Wednesday, July 8, 2009

အမြတ်ဆုံး အရာ

သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေးကြီးတွင် ကာလ-ဟုခေါ်သော သားတယောက်ရှိသည်။ ထိုကာလသူဌေးသားသည် အသက်အရွယ်ကလည်း ငယ်၊ ငွေကြေးကလည်း ချမ်းသာ၊ အပေါင်းအသင်းကလည်း စုံသဖြင့် လူငယ်တို့ဘာဝ ပျော်ပါးသုံးဖြုန်း၍သာ နေသည်။

ကာလသူဌေးသား၏ ပျော်ပါးနေမှု စတင်းစုံကို အနာထပိဏ်သူဌေးကြီးသည် နားမဆံ့အောင် ကြားနေရသည်။ ထိုအခါ သူဌေးကတော်ကြီးအား ကာလကို မုန့်ဖိုးငွေ မပေးရန် တင်းကျပ်စွာ တားမြစ်သည်။ ကာလသည်လည်း ယခင်ကကဲ့သို့ သုံးဖြုန်းရန် ငွေကြေးမရသဖြင့် မပျော်မရွှင် ဖြစ်နေသည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့သော သူဌေးကြီးသည် ပျော်ဖို့ ပါးဖို့မှတပါး ဘုရား တရားကို စိတ်ပါဝင်စားခြင်းမရှိသော သားအား ငွေကြေးဖြင့်မျှား၍ ဘုရား တရားကို စိတ်ဝင်စားကြည်ညိုအောင် ပြုမည်-ဟု ကြံစည်သည်။ ထိုကြံစည်သည့်အတိုင်း သားကာလကို ခေါ်၍ သား-မနက်ဖြန်နံနက် ဘုရားကျောင်းတော်သွားပြီး ဥပုသ်သီလခံယူပါ။ ညနေချမ်းအခါတွင် ဘုရားဟောကြားသည့် တရားတော်ကို နာကြားပါ။ ထိုကဲ့သို့ ပြုလုပ်လျှင် ငွေတထောင်ပေးမည်-ဟု ပြောလေသည်။

ထိုအခါ ကာလသည် ကျောင်းတော်သို့သွားပြီး ဥပုသ်သီလ ခံယူသည်။ တရားတော်ကိုတော့ မနာကြားဘဲ ချောင်တချောင်တွင် အိပ်နေသည်။ နံနက်အခါမှ ကျောင်းတော်က ပြန်လာကာ ဖခင်သူဌေးကြီးထံ ငွေအသပြာတထောင်တောင်း၍ သုံးဖြုန်းပျော်ပါးသည်။ ထိုငွေကုန်သောအခါ ကာလသည် မှိုင်တွေ၍ နေသည်။ ထိုအခါ ဖခင်သူဌေးကြီးက ကာလအား ကျောင်းတော်သို့သွား၍ ဘုရားဟောတော်မူသော ဂါထာတပုဒ်မျှကို မှတ်မိအောင် နာယူပါက အသပြာတထောင် ပေးမည်-ဟု ဆိုပြန်သည်။

အသပြာရလိုသော ကာလကလည်း ဇေတ၀န်ကျောင်းတော်သို့ သွားသည်။ ဘုရားရှင်အား ဂါထာတပုဒ် သင်ကြားပေးပါရန် လျှောက်ထားသည်။ ဘုရားရှင်က ဂါထာတပုဒ် သင်ကြားပေးသည်။ ကာလသည် ငွေရလိုသော ဆန္ဒဖြင့် ဂါထာကို တတ်မြောက်မှတ်မိအောင် အာရုံစိုက် နာကြားသည်။ ထိုကဲ့သို့ အာရုံစိုက် နာကြားရင်းပင် သောတာပတ္တိဖိုလ်၌ တည်လေသည်။

နံနက်မိုးသောက်သောအခါ ကာလသည် ကျောင်းတော်မှ ပြန်လာသည်။ ထိုအခါ သား၏ ထူးကဲသည့် အသွင်အပြင်ကို သူဌေးကြီး အကဲခတ်မိသည်။ ထို့နောက် သူဌေးကြီးက ကတိအတိုင်း အသပြာတထောင် ပေးသောအခါ သားက ငြင်းဆန်သည်။

ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသည် ကျောင်းတော်သွား၍ ဘုရားရှင်အား လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က-
ဒါယကာ သူဌေးကြီး၊ သင်၏ သားသည် ယနေ့အခါ သင်ပေးသော ငွေတထောင်ကို မဆိုထားနဲ့၊ စကြာဝတေးမင်း စည်းစိမ်၊ နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်တို့ကို ပေးသော်လည်း မယူတော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုစည်းစိမ်တို့ထက် ထူးကဲသာလွန်သော သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်နေသောကြောင့်တည်း-ဟု မြွက်ကြားတော်မူလေသည်။
အကိုး။ ။ ဓမ္မပဒ-လောက၀ဂ်။

( ဣန္ဒာမှူး-မေဃ၀တီ )
********************************************************************************

( ယာဂု )

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်အချိန်က ဖြစ်သည်။ ဂေါတမဗုဒ္ဓသည် တပည့်သံဃာတော်ပေါင်း ၁၂၅၀-တို့ဖြင့် ဗာရာဏသီမြို့မှ အန္ဓက၀ိန္ဒမြို့သို့ ဒေသစာရီ ကြွချီတော်မူသည်။ အန္ဓက၀ိန္ဒမြို့သူမြို့သားများသည် မြတ်စွာဘုရားရှင်နှင့် တပည့်ရဟန်းသံဃာတော်တို့အား သူ့ထက်ငါဦး ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ နောင်သော် ဆွမ်းဆက်ကပ်လှူဒါန်းသူများ များပြားလာသဖြင့် အလှည့်ကျ ကပ်လှူရန် စောင့်ဆိုင်းနေကြရသည်။

ထိုသို့ အလှည့်ကျ ကပ်လှူရန် စောင့်ဆိုင်းနေကြသော အန္ဓက၀ိန္ဒမြို့သူ မြို့သားများထံတွင် လယ်သမားပုဏ္ဏားတဦးလည်း ပါဝင်သည်။ ထိုပုဏ္ဏားသည် မိမိအလှည့်ကျနိုးကျနိုးဖြင့် စောင့်ဆိုင်းခဲ့သည်မှာ နှစ်လတိတိ ကြာသွားသည်။ သို့သော် ကပ်လှူခွင့် မရခဲ့ပေ။ ထိုအခါ ပုဏ္ဏားကြီး စဉ်းစားသည်။ ဒီအတိုင်းသာ စောင့်ဆိုင်းနေရပါက နှစ်ကုန်သွားတောင် ငါ့အလှည့်ကျဖွယ်မရှိ။ ငါ့မှာလဲ အိမ်ကအလုပ်တွေ ပျက်လှပြီ။ ဒါကြောင့် ဆွမ်းလှူခွင့်မရလဲ အခြားစားသောက်ဖွယ် ပြုလုပ်ပြီး ငါလှူမယ်-စသည်ဖြင့် ကြံရွယ်သည်။ ထို့နောက် ရဟန်းတော်များ ဆွမ်းဘုဉ်းပေးရာ ကျောင်းတော်သို့ သွားရောက်၍ လေ့လာသည်။

ထိုအခါ ကျောင်းတော်၌ ဆွမ်းကပ်သူသာ ပေါများပြီး ယာဂုကပ်လှူသူ တဦးတယောက်မျှ မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဏ္ဏားသည် ယာဂုကိုကပ်လှူလျှင် ကောင်းအံ့-ဟု အကြံဖြစ်ပြီး အရှင်အာနန္ဒာထံ ချဉ်းကပ်၍ လျှောက်ထားသည်။
အရှင်ဘုရား၊ တပည့်တော် အရှင်ဘုရားတို့အား ဆွမ်းကပ်လှူလိုသောကြောင့် အလှည့်ကျ စောင့်ဆိုင်းခဲ့သည်မှာ နှစ်လတိတိပင် ကြာသွားပါပြီ။ သို့သော် ယခုအချိန်အထိ ဆွမ်းကပ်ခွင့်မရသေးပါ။ ထို့ကြောင့် ဆွမ်းအစား ယာဂုကို လှူဒါန်းလိုပါသည်ဘုရား။ ယာဂုကို အလှူခံမည် မခံမည်ကိုလည်း သိလိုပါသည်-ဟု ရိုသေစွာလျှောက်၏။ ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား ပုဏ္ဏားလျှောက်သည့်အတိုင်း ပြန်၍ လျှောက်ထားလေသည်။

ထိုအခါ ယာဂု၏အကျိုးကို သိတော်မူသော မြတ်စွာဘုရားသည် ယာဂုအလှူကို ခွင့်ပြုတော်မူလိုက်သည်။ ပုဏ္ဏားကြီးသည် ထိုသို့ ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် မိမိအဖော်များနှင့် စုပေါင်းပြီး ဘုရားရှင်နှင့်တကွ သံဃာ ၁၂၀၀-ကျော်ကို ဆက်ကပ်နိုင်ရန် ယာဂုများကို စီမံချက်ပြုတ်လေတော့သည်။

ယာဂုများ စီမံချက်ပြုတ်၍ ပြီးစီးသော် နံနက်အရုဏ်တွင် ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား သွားရောက်ဆက်ကပ်ကြလေသည်။ ထိုအချိန်က ရဟန်းတော်တို့အား ယာဂုဘုဉ်းပေး သုံးဆောင်ခွင့် မပြုသေးပေ။ ထို့ကြောင့် ရဟန်းတော်များ မဘုဉ်းပေး၊ မသုံးဆောင်ရဲ ဖြစ်နေသည်။ ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့-အလှူခံကြ၊ ဘုဉ်းပေး သုံးဆောင်ကြ-ဟု မိန့်တော်မူသောအခါ ရဟန်းတော်များ ဘုဉ်းပေးသုံးဆောင်တော်မူကြသည်။ ဘုရားရှင်နှင့်တကွ သံဃာတော်အားလုံး ယာဂုဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားက ယာဂုလှူခြင်း အကျိုးကို ဟောတော်မူသည်။

ဒကာပုဏ္ဏားကြီး၊ ယာဂုလှူခြင်းဖြင့် ရရှိသောအကျိုးကား ၁၀-မျိုးရှိသည်။ ယာဂုလှူဒါန်းသောသူသည်-
(၁) အသက်ကို ပေးလှူသည်မည်၏
(၂) အဆင်းကို ပေးလှူသည်မည်၏
(၃) ချမ်းသာကို ပေးလှူသည်မည်၏
(၄) ခွန်အားကို ပေးလှူသည်မည်၏
(၅) ဉာဏ်ပညာကို ပေးလှူသည်မည်၏
ဤအကျိုးငါးမျိုးကား ဘ၀ဆက်တိုင်း ရရှိနိုင်ပေသည်။

ယာဂုသောက်ခြင်းဖြင့်-
(၆) အဆာပြေသည်
(၇) ရေငတ်ပြေသည်
(၈) လေကို သက်စေသည်
(၉) အစာဟောင်းများကို စင်ကြယ်စေသည်
(၁၀) အစာသစ်ကိုလည်း ကြေညက်စေသည်။

ထို့ကြောင့် ဆေးကောင်းတလက်နှင့် တူသော ဤယာဂုကို ပေးလှူထိုက်ပေ၏-ဟု ဟောတော်မူပါသတည်း။
အကိုး။ ။ ၀ိနည်းမ၀ါဟာ။

( မောင်စန္ဒ-ချောက် )

( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )

No comments: