Wednesday, July 22, 2009

အထင်ကြီးစိတ်ဝင်သော မြေခွေး

ကလေးတို့ရေ-
ရှေးရှေးတုန်းက ဟိမ၀န္တာတောကြီးထဲမှာ ခြင်္သေ့မင်းတကောင်ဟာ ရွှေဂူတခုမှာ နေထိုင်ပါတယ်။ တနေ့တော့ ခြင်္သေ့မင်းဟာ အစာရှာထွက်တဲ့အခါ ကျွဲကြီးတကောင်ကိုတွေ့ပြီး ဖမ်းယူစားသောက်လိုက်ပါတယ်။ ပြီးတော့ ပတ္တမြားအဆင်းနဲ့တူတဲ့ ရေကိုသောက်ပြီး သူ့ရဲ့ ရွှေဂူရှိရာကို ပြန်လာခဲ့တယ်။

အဲသည်အခါ လမ်းခုလတ်မှာ အစာရှာထွက်တဲ့ မြေခွေးတကောင်နှင့် မျက်နှာချင်းဆိုင် ဆုံကြပါလေရော့။ မြေခွေးဟာ ရှေင်ပြေးလို့ မလွတ်မှန်းသိလိုက်တာနဲ့ ခြင်္သေ့မင်းရှေ့မှာဝပ်ပြီး အရှင်ခြင်္သေ့မင်း-ကျွန်ုပ်ကို ချမ်းသာပေးပါ၊ အရှင့်ခြေရင်းမှာ ကျွန်ုပ်က အလုပ်အကျွေးပြုပါ့မယ်-ဆိုပြီး တောင်းပန်လိုက်ပါတယ်။
ခြင်္သေ့မင်းကလည်း ကောင်းပြီ၊ ငါ့ကို ပြုစုမယ်ဆိုရင် သင်-အသား ကောင်းကောင်းစားရမယ်-ဆိုပြီး ရွှေဂူကိုခေါ်သွားခဲ့ပါတယ်။

သည်လိုနဲ့ သုံးလေးရက်အတွင်းမှာပဲ ခြင်္သေ့မင်းရဲ့ စားကြွင်းအသားတွေကို စားသောက်ရတဲ့ မြေခွေးဟာ အားအင်တွေပြည့်ဖြိုးပြီး ကိုယ်လုံးကိုယ်ထည် ကြီးထွားလာပါတော့တယ်။ တနေ့မှာ ခြင်္သေ့မင်းက အိပ်နေတဲ့ မြေခွေးကိုနှိုးပြီး-
ဟဲ့-မြေခွေး၊ တောင်ခြေမှာ အစာစားနေကြတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွားတွေထဲက သင်စားလိုတဲ့ အသားကိုကြည့်ပြီး ငါ့ကို အရှင်ခြင်္သေ့မင်း ဤအသားကို စားလို၏၊ ထွန်းပပါလော့-လို့ဆိုပြီး ငါ့ကို ရှိခိုးပြောကြားစမ်းပါ-လို့ ဆိုလိုက်ပါတယ်။

မြေခွေးကလည်း အမုန်ယစ်နေတဲ့ ဆင်တကောင်ကို ပြပြီး စားလိုကြောင်း ရှိခိုးတောင်းပန်တဲ့အခါ ခြင်္သေ့မင်းက အဲသည်ဆင်ကို ခုန်အုပ်ပြီး ကိုက်သတ်လိုက်ပါတယ်။ ခြင်္သေ့မင်းက ကိုယ်တိုင်လည်း စားပြီးေခြွေးကိုလည်း ၀လင်အောင် ကျွေးမွေးပါတယ်။ အနေကြာလာတဲ့အခါ မြေခွေးက ခြင်္သေ့မင်းရဲ့စားကြွင်းကို မစားလိုတော့တဲ့ သဘောနဲ့ သူ့ခန္ဓာကိုယ် ထွားကြိုင်းလာတာကို အားကိုးပြီး အစွမ်းပြချင်လာခဲ့ပါတယ်။

တနေ့မှာ မြေခွေးက ခြင်္သေ့မင်းကို အရှင်ခြင်္သေ့မင်း၊ ကျွန်ုပ်ဟာ ကာလကြာရှည်စွာ အရှင်ခြင်္သေ့မင်းသတ်တဲ့ အသားကိုသာ စားနေခဲ့ရပါတယ်။ အခုအခါ ကျွန်ုပ်ကိုယ်တိုင် ဆင်ကိုသတ်စားလိုပါတယ်။ ပြီးတော့ အရှင်မင်း စားလိုတဲ့ အသားကို ညွှန်ပြပြီး အသင်မြေခွေး ထွန်းပပါလော့-ဆိုပြီး တောင်းပန်ပါ။ ဒီမျှလောက်နဲ့တော့ ၀န်တိုမှု မဖြစ်ပါနဲ့-လို့ ပြောပါလေရော။

သည်အခါမှာ ခြင်္သေ့မင်းက အသင်မြေခွေး၊ သင့်အနေနဲ့ ဆင်ကိုသတ်ဖို့ဆိုတာ စွမ်းနိုင်တဲ့ကိစ္စ မဟုတ်ဘူး၊ လောကမှာ ဆင်ကို သတ်စားနိုင်တဲ့ မြေခွေးဆိုတာ မရှိသေးဘူး။ ဒီအလုပ်ကို သင်မလုပ်ချင်ပါနဲ့။ အန္တရာယ်ကင်းစွာနေပြီး ငါသတ်အပ်တဲ့အသားတို့ကိုသာ စားပြီး နေပါတော့-လို့ ဖျောင်းဖျပြောဆိုပါတယ်။

ခြင်္သေ့မင်းက ဘယ်လိုပဲ တားမြစ်နေပေမယ့် မြေခွေးက ငါ့မှာလည်း ခြေလေးချောင်းရှိတယ်၊ အစွယ်ရှိတယ်၊ ခွန်အားပြည့်တယ်၊ သူတပါးကျွေးမွေးနေတာကို အောက်ကျနောက်ကျခံပြီး မစားလိုတော့ဘူး ဆိုတဲ့ စိတ်ကြီးဝင်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူကိုယ်တိုင် ဆင်ကို သတ်မယ်လို့ ပြောနေတာနဲ့ ခြင်္သေ့မင်းကလည်း ခွင့်ပြုလိုက်ရပြီး နှစ်ကောင်သား တောင်ထိပ်ပေါ်ကို တက်လာခဲ့ပါတော့တယ်။

တောင်ခြေမှာ အစာစားနေကြတဲ့ သတ္တ၀ါတွေထဲက ဆင်တကောင်ကို ခြင်္သေ့မင်းက ညွှန်ပြလိုက်ပြီး-အသင်မြေခွေး၊ ထွန်းပပါလော့-ဆိုပြီး တောင်းပန်လိုက်ပါတယ်။ အဲသည်အခါ မြေခွေးဟာ ၀မ်းသာအားရနဲ့ ဆင်ပေါ်ကို ခုန်အုပ်လိုက်တဲ့အခါ ဆင်ရဲ့ဦးကင်းကို မကိုက်မိဘဲ ဆင်ခြေရင်းနားမှာ ပြုတ်ကျသွားပါတော့တယ်။ ဆင်ဟာ မြေခွေးဦးခေါင်းကို ညက်ညက်ကြေမွအောင် နင်းချေပြီး ထွက်သွားခဲ့ပါတော့တယ်။ သဘာဝချင်းမတူဘဲ မိမိကိုယ်မိမိ အထင်ကြီးစိတ် ၀င်တဲ့ မြေခွေး နောက်ဆုံးတော့ မရှုမလှ သေဆုံးခဲ့ရတာပါပဲ ကလေးတို့ရေ။

( အဇ္ဇ၀ )
( ဧကကနိပါတ်၊ ၁၅-ကကဏ္ဋက၀ဂ်၊ ၁၄၃-၀ိရောစဇာတ် )

No comments: