Tuesday, July 21, 2009

မိခင်များရဲ့ စကားဝိုင်း

ဒီတပတ် မိခင်များရဲ့ စကားဝိုင်းကဏ္ဍမှာ ဖြစ်တတ်တဲ့ သဘာဝတရားကို တင်ပြထားတဲ့ မိခင်-ဒေါ်ခင်အေးမူ (စမ်းချောင်း) ရဲ့ စာမူကို ဖော်ပြပေးလိုက်ပါတယ်။


( ကလေးနှင့် သူ၏ စွဲလမ်းမှု )

ကျွန်မက မိခင်တဦးမို့ မိခင်များရဲ့ စကားဝိုင်းဆိုတဲ့ ကဏ္ဍလေးကို ခေါင်းစဉ်ဖတ်မိတာနဲ့ပဲ စိတ်ဝင်တစား ရှိပါတယ်။ ဒါကြောင့်လည်း ဒီစကားဝိုင်း ပါတဲ့အပတ်ဆိုရင် ဂရုတစိုက်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့ ကျွန်မမှာလည်း သားနဲ့ပတ်သက်ပြီး အမှတ်တရ ဖြစ်ရပ်ကလေးတခု ရှိတာမို့ ၀င်ရောက်ဆွေးနွေးလိုက်ရ ပါတယ်-ရှင်။



ကျွန်မနှင့် သား အဖြစ်က ဒီလိုပါ။ ကျွန်မရော ခင်ပွန်းဖြစ်သူရောက အစိုးရ၀န်ထမ်းတွေပါ။ နှစ်ဦးလုံး အလုပ်များကြပါတယ်။ သားလေးကို တယောက်တည်း မွေးထားတယ်ဆိုပေမယ့် အဲဒီတယောက်တည်း မွေးထားတာကိုပဲ အချိန်အပြည့်အ၀ မပေးနိုင်ပါဘူး။ ကျွန်မတို့နှင့် အတူနေ မောင်လေး လင်မယားက သားကို သူတို့ကလေးတွေနဲ့အတူ တန်းတူ ထိန်းကျောင်းပေးပါတယ်။ မောင်လေးရော သူ့အမျိုးသမီးရောက ကိုယ်ပိုင် အိမ်ဆိုင်လုပ်ငန်းဆိုတော့ ကလေးတွေကို မျက်ခြည်မပြတ် ကြည့်နိုင်ပါတယ်။ သားလေးကို ကျွန်မတို့ ရုံးသွားပြီဆိုတာနဲ့ သူတို့လက်ထဲ အပ်ခဲ့ရတာပါ။ ကျွေးတာ မွေးတာ ကျောင်းသွား ကျောင်းပြန် တကိုယ်ရည် သန့်ရှင်းမှု၊ ကျန်းမာရေး၊ လူမှုရေး အားလုံး သူတို့တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကျွန်မတို့က ရုံးပြန်ချိန်မှသာ သားလေးရဲ့ မိဘဘ၀ ပြန်ရောက်တဲ့အနေအထားမျိုးပါ။ သားအပေါ်မှာထားတဲ့ မောင်လေးတို့ ဇနီးမောင်နှံရဲ့ မေတ္တာတရားဟာ ကျေးဇူးတင်စရာကောင်းပါတယ်။ ဒီလိုနဲ့ သားက တတန်းကျောင်းသားအရွယ် ရောက်တဲ့အချိန်မှာ နည်းနည်း ဂဂျီဂဂျောင် ကျတတ်လာပါတယ်။

ပြောစကားကို နားမထောင်ဘဲ ဂျီကျဆန္ဒပြတာမျိုးလေး ရှိလာတယ်။ ဒါကို ကျွန်မ သတိထားမိပေမယ့် သားနဲ့ဆုံချိန်က နည်းတော့ တွေ့တဲ့အချိန်မှာ ကျွန်မက လိုက်လျောပေးတာများပါတယ်။ ဒီတော့ ပြဿနာက ကျွန်မနဲ့မဖြစ်ဘဲ စည်းကမ်းကောင်းတဲ့ သူ့အဒေါ် ( မောင်လေးရဲ့ ဇနီး ) နဲ့ ပြဿနာ စတော့တာပါပဲ။ သားက ကျောင်းပြန်လာလို့ ရေချိုးပြီးပြီဆိုတာနဲ့ သူ့မွေးနေ့လက်ဆောင် ရထားတဲ့ စူပါမင်းဝတ်စုံကို မချွတ်တမ်း ၀တ်ချင်ပါသတဲ့။ အစပိုင်းတော့ တူလေးကြိုက်တယ်ဆိုပြီး မောင်လေးရဲ့ဇနီးကလည်း အလျဉ်မီအောင် လျှော်ပေးဖွတ်ပေးတယ်။ ဒါပေမယ့် ကလေးက တနေ့မဟုတ် နေ့စဉ်ရက်ဆက်ဆိုတော့ အင်္ကျီ မလျှော်ဖြစ်တဲ့အခါမျိုးဆိုရင် နံနံစော်စော်ကိုပဲ ပြန်ဝတ်သတဲ့။ အများကြီးရှိရဲ့သားနဲ့ ဒါမှဒါ ဆိုတော့ လူကြီးက ဒေါသထွက်တော့တာပေါ့။ ရာဦဥတု ပူပူကြီးမှာ ဒီဝတ်စုံနဲ့ ချွေးတရွှဲရွှဲဆိုရင် အဒေါ်နဲ့တူရဲ့ ပြဿနာက တဂျိမ်းဂျိမ်းဆိုပဲ။ ယောက်မက ဒီအကြောင်းကို ကျွန်မဆီပြောလာတဲ့ အချိန်မှာ ကျွန်မစိတ်ထဲ ဒါ ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်လို့ ရုံးအပြန်စောတဲ့ တနေ့မှာ ရေချိုးပြီးသား သားနဲ့သူ့အဒေါ် ဖြစ်ပျက်နေပုံကို တွေ့မှ ကျွန်မ အရမ်းထိတ်လန့်သွားခဲ့တာပါ။

စူပါမင်းဝတ်စုံပဲ ၀တ်မယ် ဆိုတဲ့ သားနဲ့ ချော့လိုက်ချောက်လိုက် လုပ်နေတဲ့ သူ့ဒေါ်လေးရဲ့ အခြေအနေက တဖြည်းဖြည်း တင်းမာလာပါတယ်။ ပြောမရတဲ့အဆုံး အရမ်းစိတ်တိုလာပုံရတဲ့ ယောက်မက ကဲ-နင် ဒီလောက်တောင် ဒါပဲ ၀တ်ချင်နေတယ်ဆိုရင် လွှင့်ကိုပစ်မယ်။ လာ-ဒီမှာ ကြည့်၊ ပစ်လိုက်ပြီ တွေ့လား၊ နောက် လုံးဝ ၀တ်ချင်တယ် မပြောနဲ့တော့။ ဆိုပြီး တကယ့်ကို နောက်ဖေးပေါက်က လွှင့်ပစ်လိုက်တာပါ။ ဒီအချိန်မှာ သားရဲ့ဖြစ်ပျက်သွားတဲ့ မျက်နှာဟာ အတော့်ကို ရင်ဆို့စရာကောင်းပါတယ်။ အဒေါ်ကို မုန်းမုန်းနဲ့ စိုက်ကြည့်ပြီး တအိအိ ငိုချလိုက်တာဟာ ကလေးတယောက်ငိုနေတာနဲ့ မတူဘဲ မနိုင်လို့ သည်းခံလိုက်ရတဲ့ပုံနဲ့ စိတ်နာ လက်နာ ရှိလှပါတယ်။ ကျွန်မယောက်မ နားမလည်နိုင်တဲ့ သားရဲ့စိတ်ခံစားမှုကို ကျွန်မ နားလည်လိုက်ပါတယ်။

ယောက်မကိုတော့ စိတ်မခုမိပါဘူး။ ကျွန်မထက်တောင် သားလေးတာဝန်ကို ယူထားရတဲ့ ဒုတိယ မိခင်လေ။ သူ့မှာ သူ့စည်းကမ်းအတိုင်း ထိန်းပိုင်ခွင့်ရှိတယ်။ အပြစ်ရှိတာက ကျွန်မပါ။ ကျွန်မသားကို ချက်ချင်းထွေးပွေ့ပြီး အခန်းထဲ ခေါ်သွားခဲ့တယ်။ တတွတ်တွတ် ချော့မော့ပြီး သားနဲ့နားလည်မှု ယူတယ်။ အဲဒီတနေ့လုံး သားကို ပျော်ရွှင်မှုတွေ ပေးပြီးတဲ့အချိန်မှာတော့ ညအိပ်ရာဝင်ချိန်မှာ သားကို ဆုံးမစကားလေးတွေ နားဝင်အောင် ပြောရတော့တယ်။ ရေချိုးပြီးရင် သန့်ရှင်းတဲ့အ၀တ်အစားလေးတွေ ၀တ်ရတဲ့အကြောင်း၊ အင်္ကျီတွေ အများကြီး ၀ယ်ပေးထားတာ အမျိုးမျိုးလေးတွေ ၀တ်ပြီး လှလှပပ ဖြစ်နေစေချင်လို့ဖြစ်ကြောင်း အစုံပဲပေါ့လေ။ ဒီအခါမှာ သားဟာ လက်ခံကျေနပ်သွားပါတယ်။ နောက်နေ့တွေမှာတော့ ကျွန်မ ရုံးမသွားခင်မှာ သားကျောင်းကအပြန် ရေမိုးချိုးပြီး ၀တ်ဖို့အတွက် စိတ်ကြိုက် ၀တ်စုံတစုံကို သူကိုယ်တိုင် ရွေးချယ်စေပါတယ်။ ဒီအခါမှာတော့ သားက တနေ့တမျိုး မရိုးရအောင် ရွေးရင်းနဲ့ သားနဲ့ သူ့အဒေါ်ကြားမှာ ရှိနေတဲ့ ပြဿနာဟာ ပြေလည်သွားခဲ့ပါတယ်။

ဒီဖြစ်ရပ်လေးဟာ ကျွန်မအတွက် မှတ်မှတ်ရရလေးပါပဲ။ ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ့်ရင်သွေးအကြောင်းတော့ ကိုယ်အသိဆုံးဖြစ်ဖို့ လိုတာပေါ့-နော်။

မေမေအားလုံးရဲ့ ကိုယ်စား
( ဒေါ်ခင်အေးမူ-စမ်းချောင်း )

No comments: