Friday, July 24, 2009

ဘုရားရှင်ရဲ့ စည်းကမ်း

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်က အဖြစ်အပျက်တခု ဖြစ်ပါတယ်။ တနေ့မှာ မြတ်စွာဘုရားရှင်ဟာ ညီတော်အာနန္ဒာကို အမိန့်ရှိခဲ့ပါတယ်။ အမိန့်ရှိတဲ့ အကြောင်းကတော့ ဘုရားရှင်ဟာ တပါးတည်းသော ဧကစာအကျင့်ကို ကျင့်သုံးမယ့်အကြောင်း၊ ကျင့်သုံးမယ့်ကာလက ၀ါတွင်းသုံးလဖြစ်ကြောင်း၊ ဧကစာအကျင့် ကျင့်သုံးမယ့် ကျောင်းတော်က ၀ိသာခါကျောင်းအမကြီးရဲ့ ပုဗ္ဗာရုံကျောင်း ဖြစ်ပါသတဲ့။ ဘုရားရှင်က သူ-ဒီလို တပါးတည်း စံပယ်တော်မူမယ့်အချိန်မှာ ရှင်အာနန္ဒာတပါးတည်းသာ ဆွမ်းပို့ ဆွမ်းကပ်လာရန် ခွင့်ပြုတော်မူသတဲ့။ ရှင်အာနန္ဒ္ဒာ အနေနဲ့ကတော့ တနေ့တနေ့ ဘုရားရှင်ဟာ သာသနာတော်အကျိုးအတွက် စီစဉ်ဆောင်ရွက်ရတာတွေ များပြားလွန်းတာမို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိထားတဲ့သူဖြစ်တဲ့အတွက် ဒီလိုတပါးတည်း ဧကစာကျင့်မယ်ဆိုတာ ကြားသိတော့ ၀မ်းသာမိတယ်။ ဘုရားရှင် ဧကစာကျင့်နေခိုက် သာသနာအတွင်း၊ သံဃာတော်အတွင်း၊ ပြဿနာတခုခု ရှိလာရင် ဘယ်လိုဖြေရှင်းမလဲ ခေါင်းခဲမိပေမယ့် ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သားသံဃာကြီးတွေ ရှိတာပဲဆိုပြီး စိတ်ဖြေခဲ့တယ်။

ဘုရားရှင်အပေါ်မှာ ကြည်ညိုလွန်း စေတနာပိုလွန်းတဲ့ ညီတော်အာနန္ဒာ အပါအ၀င် သံဃာတွေဟာ အစည်းအဝေးတခုတောင် ပြုလုပ်ခဲ့သေးတယ်။ အဲဒါကတော့ ဘုရားရှင်တပါးတည်း ကျင့်သုံနေတဲ့အချိန်မှာ ဘယ်သံဃာတော်မျှ ဘုရားရှင်ကို ဖူးတွေ့ခွင့် မတောင်းရ၊ မဖူးမြော်ရ၊ ဖူးမြော်ရင် အပြစ်ရှိတယ်လို့ ကတိက၀တ် ပြုခဲ့ကြသတဲ့။ တကယ်တော့ ဘုရားရှင်ကို လွတ်လပ်အေးချမ်းစွာ သီတင်းသုံးစေချင်တဲ့ စေတနာနဲ့ စီစဉ်ခဲ့ကြတာပါ။ ဒီလို စည်းကမ်းချထားတဲ့ အကြောင်းကိုလည်း ရှင်အာနန္ဒာက ဘုရားရှင်ကို ပြန်ပြောပြသတဲ့။ ဒီအခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့တယ်။ ဘုရားရှင် ပြုံးတော်မူရင် အကြောင်းထူးတခုခု ရှိမယ်ဆိုတာ ရှင်အာနန္ဒာသိပေမယ့် ဘုရားရှင်က ဘာမျှ မိန့်ကြားတော်မမူတော့ ရှင်အာနန္ဒာလည်း မလျှောက်သာ၊ မမေးသာဘူးပေါ့။ ဒီလိုနဲ့ ဘုရားရှင်ဟာ တပါးတည်း ဧကစာကျင့်သုံးနေတဲ့ အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အရှင်ဥပသေနရဲ့ ပြဿနာက ၀င်ရောက်လာခဲ့တယ်။ ရှင်ဥပသေနဆိုတာ နှယ်နှယ်ရရ ရဟန်းမဟုတ်ဘူး။ ရဟန်းပရိသတ်၊ လူပရိသတ်တို့အလယ်မှာ ကြည်ညိုဖွယ်ကို ဆောင်ကြဉ်းနိုင်လွန်းလို့ ဘုရားရှင်ကိုယ်တိုင် ချီးကျူးတော်မူရတဲ့ ဧတဒဂ်ရ ရဟန်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ရွေးစင် ရဟန်းအပါး ၄၀-ထဲမှာ ရှင်ဥပသေနလည်း တပါးအပါအ၀င်ပေါ့။

ရှင်ဥပသေနဟာ ဘုရားရှင်ရဲ့ ကျောင်းတော်ရာအတွင်းက ရဟန်းမဟုတ်ပါဘူး။ တောအရပ်ကိုမှီးတဲ့ တောနေရဟန်းတပါးမို့ အရှင်အာနန္ဒာတို့ အသစ်ထုတ်ထားတဲ့ စည်းကမ်းကိုလည်း မသိပေဘူးပေါ့။ အရှင်ဥပသေနဟာ ဘုရားရှင်ကို မဖူးမြော်ရတာ ကြာပြီမို့ စိတ်ထဲမှာ ဖူမြော်ချင်ဇောနဲ့ လာခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာ သူ့ရဲ့တပည့် ရဟန်းငါးရာလည်း လိုက်ပါလာခဲ့တယ်။ ရှင်ဥပသေနရော သူ့တပည့်ရဟန်းငါးရာဟာ တောအရပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ အရညကင်ဓုတင်၊ ဆွမ်းခံစားတဲ့ ပိဏ္ဍပါတ်ဓုတင်၊ သင်္ကန်းသုံးစွဲတဲ့ နေရာမှာလည်း စွန့်ပစ်စတွေကိုသာ ကောက်ယူသုံးစွဲတဲ့ ပံသုကူဓုတင်တွေကို ဆောင်တဲ့ ရဟန်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာနဲ့ တပည့်တွေဟာ အကျင့်သီလ မွန်မြတ်ကောင်းမွန်သူတွေမို့ ကြည်ညိုဖွယ်ရာအတိ ဖြစ်ပါသတဲ့။

အရှင်ဥပသေနနဲ့ ဘုရားရှင်ကြားမှာလည်း အများမသိတဲ့ ပြဿနာလေးတခု ရှိနေတယ်။ အရှင်ဥပသေန ရဟန်းဝတ်ခါစ အချိန်ကပေါ့။ ရဟန်းဝတ်ပြီး နှစ်နှစ်မြောက် အချိန်မှာ တပည့်ရဟန်းတဦးကို တပည့်မွေးဖူးတယ်။ ဒါကို ဘုရားရှင်က ကိုယ်တိုင်တောင် သူများဆုံးမတာ ခံရမယ့်အနေအထားမှာ သူများကို ဆရာလုပ်နေရလားဆိုပြီး ပြောဖူးပါတယ်။ ဒီအဖြစ်ကို အရှင်ဥပသေနက အသည်းထဲ စွဲနေအောင် မှတ်ပြီး ရဟန်းအကျင့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ရာက ခုလို အသက်လည်းရ ရဟန်းနှစ်လည်း ကြာလာချိန်မှာ တပည့်ကောင်း ငါးရာ မွေးထုတ်နိုင်ပြီဟု ဘုရားရှင်ကို ပြောချင်နေပါသတဲ့။ ဒါကြောင့်လည်း ဘုရားရှင်ရှိရာဆီကို တကူးတက လာဖူးခဲ့ခြင်း ဖြစ်ပါသတဲ့။

ရှင်အာနန္ဒာကတော့ ရှင်ဥပသေနနဲ့ တပည့်တွေ လာတယ်ဆိုရင်ပဲ အစအစအရာရာ ချင့်တွက်ပြီး ဘုရားရှင်ကို ၀င်တွေ့ခွင့် တောင်းပေးခဲ့ပါတယ်။ ဘုရားရှင်ကလည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ ဘုရားရှင်ဟာ ကြီးမားလှတဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်သူမို့ ရှင်ဥပသေနကို မြင်မြင်ချင်းမှာပဲ ဘာကြောင့်လာတွေ့တယ်။ ဘာကိုပြောချင်တယ်ဆိုတာ တန်းသိတာပေါ့။ ဒါကြောင့် ဆရာသမားကောင်းပီသစွာပဲ ချီးမွမ်းအပ်ရာကို ချီးမွမ်းသတဲ့။
ဘုရားရှင်။ ။ ဥပသေန-သင့်တပည့်တွေဟာ ကြည်ညိုဖွယ် ကောင်းလှချည်လား၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ပြီထင်တယ်။ သင်ဘယ်လိုများ ဆုံးမသွန်သင်ထားသလဲ- ဘုရားရှင် ဒီလိုအမိန့်ရှိတယ်ဆိုရင်ပဲ ရှင်ဥပသေနဟာ ရွှင်လန်းဝမ်းမြောက်စွာနဲ့ သူကိုယ်တိုင်ရော တပည့်သံဃာတော်တွေရော ကျင့်သုံးတဲ့ အကျင့်တွေကို လျှောက်တင်တော်မူခဲ့တယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ရှင်ဥပသေနရဲ့ အကျိတ်အခဲတွေကို ကြေစေပြီးတဲ့အချိန်မှာ-

ဘုရားရှင်။ ။ ဥပသေန-ငါဘုရား သုံးလ ဧကစာကျင့်သုံးနေတဲ့အချိန်မှာ ဘယ်သူမျှ တွေ့ခွင့်မရှိဘူးလို့ ရဟန်းများ အစည်းအဝေးလုပ်ပြီး ဥပဒေချထားသတဲ့။ ဒါကို သင်သိရဲ့လား။
ရှင်ဥပသေန။ ။ မသိပါ အရှင်ဘုရား။ ဒါပေမယ့် သိရင်လည်း တပည့်တော် သဘောမတူပါဘူးဘုရား။ စည်းမျည်း စည်းကမ်းဥပဒေဆိုတာ ဘုရားရှင်ကသာ ချမှတ်ပေးရတာဘုရား။ တပည့်သားသံဃာတွေရဲ့အလုပ် မဟုတ်ပါဘူးဘုရား။
ဘုရားရှင်။ ။ သာဓု သာဓု သာဓု ဥပသေန၊ သင့်အယူအဆမှန်ပေသည်။ ငါဘုရားသည် ဟိုအရင်အချိန်ကပင် ငါ့အား ဖူးတွေ့လိုသော ရပ်ဝေးနေရဟန်းများအား အချိန်မရွေး ဖူးတွေ့ခွင့် ပြုပြီး ဖြစ်ပေတယ်။
ဘုရားရှင်နဲ့ ရှင်ဥပသေနဟာ ဒီစကားတွေ ပြောဆိုဆွေးနွေးပြီး ရှင်ဥပသေနရဲ့ အပြန်လမ်းမှာတော့ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ရဟန်းတွေနဲ့ တိုးတော့တာပေါ့။ ရဟန်းတွေကလည်း ဥပဒေကိုမသိဘူးလား ဘာလားဆိုပြီး ရှင်ဥပသေနကို ပြောဆို ပြစ်တင်ကြသတဲ့။

ရှင်ဥပသေနကလည်း အခုပဲ ဘုရားရှင်နဲ့ ဒီအကြောင်း ပြောဆိုခဲ့ကြောင်း၊ ဘုရားရှင်ကလည်း ရဟန်းတို့ ဒီလိုဥပဒေထုတ်ပြန်မှုကို အကျိုးအကြောင်းပြ ပယ်ဖျက်တော်မူကြောင်း ပြန်ပြောသတဲ့။ ဒီအခါမှာတော့ အပြစ်တင်ချင်သူ သံဃာတော်တွေဟာ သူတို့ရဲ့အပြစ်ကို သဘောပေါက်သွားပြီး နှုတ်ပိတ်ခေါင်းငုံ့သွားကြတယ်။
ဒီအတွက် အကျိုးသက်ရောက်မှုက ဘာရသလဲဆိုတော့ ဓုတင်ဆောင်ရဟန်းတွေဟာ ဘုရားရှင်ကို ဖူးမြော်ချဉ်းကပ်လိုတဲ့အခါမှာ အချိန်မရွေး ချဉ်းကပ်ဖူးမြော်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဓုတင်ဆောင်ရဟန်းတွေရဲ့ သီလသိက္ခာ အကျိုးသက်ရောက်မှု ကြီးမာပုံကို သိတဲ့အတွက် ရဟန်းအချင်းချင်းမှာလည်း ပိုမိုကြိုးစားအားထုတ်မှုတွေ များပြားလာခြင်းပါပဲ။

ကလေးတို့ရေ ဘုရားရှင်လက်ထက်က ဒီအဖြစ်အပျက်ကလေးကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ကျိုးမပါဘဲ ကိုယ့်အတွက် ကောင်းမွန်ပေမယ့် သာသနာတော်နဲ့ မသင့်တော်ဘူးဆိုရင် ပြတ်သားရဲတဲ့ သာသနာတော်ရဲ့ အကျိုးတခုတည်းကိုသာ အစဉ်တစိုက် ကြည့်တတ်တဲ့ ဘုရားရှင်ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုနိုင်ကြပါစေကွယ်။

ဇာတ်ညွှန်း-( မိုးမိုးစောဝင်း )

No comments: