Saturday, July 25, 2009

ဆုံးမစကား လိုက်နာသူ

ရှေးအခါက ဗာရာဏသီပြည့်ရှင် ဘုရင်တပါး၌ ဒုဋ္ဌကုမာရဟူသော သားတယောက်ရှိ၏။ ထိုသားသည် ဖခင်၏ဆုံးမစကားကို လိုက်နာခြင်းမရှိ။ အပြောအဆိုလည်း အလွန်ကြမ်းတမ်း၏။
တနေ့တွင် ဖခင်ဘုရင်ကြီးသည် သားဖြစ်သူကိုခေါ်၍ ဥယျာဉ်၌နေသော ဆရာရသေ့ထံ အပ်နှံ၏။ အပြောအဆိုကြမ်းတမ်းသော သားကို လိမ္မာယဉ်ကျေးအောင် ဆုံးမပေးပါရန် ဆရာရသေ့အား လျှောက်ကြား၍ အပ်နှံထားခဲ့၏။

ဘုရင်ကြီး ပြန်သွားသောအခါ ဆရာရသေ့သည် မင်းသားငယ်ကို ဥယျာဉ်ထဲသို့ ခေါ်သွား၏။ ဥယျာဉ်ထဲ၌ တမာပင်ငယ်တပင် တွေ့ရှိရာ မင်းသားအား တမာရွက်ကိုခူး၍ စားခိုင်း၏။ မင်းသားသည် တမာရွက်ကို ခူး၍စားသော် အလွန်ခါးလှသောကြောင့် ထွီ-ဟုဆိုကာ ထွေးထုတ်ပစ်၏။ တမာပင်ငယ်ကိုလည်း နုတ်ချေပစ်၏။

ထိုအခါ ဆရာရသေ့က မင်းသား ဤတမာပင်သည် အပင်ငယ်ငယ်ဖြစ်ပါလျက် ဤမျှခါးလျှင် ကြီးသော် အဘယ်မျှ ခါးလိမ့်မည်နည်း၊ ဆိုဖွယ်ရာ မရှိချေ။ သင်မင်းသားသည်ပင် ယခုအပင်၏ အခါးကို မခံနိုင်၍ နုတ်ချေပစ်ဘိ၏။ ထို့အတူ မင်းသား သင်သည်လည်း ယခုငယ်စဉ်ကပင် ဤမျှ ရုန့်ရင်းကြမ်းတမ်းလျှင် ကြီးသော် မည်သို့ဖြစ်လိမ့်မည်နည်း။ တချိန်သောအခါ တိုင်းသူပြည်သားတို့က ရုန့်ရင်းကြမ်းတမ်းသော သင့်ကို တိုင်းပြည်မှ နှင်ထုတ်သော် မခက်ပါလော။ ထို့ကြောင့် အရာရာကို သည်းခံ၍ ပြည်သူတို့အပေါ် ချစ်ခင်စိတ်ထားပါ။ သူတပါးတို့ ဆိုဆုံးမသည်ကိုလည်း နာယူလိုက်နာပါ-ဟု ဆုံးမစကား ဆို၏။

မင်းသားငယ်သည်လည်း ဆရာရသေ့၏ ဆုံးမစကားကို မှတ်သားနာယူပြီး လိုက်နာကျင့်သုံးသဖြင့် ကိုယ်အမူအရာ နှုတ်အမူအရာများ သိမ်မွေ့နူးညံ့သွား၏။ ဖခင်ဘုရင်ကြီး နတ်ရွာစံသော် မင်းသားသည် ဘုရင်ဖြစ်လာ၏။ ထိုအခါ တတိုင်းတပြည်လုံး၏ ချစ်ခင်မှုကို ခံယူရ၏။

( ဉာဏ်လင်းအောင် )
အကိုး=ဧကနိပါတ်၊ ဧကပဏ္ဏဇာတ်။
*********************************************************************************

( ကျွန်နှင့်တူသော မယား )

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဖြစ်သည်။
သာဝတ္ထိပြည် အနာထပိဏ်သူဌေးကြီး၏ ချွေးမ သုဇာတာသည် ဓနဉ္စယသူဌေးကြီး၏ သမီး ဖြစ်သည်။ ၀ိသာခါ၏ ညီမလည်း ဖြစ်သည်။ သုဇာတာသည် သျှောင်နောက်ဆံထုံး ပါလာခဲ့ရသဖြင့် အနာထပိဏ်သူဌေးကြီး၏ အိမ်သို့ ရောက်လာပြီးလျှင် ငါသည် ဆွေကြီး မျိုးကြီး၏ သမီး ဖြစ်သည်-ဟု လွန်စွာ မာနခက်ထန်နေ၏။

တနေ့တွင် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးအိမ်သို့ ရဟန်းငါးရာနှင့် ကြွတော်မူလာ၏။ သူဌေးကြီးသည် မြတ်စွာဘုရားထံ တရားနာနေစဉ်တွင် သုဇာတာသည် အိမ်သူအိမ်သားတို့အား ရိုင်းစိုင်းစွာ ဆူပူ ကြိမ်းမောင်းနေ၏။ မြတ်စွာဘုရားသည် သုဇာတာ၏ ကြမ်းတမ်းသော အသံများကို ကြားတော်မူသဖြင့် တရားဟောခြင်းကို ခဏရပ်ထားပြီး မည်သူ့အသံနည်း-ဟု မေးတော်မူ၏။

သူဌေးကြီးက ချွေးမသုဇာတာ၏ အသံဖြစ်ပါသည်။ လင်ဝတ် ယောက္ခမ၀တ်များကို မပြုသည့်အပြင် အိမ်ရှိလူများကို အမြဲတမ်း ကြိမ်းမောင်းပြီး ရန်ဖြစ်နေပါသည်-ဟု လျှောက်ထား၏။
မြတ်စွာဘုရားသည် သုဇာတာကို ခေါ်စေ၍ အနားသို့ ရောက်လာသောအခါ သုဇာတာ-မယားခုနစ်မျိုးတွင် သင်သည် အဘယ်သို့သော မိန်းမ ဖြစ်ပါသနည်း-ဟု မေးတော်မူ၏။
အရှင်ဘုရား-အကျယ်ကို မိန့်တော်မူမှ တပည့်တော် သိနိုင်ပါမည်ဘုရား-ဟု သုဇာတာက လျှောက်ထား၏။

ဤတွင် မြတ်စွာဘုရားသည် မယားခုနစ်မျိုး အကြောင်းကို ဟောကြားတော်မူလေ၏။
၁။ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် လူသတ်-နှင့်တူသော မယား။
၂။ လင်၏ ပစ္စည်းကို ခိုးသဖြင့် သူခိုး-နှင့်တူသော မယား။
၃။ လင်ကို အနိုင်ယူတတ်သဖြင့် အရှင်-နှင့်တူသော မယား။
၎။ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်သဖြင့် အမိ-နှင့်တူသော မယား။
၅။ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် နှမ-နှင့်တူသော မယား။
၆။ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် အဆွေခင်ပွန်း-နှင့်တူသော မယား။
၇။ လင်၏အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် ကျွန်မ-နှင့်တူသော မယား ဟူ၍ မယားခုနစ်ယောက် ရှိသည်။

သုဇာတာ ထိုခုနစ်ယောက်တို့တွင် လူသတ်နှင့်တူသော မယား, ခိုးသူနှင့်တူသော မယား, အရှင်နှင့်တူသော မယား, ဤမယားသုံးယောက်တို့သည် သေလျှင် ငရဲသို့ ရောက်ရ၏။
ကျန်မယား လေးယောက်တို့သည်ကား နိမ္မာနရတီ နတ်ပြည်သို့ ရောက်၏-ဟု ဟောတော်မူလေ၏။

ဤသို့ မြတ်စွာဘုရားဟောကြားတော်မူစဉ်မှာပင် သုဇာတာသည် ပါးပြင်းထောင်သောမြွေ အစွယ်ကျိုးသွားသည့်နှယ် သူ၏ဆွေကြီး မျိုးကြီးဟူသော မာန်မာနအစွယ်များ ကျိုးသွားပြီး သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် သုဇာတာအား မယားခုနစ်ယောက်တွင် အဘယ်မယားနည်း-ဟု မေးတော်မူရာ သုဇာတာက ကျွန်မနှင့်တူသော မယားပါဘုရား-ဟု လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးလျှင် ဇေတ၀န်ကျောင်းတော်သို့ ကြွမြန်းတော်မူလေသတည်း။

( ဘုန်းသစ္စာ-မတ္တရာ )
ကျမ်းကိုး=ငါးရာ့ငါးဆယ် သုဇာတာဇာတ်။

No comments: