Thursday, July 30, 2009

ဘ၀၏ တခဏအချိန်ကလေး

ကျွန်မတို့အိမ်အနီးတွင် မခင်မြဆိုသူ အိမ်ထောင်သည် အမျိုးသမီး တယောက်ရှိသည်။ သူမသည် စိတ်သဘောထား မဆိုးလှသော်လည်း သူတပါးကို ကဲ့ရဲ့လွယ်တတ်သည်မှာ အကျင့်ပါနေသည်။ မခင်မြတို့ အိမ်၏ အရှေ့ဘက် တအိမ်ကျော်တွင် ဖိုးလုံးဆိုသော ကလေးတယောက် ရှိသည်။ ဖိုးလုံးမှာ အသက် ၈-နှစ်အရွယ်ခန့်ရှိပြီး နှုတ်ခမ်းကွဲလေးနှင့် ဖြစ်သည်။ နှုတ်ခမ်းကွဲသည်မှာ အတော်များပြီး သွားများပင် ထွက်နေသည့်အတွက် အတော်အရုပ်ဆိုးရှာသည်။ မွေးရာပါဖြစ်ပြီး မိဘများမှာလည်း ဆင်းရဲကြသဖြင့် ပြန်လည်မချုပ်နိုင်ပါ။

ကျွန်မတို့လည်း အိမ်နီးချင်းများဖြစ်၍ ဖိုးလုံးကို အမြဲမြင်တွေ့နေရသဖြင့် စိတ်မကောင်းစွာနှင့် ကရုဏာသက်ကြရုံသာရှိသည်။ မခင်မြကမူ ဖိုးလုံးကို မတွေ့မြင်လိုကြောင်း တွေ့လျှင်လည်း မျက်နှာလွှဲထားကြောင်း မကြာခဏ ပြောတတ်ပါသည်။ ကျွန်မကတော့-သူ့ကုသိုလ်ကံနှင့် သူပေါ့လေ-ဟုသာ ပြန်ပြောမိသည်။ အရွယ်မှာလည်း မကွာသောကြောင့် မဆုံးမချင်ပါ။

ဒီလိုနဲ့ မခင်မြတွင် ကိုယ်ဝန်ဆောင်၍ မီးဖွားသည့်အချိန်သို့ ရောက်လာပါသည်။ ကျွန်မတို့ အိမ်နီးချင်းများ စု၍ သူမီးဖွားရာ ဆေးရုံသို့ သွားရောက်မေးမြန်းကြသည်။ ကျွန်မတို့ကို မြင်သောအခါ မခင်မြ၏ မျက်လုံးအိမ်မှ မျက်ရည်များ တတွေတွေ စီးကျလာသည်။ ကျွန်မတို့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်ပြီး သူငိုသည်ကို နားမလည်ပါ။ ပြီးမှ သူက ယောက်ျားကလေး မီးဖွားကြောင်းပြောပြီး အနှီးဖြူကလေးဖြင့် အုပ်ထားသော ပုခက်အတွင်းမှ ကလေးငယ်ကို ပြပါသည်။ ကလေးငယ်လေးကို မြင်လိုက်ရသော ကျွန်မတို့မှာ တုန်လှုပ်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးမှာ ဖိုးလုံးကဲ့သို့ နှုတ်ခမ်းကွဲလေး ဖြစ်နေသောကြောင့်ပါတည်း။

ကျွန်မတို့မှာ မခင်မြအတွက် လွန်စွာ စိတ်မကောင်း ဖြစ်ကြရသည်။ သနားလည်း သနားမိသည့်အတွက် အားပေးစကား ပြောပြီး ပြန်ခဲ့ကြသည်။ နှုတ်ခမ်းကွဲလေးနှင့် ဖိုးလုံးလေးကို မကြည့်မိအောင် ရှောင်လွှဲ၍ ရသော်လည်း ( သားတို့ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း ) -ဆိုသကဲ့သို့ တစိမ့်စိမ့်ကြည်ရင်း ပီတိဖြစ်နေရသော မိမိ၏သားကလေးကိုတော့ မကြည့်မိအောင် ရှောင်လွှဲမရနိုင်ပေ။ ထိုရှောင်လွှဲ၍ မရနိုင်သော ဘ၀ကို ရောက်ရသည့်အတွက် မခင်မြတယောက် မည်မျှခံစားရမည်ကို ကျွန်မ ကိုယ်ချင်းစာ နားလည်မိပြီး သံဝေဂတရား ရမိပါတော့သည်။

( ချယ်ရီ-ရွှေခြံ )
********************************************************************************

( ၀စီဘေဒ ထိတိုင်းရှ )

ဝစီဘေဒ ထိတိုင်းရှ-ဟူသော စကားသည် အလွန်မှန်ပေသည်။ အထက်ပါအကြောင်းနှင့် စပ်လျဉ်း၍ ကျွန်တော် ငယ်စဉ် ကျောင်းသားဘ၀က တွေ့ကြုံခဲ့ရသော ဖြစ်ရပ်ကလေးတခုကို တင်ပြလိုပေသည်။
ကျွန်တော်တို့ စတုတ္ထတန်းတွင် မောင်ထွန်းဇော်သည် အငယ်ဆုံးဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ဉာဏ်ကောင်းသဖြင့် အတန်းထဲတွင် အတော်ဆုံးဖြစ်ပါသည်။ နှစ်ဟောင်း ကျောင်းသားကြီး နှစ်ဦးထက်ပင် သာလွန်ထက်မြက်သောကြောင့် ဆရာ ဆရာမများ၏ ချီးမြှောက်မှုကို ခံရလေသည်။

ထိုအခါ မောင်ထွန်းဇော်သည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ နားထင်သွေးရောက်၍ ဘ၀င်မြင့်လာပါတော့သည်။ အဆိုးဆုံးမှာ နှစ်ဟောင်းကျောင်းသားကြီး နှစ်ဦး စာမရသည့်အခါ၌ မင်းတို့က နှစ်ဟောင်းကြီးတွေလုပ်နေပြီး ဒါတောင် မရဘူးလား-ဟူ၍ ချိုးချိုးဖဲ့ဖဲ့ ပြောတတ်သလို စာရသည့်အခါလည်း မင်းတို့က အတန်းကျတွေပဲကွာ ရမှာပေါ့-ဟု နှိမ့်ချပြောတတ်လေသည်။

အားနည်းချက်ရှိရှာသော ကျောင်းသားကြီး နှစ်ဦးမှာ ဘာမှပြန်မပြောဘဲ သည်းခံကြလေသည်။ စာသင်နှစ် တနှစ် ကုန်တော့မည်။ အတန်းတင်စာမေးပွဲ ဖြေရန် ရက်ပိုင်းသာ လိုတော့သည်။ ကျောင်းသား ကျောင်းသူများမှာ စာမေးပွဲဖြေဆိုနိုင်ရန် အတွက် အားမွေးနေကြလေပြီ။

စာမေးပွဲဖြေဆိုရန် ၃-ရက်အလိုတွင် မောင်ထွန်းဇော်တယောက် အပြင်းဖျားလေတော့သည်။ ဆရာ ဆရာမများနှင့်တကွ သူငယ်ချင်း ကျောင်းသား ကျောင်းသူများက သူ့ကို သွားရောက်အားပေးကြသည်။ သူကလည်း အရေးကြီးသော အတန်းတင်စာမေးပွဲဖြစ်၍ ဖြေနိုင်အောင် ကြိုးစားမည်ဟု ပြောပါသည်။

သို့သော် စာမေးပွဲမဖြေမီ တညတွင် အဖျားကြီးပြီး သတိမေ့သွားသောကြောင့် ညတွင်းချင်း တိုက်နယ်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရတော့သည်။ စာမေးပွဲကြီးကား ပြီးဆုံးသွားလေပြီ။ ကျွန်တော်တို့အားလုံး ကောင်းစွာ ဖြေဆိုနိုင်ခဲ့ကြသည်။ အတန်းထဲတွင် စာအတော်ဆုံးဖြစ်သော မောင်ထွန်းဇော်မှာမူ မဖြေလိုက်ရရှာပါ။ ကျွန်တော်တို့ တဘာသာဖြေပြီးသော ညနေရောက်မှသာ သတိပြန်လည်ရလာသည်။

အောင်စာရင်းထွက်သောအခါ ကျွန်တော်တို့အားလုံး အောင်ကြသည်။ မြို့ပေါ်မှ အ-လ-က ကျောင်းသို့ ပြောင်းရန် တပျော်တပါး စီစဉ်ကြသည်။ မောင်ထွန်းဇော်မှာကား စာမေးပွဲ မဖြေဆိုလိုက်ရ၍ ရွာမှာပင် ကျန်ရစ်ခဲ့ရတော့သည်။

ယခင်က မောက်မာစွာဖြင့် နှစ်ဟောင်းကျောင်းသားကြီးများအား နှိမ်ချပြောဆိုခဲ့သော မောင်ထွန်းဇော်သည် ယခုအခါ သူကိုယ်တိုင် နှစ်ဟောင်းကျောင်းသားတဦးအဖြစ် ခံယူလျက် ၀စီကံ၏ ဘက်ပြန်မှုကို ခံစားရလေသတည်း။

( မောင်နွေထွန်း-ပေါက်ခေါင်း )

( မြတ်မင်္ဂလာ ၁၉၉၉-ခု မတ်လ )

No comments: