးကွယ်ထားရှိခြင်း။
၆။ စေတီတော်ကြီး ပတ်လည်၌ ဗုဒ္ဓ၀င်ဇာတ်တော်များကို ပုံစံရုပ်တု စဥ့်ခွက်များ စီခြယ်ထားရှိခြင်း။
၇။ စေတီတော်တည်စအချိန်တွင် စေတီတော်ရင်ပြင် လေးမျက်နှာတို့၌ ပုဗ္ဗာရုံအစရှိသော ကျောင်းတိုက်လေးတိုက် ခြံရံပြီး ထားရှိသဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ဟု ထင်မှတ်သတိရစေခြင်း။
၈။ ပုဂံခေတ် အနုပညာလက်ရာများနှင့် ဗိသုကာပညာရပ်များကို ပေါ်လွင်ထင်ရှားစေသော ၀ိသေသလက္ခဏာ မဟာစေတီတော်ကြီးအဖြစ် ထီးထီးမားမား ထင်ရှားစွာ တည်ရှိခြင်း။
၉။ ဘုရားဖူးလာသူ ရဟန်းရှင်လူ ပြည်သူအများ ဖူးလာမစဲ တဖွဲဖွဲရှိခြင်း။ ဖူး၍မ၀ ရှု၍မ၀နိုင်သော စေတီတော်ကြီးဖြစ်ခြင်း။ စသော အံ့ဖွယ် (၉)ပါးနှင့် ပြည့်စုံပေ၏။


( ၂ ) ရွှေစာရံဘုရား၏ အံ့ဖွယ် (၉)ပါး
ရွှေစာရံစေတီတော်ကြီးကို မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း အုန်းချောအရောက် အနောက်ဘက်ကို ခွဲထွက်သည့်အတိုင်း သွားပါက ရောက်ရှိဖူးမြင်နိုင်ပါသည်။ အရှေ့ဘက်၌ ကျွဲနဖားတောင်ကြီး ရှိပြီး ဒုဋ္ဌ၀တီမြစ်ကမ်းနဖူး၌ တည်ရှိသဖြင့် ကြည်နူးလွမ်းမောဖွယ်ကောင်းလှပါသည်။

ရွှေစာရံစေတီတော်မြတ်ကြီးကို ပုဂံခေတ်က မိဖုရားစောမွန်လှသည် အနောရထာမင်းကြီး၏ နှင်ထုတ်ခြင်းခံရပြီး နန်းတော်မှ ကျောခိုင်းထွက်ခွါလာခဲ့ရပြီး လောကသံသရာ အေးစေကြောင်း ဘေးအပေါင်းကင်းစေရန်အတွက် ဗုဒ္ဓ၏ သရီရဓာတ်တော်၊ မွေတော်မြတ်တို့ကို ဌာပနာတော်မူပြီး ရွှေစာရံဘုရား-ဟု ဘွဲ့တော်နာမသမုတ်ကာ ဓာတုစေတီအဖြစ် တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ရွှေစာရံစေတီတော်မြတ်ကြီးသည် အံ့ဖွယ် (၉)ပါးနှင့် ပြည့်စုံ၏ ၄င်းတို့မှာ-
၁။ ပွဲတော်ရက်အပါအ၀င် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ ထံမှ ငါးသတ္တ၀ါသူတော်စင်များ ရောက်ရှိဦးခိုက် လာကြခြင်း။
၂။ ပွဲတော်ရက်အတွင်း၌ အဆိပ်ရှိသည့် မြွေ-ကျားသစ်-ကျီးငှက်-ခြင်-ယင်များ မလာရှိခြင်း။
၃။ ရဟန်း-ရှင်-လူ များပြားပါသော်လည်း တည်းခိုနေထိုင်စရာ ပြည်စုံခြင်း။
၎။ ဥတုက ပြောင်း၊ လ-တပေါင်းဖြစ်သော်လည်း ပွဲတော်လာတို့ အနာအဖျား ကင်းစင်ခြင်း။
၅။ ပွဲတော်လာ သူတော်စင်တို့အား စော်ကားရမ်းကား ခိုက်ရန်ဖြစ်ပွားမှုများ မရှိခြင်း။
၆။ သူ့ထက်ငါဦး ဆွမ်း-ရေချမ်း ကပ်လှူသော်လည်း ကနဦးရောက်ရှိနေခြင်း။
၇။ ဘုရားရှေ့တွင် လူချင်းထပ်မျှ ရှိသော်လည်း ကောင်းစွာဖူးမြော်တွေ့ရှိခြင်း။
၈။ အမှန်တကယ် ကြည်ညိုသဒ္ဓါနှင့် လှူဒါန်းပူဇော်ပါက ပစ္စည်းဥစ္စာ လာဘ်လာဘများ ပေါများခြင်း။
၉။ ဘုရားရှင်ကို လှူဒါန်းပူဇော်၍ လိုရာဆုကို တောင်းပါက ကောင်းမြတ်သည့် ဆုထူးဆုမြတ်များ ရရှိခြင်း။
အစရှိသည်တို့မှာ ရွှေစာရံဘုရား၏ အံ့ဖွယ်အချက်များ ဖြစ်ကြ၏။


( ၃ ) စစ်ကိုင်းမြို့ မင်းဇံရပ်မှ လေးကျွန်းရာဇာ ဆုတောင်းပြည့် စေတီ၏ အံ့ဖွယ် ( ၅ ) ပါး-
စစ်ကိုင်းမြို့ မင်းဇံရပ်ရှိ လေးကျွန်းရာဇာ ဆုတောင်းပြည့်စေတီတော်သည် အင်းဝခေတ်က တည်ထားခဲ့သော စေတီတော်တဆူဖြစ်သည်။ စေတီတော်၏ အ၀င်ဝ၌ လိုဏ်မုခ်တခုပါရှိ၍ လိုဏ်မုခ်ဝတွင်း၌ အင်းဝခေတ်လက်ရာ ရုပ်ပွားတော်တဆူကို ကြည်ညိုစွာ ဖူးတွေ့နိုင်ပါသည်။ ဉာဏ်တော်အမြင့်မှာ လေးပေခန့်ရှိ၏။

လေးကျွန်းရာဇာ ဆုတောင်းပြည့်စေတီတော်မှာ အမြင့်ဉာဏ်တော် ၅၂-ပေ၊ ထီးတော်အမြင့် ၈-ပေရှိသဖြင့် စုစုပေါင်း ပေ ၆၀-အမြင့် ရှိသည်ဟု ဆိုနိုင်သည်။ ထီးတော်မှာ စတီးဖြင့်ပြုလုပ်ထားပြီး စေတီတော်တဆူလုံးကို ရွှေသင်္ကန်းကပ်လှူထားသည်။ စေတီတော်အောက်ခြေ ထောင့်လေးထောင့်တွင် ပုံစံလုံးဝမတူသော ရွှေရောင်သုတ်ထားသည့် ခြင်္သေ့လေးကောင်ရှိ၏။ လေးကျွန်းရာဇာ ဆုတောင်းပြည့်စေတီတော်၏ အံ့ဖွယ် (၅)ပါးမှာ-
၁။ ရှေးဟောင်းစေတီတော်ကြီးအား စတင်ပြင်ဆင်ချိန်မှစ၍ အခက်အခဲမရှိ စီးပွားရေး တိုးတက်လာခြင်း။
၂။ ကုသိုလ်တော်မြတ်ကြီးရှေ့တွင် ယုံကြည်စွာဖြင့် ဆုတောင်းပါက အိပ်မက်ကောင်းများ မက်ခြင်း။
၃။ ခြင်္သေ့ကြီးလေးကောင်မှာ ထူးဆန်းစွာ မိုးသို့ မျှော်နေခြင်း။
၎။ ရာဟုထောင့် ခြင်္သေ့မင်းမှာ အထီးဖြစ်၍ ကျန်ခြင်္သေ့ သုံးကောင်မှာ အမဖြစ်နေခြင်း။
၅။ ခြင်္သေ့မင်းများမှာ တကောင်နှင့်တကောင် အနေအထိုင်ကွာခြား၍ မုတ်ဆိတ်၊ ခြေချောင်းများ မျက်လုံးများ နှာခေါင်းများ မတူခြင်း။
စသော အံ့ဖွယ်အချက်အလက်များနှင့် ပြည့်စုံနေပါကြောင်း တင်ပြရပါသည်။


( ၄ ) စစ်ကိုင်း ကောင်းမှုတော်စေတီကြီးရှိ မေတ္တာ ကန်တော်၏ အံ့ဖွယ် ( ၇ ) ပါး-
စစ်ကိုင်း ကောင်းမှုတော်စေတီတော်ကြီးကို သက္ကရာဇ် ၉၉၈-ခုနှစ်တွင် သာလွန်မင်းတရားကြီးက တည်ခဲ့ခြင်း ဖြစ်သည်။ ကောင်းမှုတော်ကြီး တည်ထားသင့်ရာ မြေနေရာကို ညွှန်ပြသူ သိကြားမင်း၏ မေတ္တရပ်ခံချက်အရ စေတီတော်ကြီး၏ မြောက်ဘက်တွင် ရေကန်ကြီးကို တူးဖော်ခဲ့သည်။ သိကြားမင်း၏ မေတ္တာရပ်ခံချက်အရ တူးဖော်ခဲ့သည့် ကန်တော်ကြီးဖြစ်၍ မေတ္တာကန်တော်-ဟု အမည်တွင်ကာ ထင်ရှားခဲ့သည်။ မေတ္တာကန်တော်ကြီးသည် အရှေ့ အနောက် အလျား ၁၉၉-ပေ ၅-လက်မ၊ တောင် မြောက် အနံ ၁၉၄-ပေ ၆-လက်မ ကျယ်ဝန်းသည်။

မေတ္တာကန်တော်ကြီး၏ အံ့ဖွယ် ( ၇ ) ပါးကား-
၁။ အခါခပ်သိမ်း ရေခန်းသွားသည် မရှိခြင်း။
၂။ ကန်ရေပြင်တွင် သစ်ရွက် အမှိုက် ရေညှိ စသည်တို့ မရှိဘဲ အမြဲတစေ သန့်ရှင်းနေခြင်း။
၃။ တိုင်းပြည်အန္တရာယ် ကျရောက်လုချိန်တွင် ကန်ရေပြင်သည် ဆန်ဆေးရေကဲ့သို့ နောက်ကျိခြင်း။
၎။ ကန်အတွင်း ရေချိုးခြင်းနှင့် ကန်ရေကို အမင်္ဂလာကိစ္စများတွင် အသုံးပြုဆောင်ရွက်ပါက ဘေးဥပါဒ်အန္တရာယ်များ ကျရောက်တတ်ခြင်း။
၅။ ကန်အတွင်းရှိ ငါး-လိပ်တို့ကို ဖမ်းယူစားသောက်ပါက ရောဂါဘယဆိုးများနှင့် ကြုံတွေ့ရတတ်ခြင်း။
၆။ ကန်ရေကို မျက်စဉ်းခတ်ခြင်း၊ သောက်သုံးခြင်းပြုပါက ရောဂါဝေဒနာများ ပျောက်ကင်းနိုင်ခြင်း။
၇။ နှစ်ပေါင်း ၃၆၀-ကျော် ကြာမြင့်သော်လည်း ကန်ရေသည် နောက်ကျိပုပ်သိုးခြင်း၊ ညစ်ညမ်းခြင်း မရှိသဖြင့် လဲလှယ်ထုတ်ရမှု မရှိခြင်း။
စသည်တို့သည် စစ်ကိုင်းကောင်းမှုတော်စေတီတော်ကြီးမှ မေတ္တာကန်တော်၏ အံ့ဖွယ်အချက်များ ဖြစ်ပါတော့သည်။


( ၅ ) နဂါးမောက်တောင် န၀လောဟာ လာဘမုနိ မြတ်စွာဘုရား၏ အံ့ဖွယ် ( ၅ ) ပါး။
နဂါးမောက်တောင် န၀လောဟာ လာဘမုနိ မြတ်စွာဘုရား ရုပ်ပွားတော်သည် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာအုပ်စု ထရော်ပင်ကျေးရွာအနီးတွင် တည်ရှိပြီး ရွှေမြင်တင်တောင်၊ ယက္ကန်းစင်တောင်၊ ဘိုးတော်တောင်၊ ကျောက်တလုံးတောင်တို့နှင့် တဆက်တည်းတည်ရှိပါသည်။ ဗားမဲ့ဆရာတော်ဘုရားကြီးကိုယ်တိုင် စီရင်ပြီး န၀လောဟာ ကိုးပါးဖြင့် စီရင်သွန်းလောင်းထားသည့် တန်ခိုးကြီး လာဘမုနိဖြစ်ပြီး နဂါးမောက်တောင်၏ အဓိကအချက်အချာ ရုပ်ပွားတော်မြတ်ကြီးဖြစ်လေသည်။ ထိုရုပ်ပွားတော်ကြီးအား မန္တလေးမြို့ပေါ်ရှိ နေအိမ်များက ပင့်ဆောင်ပူဇော်လျက် ရှိပါသည်။ ပင့်ဆောင်ပူဇြေ်ကသူတို့မှာ ထူးကဲသော အကျိုးရလာဒ်များ ရရှိခံစားကြရသည်ဟု ကြားသိရပါသည်။

နဂါးမောက်တောင် န၀လောဟာ လာဘမုနိ မြတ်စွာဘုရားရုပ်ပွားတော်ကြီးကား-
၁။ န၀လောဟာ ကိုးပါးဖြင့် စီရင်သွန်းလောင်းထားခြင်း
၂။ ဗားမဲ့ဆရာတော်ကြီးကိုယ်တိုင် အင်း-အိုင်-ခါးလှည့် စသည့် အစီအရင်တို့ဖြင့် စီမံထားခြင်း။
၃။ ရတနာမြောက်များစွာ စီခြယ်ပူဇော်ထားသဖြင့် တန်ဖိုးကြီးမားခြင်း။
၎။ နဂါးမောက်တောင်၏ အချက်အချာ ဘုရားဖြစ်ခြင်း။
၅။ နဂါးမောက်တောင်၏ ဓမ္မာရုံကြီးအတွင်း၌ ကိန်းဝပ်စံပါယ် သီတင်းသုံးလျက် ရှိခြင်း။
စသော အံ့ဖွယ် ၅-ပါးနှင့် ပြည့်စုံသော တန်ခိုးကြီးဘုရား ဖြစ်ရကား မန္တလေးတိုင်း စဉ်းကူးမြို့နယ် ရွှေပြည်ကျေးရွာအုပ်စု ထရော်ပင်ကျေးရွာသို့ ရောက်ခဲ့ပါက မိမိတို့ လိုအင်ဆန္ဒများ ပြည့်ဝနိုင်စေရန် ဖူးမြော်ကြည်ညိုသင့်ပေသည်။


( ၆ ) မဟာဃောသိတာရုံ စေတီတော်၏ အံ့ဖွယ် ( ၅ ) ပါး။
မဟာဃောသိတာရုံ စေတီတော်သည် မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရွာခိုင်ရွာ၌ တည်ထားကိုးကွယ်သော စေတီတော်ကြီးဖြစ်ပါသည်။ ထိုစေတီတော်ကြီး၏ ထူးကဲဖြစ်စဉ်များကို တင်ပြရလျှင်-
၁။ ပုဂံပြည့်ရှင် စောလူးမင်း တည်ထားစဉ်က အုတ်တံတိုင်းတထပ်၊ ရွာခိုင် ရွာသူကြီး ဦးကျွန်း ပြုပြင်ပြီး တည်ထားသောအုတ်တံတိုင်းတထပ်ဖြစ်၍ ရှေးဟောင်းအုတ်တံတိုင်း နှစ်ထပ်ကာရံထားသော စေတီတော်ကြီး ဖြစ်ခြင်း။
၂။ ရှေးဟောင်း မဟာဃောသိတာရုံ စေတီတော်ကြီး၏ မူလထီးတော်မှာ ၁၅-ပေ မြင့်၏။ ပိန္နဲတိုင်မှာ ရှေးမူအတိုင်း ကျွန်းသားတိုင်ကို အသုံးပြုခဲ့ရာ ယခုအခါ ဆွေးမြေ့လွန်းလှသဖြင့် ကျွန်းသစ်များမှာ တထွာသာသာခန့်သာ ရှိတော့သည်။ စိုက်ထားသော ပန်းလည်တိုင်မှာလည်း ငှက်ပျောဖူးထိပ်၌ နှစ်ပေသာသာမျှသာ စိုက်ဝင်တည်ရှိခဲ့ရာ ၁၅-ပေအမြင့် လွန်စွာကြီးမားလှသော ထီးတော်ကြီးအား ဟန်ချက်ညီစွာ ထိန်းထားနိုင်ရန်အတွက် အစွမ်းမရှိတော့ဘဲ စေတီတော်၏ တန်ခိုးတော်ကြောင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ခြင်း။
၃။ စိန်ဖူးတော် တင်လှူပြီးချိန်တွင် ကြိုးကြာငှက်များ အုပ်စုဖွဲ့ ပျံသန်းရောက်ရှိလာပြီး စိန်ဖူးတော် အထက်တည့်တည့်၌ ကြည်ညိုကြခြင်း။
၎။ ထီးတော်တင်လှူပြီး ညနေ ၄း၀၀ နာရီခန့်တွင် စိန်ဖူးတော်ကြီးမှာ ပတ္တမြားရောင် နီမြန်းလျက် ရဲရဲတောက်ခြင်း။
၅။ ထီးတော်တင်လှူပွဲပြီးလျှင် အင်္ဂါထောင့် အရံစေတီတော်ကို ပျားစွဲလာခြင်း။
အစရှိသဖြင့် ထူးခြားမှု ရှိလှပါ၍ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရွာခိုင်ရွာသို့ ရောက်ပါက မဟာဃောသိတာရုံ စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လိုရာဆန္ဒကို ပြည့်ဝစေရန် ဆုမွန်ကောင်းများ တောင်းသင့်ပါကြောင်း။

( မင်းသူကျော် )
( ရ-ပ-၀၉-၀၈ )

No comments: