Saturday, July 25, 2009

မာလာ နှင့် ကညာ

ပန်းပွင့်ကလေး ကြီးထွားရှင်သန်စေရန် ဥယျာဉ်မှူးသည် နေ့စဉ် ပြုစုမွမ်းမံရသကဲ့သို့ လုံမပျိုကလေး လူလားမြောက်ရန် သူ၏မိခင်သည်လည်း အမျိုးမျိုးပင် ပြုစုခဲ့ရလေသည်။

ပန်းမာလာကလေးများသည် တနေ့ထက်တနေ့ လှ၍ လှ၍ လာသောအခါ ပန်းပွင့်ပြီ-ဟု ခေါ်ဆိုကြ၏။ ယင်းကဲ့သို့ပင် လုံမပျိုကလေးများသည်လည်း ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ တိုးတက်ကြီးပျင်းလာကြ၍ ရှေးကနှင့်မတူ တရက်ထက်တရက် လှ၍ လှ၍ လာသောအခါ လုံမပျို ကညာလေးများအား အပျိုဖြစ်ပြီ-ဟု မှတ်ချက်ချကြ၏။

ပန်းပွင့်သည် အလှ အယဉ် အနုတို့၏ စုဝေးရာဌာနတခု ဖြစ်သကဲ့သို့ လုံမပျိုသည်လည်း အလှ အယဉ် အနု တို့၏ စုစည်းရာဒေသ ဖြစ်ခဲ့၏။

ပန်းပွင့်ကလေးများ ပွင့်လာသောအခါ ပိတုန်း၊ လိပ်ပြာ၊ ပျားကောင်ကလေးများသည် ၀တ်ရည်ဝတ်မှုန်ကလေးများကို စုပ်ယူစားသုံးရန် ရစ်ဝဲလာကြသကဲ့သို့ လုံမကလေးများ အပျိုသွေးတက်၍ အလှပန်း ပွင့်လာသောအခါ၌လည်း လုလင်ပျိုယောက်ျားတို့သည် အချစ်ကိုရယူရန် ရစ်သီလာကြကုန်၏။

ပန်းပွင့်သည် ဖူးရာမှ ပျိုခဲ့၏။ ပို၍လည်း လှခဲ့၏။
သို့ရာတွင် ပန်းပွင့်၏အလှကား သဘာဝမှန်သော အလှဟန် ဖြစ်ခဲ့၏။
လုံမပျို၏အလှကား ပကာသနဆန်သော အလှမာန် ဖြစ်ချေ၏။

ပန်းပွင့်သည် အမြင့်တွင် ပွင့်သော်လည်း အဆုံးတနေ့ဝယ် တံချူရှင်၏ လက်သို့ ရောက်ရစမြဲသာတည်း။
အဆင်းသာရှိ၍ အနံ့မရှိသော ပန်းကလေးများကို လူတို့မမြတ်နိုးကြသကဲ့သို့ ရုပ်ရည်သာလှပ၍ ကိုယ်ကျင့်တရား မရှိသော လုံမပျိုများကိုလည်း လုလင်ပျိုများက မမြတ်နိုး၊ မခုံမင်ကြပေ။

ပန်းပွင့်သည် လန်းရာမှ နွမ်းရမည်သာတည်း။
လုံမပျိုသည်လည်း ပျိုရာမှ အိုရမည်သာတည်း။
နွမ်းပြီးသော ပန်းသည် ပြန်၍ မလန်းနိုင်သကဲ့သို့ အိုပြီးသော လုံမသည်လည်း ပြန်၍ မပျိုနိုင်တော့ပြီ။

မည်သို့ပင်ဖြစ်စေ-
ပန်းပွင့်သည် ရင့်ရော်ကာ အညှာကြွေ၍ မြေသို့ကျရပေဦးမည်။
လုံမပျိုသည်လည်း အိုမင်းကာ တခါသေ၍ မြေသို့ ခ,ရပေဦးမည်တကား။

( မာဂဓီ-စပယ် )

No comments: