Thursday, July 9, 2009

ပေးမကုန် လှူမခန်း မြတ်ရဟန်း၏ ဆွမ်း

မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်များသည် ၀ါလကျွတ်၍ ကထိန်ခင်းပြီးသောအခါ လူများစွာ၏ စီးပွားချမ်းသာအလို့ငှါ တရားဟောကြားရန် တနေရာမှ တနေရာသို့ ဒေသစာရီ ကြွချီတော်မူလေ့ရှိကြသည်။

တရံရောအခါ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံက ၀ါလကျွတ်၍ ဒေသစာရီ ကြချီလာသော ရဟန်းတော်ငါးဆယ်သည် မဟာဂီရိရွာအနီး ညောင်ပင်ကြီးအောက်သို့ ရောက်ရှိလာ၏။ ဆွမ်းခံချိန်ဖြစ်သည့်အတွက် သပိတ်ဆေး၊ သင်္ကန်းရုံပြီးလျှင် ဆွမ်းခံသိက္ခာပုဒ်တော်နှင့်အညီ ရွာတွင်းသို့ အသီးသီး ဆွမ်းခံဝင်ကြသည်။

သို့သော်လည်း တပါးမျှ ဆွမ်းတဇွန်းစာ မရချေ။ ဆွမ်းမပါသော သပိတ်ကို ပွေ့လျက် စုရပ်ဖြစ်ရာ ရွာထိပ် ညောင်ပင်ကြီးဆီသို့ ပြန်ကြွလာကြ၏။

ငါတို့၏ဘုဉ်းကံသည် ဤမျှလောက် နည်းပါးလေစွတကား-ဟုအသီးသီး သံဝေဂ ဖြစ်မိကြ၏။ ထိုစဉ် ရွာခံ ရဟန်းတပါးသည် ရွာတွင်းဆွမ်းခံဝင်ရန် ခပ်လှမ်းလှမ်းမှ ကြွလာသည်ကို မြင်တွေ့ကြ၏။ ညောင်ပင်အောက်ရောက်သောအခါ ထိုရွာခံရဟန်းက အရှင်ဘုရားတို့၊ ဆွမ်းများပြည့်စုံကြရဲ့လား ဘုရား-ဟု မေးလျှောက်၏။

ဆွမ်းတဇွန်းမျှ မရကြပါ ငါ့ရှင်-ဟု မထေရ်ကြီးက သံဃာများကိုယ်စား မိန့်ကြား၏။
အရှင်ဘုရား ဆွမ်းအတွက် ကြောင့်ကြစိုးရိမ်တော်မမူပါနှင့်။ တပည့်တော် ပြန်လာသည့်တိုင်အောင် ဤနေရာက စောင့်တော်မူပါဘုရား။ တပည့်တော် ဆွမ်းခံသွားပါတော့မည်-ဟု လျှောက်ထားသောအခါ ရဟန်းငယ်တပါးက ဟုတ်မှလဲ လုပ်ပါ ကိုယ်တော်၊ တပည့်တော်တို့အားလုံး ရွာထဲ အိမ်ပေါက်စေ့ နှံ့နေပါပြီ။ ရဟန်းငါးဆယ် ဆွမ်းခံတာတောင် တဇွန်းမျှ မရတာ။ ကိုယ်တော်တပါးတည်း ဖြစ်နိုင်ပါ့မလား-ဟု မေးလျှောက်၏။

အရှင်ဘုရား၊ ရွာခံရဟန်းတို့မည်သည် ဆွမ်းခံရာလမ်းကိုလည်း သိ၏။ လောင်းနေကျအိမ်ကိုလည်းသိ၏။ အထူးတလည် ပြုလုပ်လှူဒါန်းသူကိုလည်း သိ၏-ဟု ပြောဆိုပြီး ဆွမ်းခံဝင်လေ၏။
နေ့စဉ် ဆွမ်းခံရန် ပင့်လျှောက်ထားသောအိမ် (ထိုင်အိမ်) ရှိ အိမ်ကြီးရှင် ဒကာမတဦးသည် နို့ဃနာဆွမ်းများ ပြင်ဆင်ပြီး ရဟန်းတော်လာနေကျဖြစ်သောလမ်းကို လှမ်းမျှော်ကြည့်လျက် စောင့်နေ၏။

ရဟန်းတော် အိမ်ပေါက်ဝ ရောက်လျှင် ဆီးကြိုကာ သပိတ်ယူပြီး နို့ဃနာဆွမ်းတို့ သပိတ်ပြည့်မျှ ဆက်ကပ်လှူဒါန်း၏။ ရဟန်းတော်သည် တဦးတည်း သပိတ်အပြည့် လှူသော နို့ဃနာဆွမ်းကို အလှူခံပြီး ငြိမ်သက်သောဣနြေ္ဒဖြင့် ရဟန်းငါးဆယ်ရှိရာ ရွာထိပ်ညောင်ပင်သို့ ပြန်ကြွလာ၏။

ရဟန်းတော်ငါးဆယ်သည် ယခုပင် ဆွမ်းခံဝင်၊ ယခုပင် ပြန်ကြွလာသော ရွာခံရဟန်းတော်၏ အခြင်းအရာကို အံ့သြစွာကြည့်ရှုကြသည်။
ငါ့ရှင်တို့၊ ငါတို့သည် သီလသိက္ခာပြည့်စုံ၍ အိမ်ပေါက်စေ့ ကြာမြင့်စွာ ဆွမ်းခံလျက် ဆွမ်းတဇွန်းမျှ မရ။ ဤရဟန်းကား ယခုသွား၊ ယခုပြန်လာကာ မွန်မြတ်သောဆွမ်းကို သပိတ်အပြည့် ရခဲ့ပြီ။ စင်စစ် ဤရဟန်း ရသောဆွမ်းသည် ဓမ္မိယလဒ္ဓ တရားသဖြင့် ရသောဆွမ်း မဖြစ်တန်ရာ မဘုဉ်းပေးကြကုန်လင့်။

ထိုအခါ ရွာခံရဟန်းတော်က အရှင်ဘုရားတို့၊ သံသယကင်းစွာ ဘုဉ်းပေးတော်မူကြပါ၊ ဓမ္မိယလဒ္ဓ တရားသဖြင့် ဆွမ်းခံရသော ပစ္စည်းဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားရင်းပင် သပိတ်လုံးရေ ငါးဆယ်တွင်းသို့ ဆွမ်းအပြည့်စီ ထည့်၍ လောင်းလှူလေ၏။ ရွာခံရဟန်း၏ သပိတ်သည် ပြည့်မြဲတိုင်း ပြည့်လျက်သာ ရှိ၏။

ငါ့ရှင် အရှင်သည် ရဟန္တာလော၊ လောကုတ္တရာတရားကို ဘယ်အချိန်က သိရှိခဲ့သနည်း-ဟု မေးမြန်းကြ၏။ တပည့်တော် ရဟန္တာ မဟုတ်ပါ။ လောကုတ္တရာတရားကိုလည်း ထိုးထွင်းမသိသေးပါ။ ပုထုဇဉ်သာ ဖြစ်ပါသည်ဘုရား။

ဒါဖြင့် တန်ခိုးအဘိညာဉ်ကို ဘယ်အခါက ရရှိသနည်း။
မရရှိသေးပါဘုရား။
ထိုသို့ မရရှိပါဘဲ မည်သည့်အစွမ်းတန်ခိုးကြောင့် ငါ့ရှင်၏သပိတ်ထဲက ဆွမ်းသည် ပေးမကုန်၊ လှူမခန်း ဖြစ်ရလေသနည်း။
တပည့်တော်သည် နေ့ရက်မပျက် ဆွမ်းခံ၍ ရသမျှဆွမ်းကို မြင်သမျှရဟန်းများအား ဣဿာမစ္ဆေရ ကင်းသောစိတ်ထားဖြင့် ၁၂-နှစ်တိုင်တိုင် ပေးလှူ၍ သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်ခဲ့ပါသည်။ ထိုကဲ့သို့ ဆွမ်းခံ၍ ဆွမ်းများ ပြန်လှူဒါန်းသော သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်အောင်မြင်သောနေ့မှစ၍ တပည့်တော်၏ သပိတ်တွင်းက ဆွမ်းကို ရဟန်းငါးဆယ် မဆိုထားဘိ ရဟန်းတသိန်းလှူသည့်တိုင်အောင် မကုန်ခန်းဘဲ ပြည့်မြဲတိုင်းသာ ရှိပါသည်ဘုရား-ဟု လျှောက်ထား၏။

မထေရ်ကြီးက သာဓု သာဓု သာဓု၊ ငါ့ရှင်တောင့်တသော နိဗ္ဗာန်ချမ်းသာကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်ပါစေ- ဟု အနုမောဒနာပြု၏။ ကျန်ရဟန်းများကလည်း ၀မ်းမြောက်ပြုံးရွှင်စွာ တသက်မက အမှတ်ရထိုက်သော စကားတို့ဖြင့် နှုတ်ဆက်ကြပြီးလျှင် ဆက်လက်၍ ဒေသစာရီကြွချီ၍ သွားကြလေသတည်း။
ကျမ်းကိုး။ ။အင်္ဂုတ္တရနိကာယ်။

( မောင်ကျော်မိုး-စောယွန်းမြေ )

( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇန်န၀ါရီလ )

No comments: