Wednesday, July 15, 2009

လူ့ဘ၀ လမ်းညွှန်

တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သော ထားဝယ်မြို့ ဃောသိတာရာမကျောင်းတိုက် ကျောင်းဦးရှိ ဂန္ဓကုဋိတိုက် စောင်းတန်းဖြင့် တည်ဆောက်ထားသော မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါသည်။ မဟာဂန္ဓကုဋိတိုက် ပတ်ဝန်းကျင်တွင် စနစ်တကျ ချိတ်ဆွဲထားသော ဘောများကို တွေ့ရသည်။ ထိုဘောများတွင် မှတ်သားဖွယ်ရာ ဆုံးမစာများကို ရေးသားထားသည်။ မည်သူရေးသည်ဟု ဖော်ပြမထားသော်လည်း အဘိဓဇမဟာရဋ္ဌဂုရု ဃောသိတာရာမ ဆရာတော်ဘုရားကြီး သြ၀ါ၏ ဆုံးမစာများ ဖြစ်မည်ဟု ယူဆပါသည်။

ထိုဆုံးမစာများမှာ အကြောင်းအရာအားဖြင့် စုံလှပါသည်။ ထိုဆုံးမစာများမှ လူသားများနှင့် သက်ဆိုင်သော ဆုံးမစာများကို တင်ပြလိုပါသည်။ လူ့ဘ၀သည် ရခဲသောဘ၀ဟု မြတ်ဗုဒ္ဓက ဟောတော်မူခဲ့သည်။ လူ့ဘ၀၊ လူ့အဖြစ်ကို ရရှိနေသူတိုင်း မှတ်သားသင့်လှသည်။ ဆရာတော်ဘုရားကြီးက ဤသို့ ရေးသားဆုံးမထားသည်။

လူ့ပြေ လူ့ရွာ၊ လူဖြစ်လာ၊ လူရာ ရောက်ကြပါ။
ကိုယ်ကျင့်တရား၊ မသိငြား၊ ထင်ရှား ရှက်ဖွယ်ရာ။
မှားမှန် သိက၊ ပြင်တတ်မှ၊ မုချလူလိမ္မာ။

လူ့ပြည် လူ့ဘ၀ လူဖြစ်လာသော်လည်း လူ့အဆင့်အတန်း မမီ၊ လူရာမ၀င်က လူဖြစ်ကျိုး နပ်မည်မဟုတ်ပေ။ လူ့ပြည်၌ လူလာဖြစ်လျှင် လူရာရောက်အောင် လူရာဝင်အောင် ကြိုးစားရန် ညွှန်ကြားထားသည်။

လူရာဝင်သော လူတယောက်ဖြစ်လာသော်လည်း လူကျင့်ရမည့် ကိုယ်ကျင့်တရားကို မသိလျှင် ရှက်ဖွယ်သာ ဖြစ်ပေမည်။ လူသည် ပုထုဇဉ်ဖြစ်သည့်အားလျော်စွာ အမှားကိုလည်း အမှန် ထင်တတ်သည်။ အမှန်ကိုလည်း အမှားထင်တတ်သည်။ အမှားအမှန်ကို သိရုံဖြင့်လည်း အကျိုးမပြီးသေးပေ။ အမှားအမှန်ကို ခွဲခြားဝေဖန် သိသောအခါ ပြင်တတ်သူသာ လူလိမ္မာ ဖြစ်မည်။ မှားမှန်းသိလျက် မပြင်လျှင် လူလိမ္မာစာရင်းဝင် ဖြစ်မလာနိုင်ပေ။ လူတယောက်ဖြစ်လာပြီး လူရာဝင်နိုင်ရန် ဤသို့ ဆုံးမတော်မူသည်။

လူနေ လူစား၊ လူသွား လူလာ၊
လူကြံ လူကျင့်၊ လူနှင့် တူပါ။

လူတယောက်ဖြစ်လာပြီး လူလိုနေတတ်၊ လူလို စားတတ်၊ လူလို သွားတတ်ပြီး လူ့အကြံ လူ့အကျင့်ကို ကျင့်မှသာ လူရာဝင်သော လူနှင့်တူသော လူတယောက် ဖြစ်လာပေမည်။
လူ့ဘ၀ လူဖြစ်လာသူတိုင်း အကြောင်းတရား ခွဲခြားသိဖို့ လိုအပ်လှသည်။ လူ့ဘ၀ လူဖြစ်ရခြင်းသည် ကုသိုလ်တရားတည်းဟူသော အကြောင်းကောင်းခြင်းကြောင့် ဖြစ်သည်။ လူ့ဘ၀သို့ ပို့ဆောင်ပေးလိုက်သော ကုသိုလ်ကို ပစ်ပယ်၍ ကုသိုလ် အကုသိုလ်ကို မသိဘဲ အကုသိုလ်အလုပ်များကိုသာ လုပ်ကိုင်ပါက လူ့ဘ၀ ဆုံးရှုံးပေမည်။ အကုသိုလ်ကံအားလျော်စွာ ကိုယ့်ဝန် ကိုယ်ထမ်း၍ ကိုယ့်လမ်းကို ကိုယ်လျှောက်ရမည်ဟု ဆရာတော်ကြီးက ဆုံးမထားသည်။

လူ့ပြေဘ၀၊ ဖြစ်ရသူငါ၊
ကြောင်းကျိုးကို ကြည့်၊ သိမှ တော်တာ၊
ကိုယ့်စခန်းနှင့်၊ ကိုယ့်လမ်း ကိုယ်သာ၊
ဝန်ကိုထမ်း၊ ဖြောင့်တန်းသွားရမှာ။

ဆရာတော်ဘုရားကြီး၏ ဆုံးမကြ၀ါဒများမှာ လူ့ဘ၀နီတိ လူ့ဘ၀ လမ်းညွှန်ချက်များ ဖြစ်ရာ မှတ်သားဖွယ် ကောင်းလှ၍ တင်ပြအပ်ပါသတည်း။

( ဌေးလွင်-ဆားလင်းကြီး )

No comments: