Friday, July 24, 2009

ရင်သွေးငယ်အတွက် အရေးကြီးသော မိခင်တို့၏ မေတ္တာနို့ရည်

ကလေးတယောက်ဟာ ပုံမှန်ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ ဒီလို ပုံမှန်အရွယ်ရောက်လာဖို့ရာမှာ အဆင့်များစွာ ဖြတ်သန်းရပါတယ်။ ကလေးမမွေးဖွားမီ၊ သန္ဓေမတည်မီက စလို့ ကလေးအဖြစ်မှ လူကြီးအရွယ် ကူးပြောင်းချိန်ထိ အရေးကြီးတဲ့ အဆင့်များစွာကို သတိထားရပါတယ်။ ပထမဦးစွာ ကလေးယူမယ့် အမေတယောက်ဟာ ကျန်းမာသန်စွမ်းရပါမယ်။ ကူးစက်ရောဂါများဖြစ်တဲ့ တီဘီ၊ အသည်းရောင် အသားဝါပိုး၊ ခုခံအား ကျဆင်းမှုရောဂါ စတာတွေ မရှိသင့်ပါဘူး။ အမေလုပ်မယ့်သူဟာ ကျန်းမာသန်စွမ်းပြီး သွေးအားကောင်းသူ ဖြစ်သင့်ပါတယ်။ အဖေဖြစ်မယ့်သူကလည်း ကျန်းမာသန်စွမ်းဖို့ လိုအပ်သလို နှစ်ဖက်မိဘများမှာလည်း သွေးရောဂါ မရှိတဲ့မျိုးရိုး ဖြစ်သင့်ပါတယ်။ ဥပမာ-Thalassaemiu,Haemophillia လို့ခေါ်တဲ့ သွေးရောဂါများဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် မိသားစုတခုဟာ ကလေးယူတော့မယ်ဆိုရင် သေချာအစီအစဉ်များ ချသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့် အမေလုပ်သူဟာ အစာအာဟာရ ပြည့်ဝစွာ စားသုံးသင့်ပါတယ်။ အမေကိုယ်တိုင်က အာဟာရပြည့်ဝမှ သားသမီးကို အာဟာရ ပြန်ပေးနိုင်မှာဖြစ်ပါတယ်။ စပြီး ကိုယ်ဝန်ဆောင်စဉ် ကာလမှာလည်း အစားမရှောင်သင့်ပါ။ တခုခုစားမိလို့ ကလေးမှာ လေထိုးလေအောင့် ဖြစ်မယ်ဆိုတာ မှားယွင်းတဲ့ အယူအဆပါ။



အာဟာရဖြစ်မယ့် အစားအစာကို မိမိတို့ကြိုက်သလောက် စားသုံးနိုင်ပါတယ်။ အစားအသောက်သာမက ကိုယ်ဝန်ဆောင်များဟာ ငြိမ်ကုပ်မနေဘဲ ကိုယ်လက် လှုပ်ရှားပေးသင့်ပါတယ်။ ဒါမှသာ သန္ဒေသားဆီ သွားသော သွေးလည်ပတ်မှုများ ကောင်းမွန်နိုင်ပါတယ်။ ကိုယ်ဝန်လွယ်ရပြီဆိုတာနဲ့ စောနိုင်သမျှစောစွာ ဆေးရုံမှာ အပ်နှံပြသသင့်ပါတယ်။ ရက်ချိန်းမှန်မှန် ပြသင့်ပါတယ်။ ညွှန်ကြားသော ကိုယ်ဝန်ဆောင်ဆေးများကို ထိုးထားသင့်ပါတယ်။ ဒါမှသာ ကလေးတယောက်က မိခင်ရဲ့ဝမ်းဗိုက်အတွင်းမှာ ကောင်းမွန်စွာ ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ မွေးဖွားရာတွင်လည်း ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမများနဲ့သာ မွေးဖွားသင့်ပါတယ်။ ဒါတွေကတော့ ကလေးမယူခင်မှသည် ကိုယ်ဝန်ရင့်သည်အထိ ကလေးကို စောင့်ရှောက်ရတဲ့ အပိုင်း ဖြစ်ပါတယ်။

မွေးဖွားလာတဲ့အခါမှာလည်း မိခင်နို့်တမျိုးတည်းကိုသာ အနည်းဆုံး ၄-လအထိ တိုက်ကျွေးသင့်ပါတယ်။ မိခင်ရဲ့ နို့ရည်ထဲမှာ နို့မှုန့်ဘူးများထဲတွင် မပါဝင်နိုင်သော အာဟာရဓာတ်ပေါင်း မျးစွာ ပါဝင်ပါတယ်။ ဒါကြောင့် ငွေကုန်မခံဘဲ မိခင်နို့ရည်တမျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။
မိခင်နို့ရည် တိုက်ကျွေးခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။
ကလေးအတွက်ဆိုရင် နို့ရည်ထဲမှာ ကလေးတယောက် အသက် ၄-လအထိ လိုအပ်မယ့် ဓာတ်ပေါင်းများ အပြည့်အ၀ ပါဝင်ပြီးဖြစ်ပါတယ်။
မိခင်ရဲ့ နို့ရည်ဟာ ကလေးရဲ့ ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးခြင်း။
ရောဂါပိုးကို ကာကွယ်နိုင်စွမ်း ရှိခြင်း။
အစာကြေလွယ်ခြင်း။
ဓာတ်မတည့်မှုများ မရှိခြင်း။
ကလေးနဲ့ အမေနဲ့ နွေးထွေးတဲ့ ရင်းနှီးမှု ရစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အမေများအတွက်လည်း နို့ရည် တိုက်ကျွေးခြင်းကြောင့် သားအိမ်ကို ပြန်ကျုံ့စေနိုင်ခြင်း။
သားအိမ်ကင်ဆာနဲ့ ရင်သားကင်းဆာ ဖြစ်ပွားမှု ရာခိုင်နှုန်းလျော့နည်းခြင်း။
သားဆက်ခြားခြင်းအတွက် အထောက်အကူ ပြုခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
မိသားစုအတွက်လည်း အကုန်အကျ သက်သာရာ ရစေပါတယ်။

ဒါ့အပြင် မိခင်နို့တိုက်ကျွေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့ ကလေးများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုကြည့်ပြီး ကိုယ်ဝန်ဆောင်စဉ်မှ နို့ချိုတိုက်ကျွေးချိန်အထိ ဆောင်ရန်ရှောင်ရန်တွေကို မိခင်များ လိုက်နာသင့်ပါတယ်။

( ဒေါက်တာ သပြေမွန် )

No comments: