Saturday, July 4, 2009

ကံ ကံ၏အကျိုး ( ၆၅ )

( ရေပေါများသော ရွာကလေး )

ပိတောကြောရွာသည် ပေါက်ခေါင်းမြို့၏ မြောက်ဘက် ၇-မိုင်ကွာအရပ်၌ တည်ရှိ၏။ ပိတောက်ကြောရွာ၏ ၀န်းကျင်တွင် လယ်မရွာ၊ ဂတ်အိမ်ကုန်းရွာ၊ ထန်းတပင်ရွာ စသော ရွာများရှိကြသည်။ ထိုရွာများသည် ရေအလွန်ရှားပါးလှသော ရွာများ ဖြစ်ကြသည်။ နွေရာသီသို့ရောက်လျှင် အုတ်တွင်းများတွင် ရေစောင့်ပြီး ခပ်ယူရသည်မှာ အလုပ်ကိစ္စကြီးတခုသဖွယ် ဖြစ်၍ ကိုယ်စိတ်ပင်ပန်းကြ၏။

စင်စစ် ပေါက်ခေါင်းမြို့နယ်၏ ပထ၀ီအနေအထားကို ကြည့်မည်ဆိုပါကလည်း ပေါက်ခေါင်းမြို့မြောက်ဘက်ရှိ မြေမျက်နှာပြင်သည် တဖြည်းဖြည်း မြှင့်တက်သွားပြီး တောင်ကုန်းတောင်တန်းများ ထူထပ်လှသည်။
အောက်ရေနှင့် တဖြည်းဖြည်း ဝေးကွာသွားသော နေရာများတွင် ရွာများတည်ထားကြခြင်း ဖြစ်သည်။ သို့သော် ပိတောက်ကြောရွာကလေးမှာ ထူးခြားမှုတခုရှိသည်။

ရွာဝန်းကျင်တွင် စမ်းရေကြောများ ဖြစ်ပေါ်နေသည်။ ရေတွင်းကို ရှစ်တောင် ကိုးတောင်မျှ တူးထားပါလျှင် ရေများသုံးမကုန်နိုင်အောင် ထွက်နေတော့သည်။ ရွာတွင် ရေတွင်း ၂-တွင်း တူးထား၏။ ထိုရေတွင်း ၂-တွင်းဖြင့် ရွာသူရွာသားတို့ ရေကို လုံလောက်စွာ သုံးနိုင်ကြသည်။ ထူးထူးခြားခြား ရေပေါများသော ရွာကလေးဖြစ်သည်။

စင်စစ် ထိုသို့ ရေပေါများနေခြင်းသည် ရွာသူရွာသားတို့၏ စေတနာ ဖြူစင်မှုကြောင့် ဖြစ်သည်။ ရွာသူရွာသားများသည် ဘိုးဘွား အစဉ်အဆက်မှစ၍ ရွာဦးကျောင်းသို့ နေ့စဉ်အလှည့်ကျ ရေလှူဒါန်းကြသည်။ နှစ်စဉ် နှစ်ဆန်း ၁-ရက်နေ့သို့ ရောက်တိုင်း ရွာလုံးကျွတ် ကျောင်းသို့ ရေလှူဒါန်းကြသည်။ ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ အခြားမြို့ရွာများက ခရီးသွား ဧည့်သည်များ ရေသုံးဆောင်ရန် ရေတွင်းအနီးသို့ လာပါကလည်း အားရ၀မ်းသာ ရေလှူဒါန်းကြသည်။

ပိတောက်ကြောအလယ်စု ရွာသူရွာသားများသည် အခြားသူများကိုလည်း ရေလှူဒါန်းကြသည်။ မိမိတို့လည်း ရေကို အလုံအလောက် ပေါများစွာ သုံးဆောင်နိုင်ကြသည်။ ဤကဲ့သို့ သုံးဆောင်နိုင်ခြင်းသည် ရေကို မတွန့်မတို လှူဒါန်းကြသော ကုသိုလ်ကြောင့်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( သက်ထားဖြူ )
********************************************************************************

( မှန်သောသစ္စာ )

ကျွန်တော်သည် ရွှေပုတိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပါသည်။ ဆိုင်ပိုင်ရှင် မဟုတ်ပါ။ သာမန်အလုပ်သမားတဦးသာ ဖြစ်ပါသည်။ ဤလုပ်ငန်းသည် ရတနာပစ္စည်းများကို ကိုင်တွယ်အသုံးပြုရသော လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် သစ္စာ-သမာဓိရှိရှိဖြင့် လုပ်ကိုင်ကြရပေသည်။ တနေ့သောအခါ ကိုယ်မကျူးလွန်ရသော အပြစ်တခုအတွက် သံသယအမဲကွက်ကြီး စွန်းထင်းဖို့ရာ အကြောင်းဖန်လာပါသည်။

ဗုဒ္ဓဘာသာဝင်တို့ စောင့်ထိန်းလိုက်နာကြသည့် ငါးပါးသီလ၏ အကျိုးနှင့် မိမိ၏ မှန်သောအလုပ်၊ မြဲသောသစ္စာ တရားတို့ကြောင့် ဤသံသယကြီး ပျက်ပြယ်ခဲ့ပါသည်။ ပျက်ပြယ်ခဲ့ပုံ အကြောင်းအရာကို ကျွန်တော် ခံစားရသမျှ တင်ပြလိုက်ပါသည်။

၂၉-၇-၉၇ အင်္ဂါနေ့က ဖြစ်ပါသည်။ ရွှေဆိုင်ပိုင်ရှင်သည် ညနေ ၄-နာရီခန့်တွင် ဆိုင်သိမ်း၍ အိမ်သြို့ပန်ပါသည်။ ထိုအချိန်တွင် ဆိုင်အတွင်း၌ ကျွန်တော်တို့ အလုပ်သမားတစုသာ ကျန်ခဲ့ပါသည်။ ကျွန်တော်သည် အညောင်းအညာပြေစေရန်အတွက် ဆိုင်ပေါ်တက်၍ လဲလျောင်းမိပါသည်။ များမကြာမီ ဆိုင်ပိုင်ရှင်သည် ရတနာပစ္စည်းတခု မေ့ကျန်ခဲ့၍ လာရောက်ရှာဖွေပါသည်။ ပစ္စည်းမှာ ဆိုင်ပေါ်တွင် ကျန်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်တော်တို့အားလုံး ရှာဖွေသော်လည်း မတွေ့ပါ။ နောက်ဆုံးအဖြေထုတ်ကြသောအခါ ပစ္စည်းမှာ ဆိုင်ပေါ်တွင် ကျန်ခဲ့သည်။ ဆိုင်ပေါ်သို့ ကျွန်တော်တယောက်သာ တက်ရောက်မိသည်။

ခက်ချေပြီ။ ကိုယ်မကျူးလွန်ရသော ပြစ်မှုတခုအတွက် သံသယအမဲကွက်ကြီး ဖြစ်သည်။ ပစ္စည်းပြန်မတွေ့ပါက သေရာပါပေတော့မည်။ ကျွန်တော့အတွက် အားကိုးစရာ တခုသာ ရှိပါတော့သည်။ ထိုအားကိုးစရာကား မိမိကိုယ်တိုင် စောင့်ထိန်းအပ်သော ငါးပါးသီလနှင့် မိမိ၏ မှန်သောအလုပ်၊ မြဲသောသစ္စာတို့ပင် ဖြစ်သည်။ ထိုတရားတို့ဖြင့် မြတ်စွာဘုရားတို့အား သစ္စာပြုရန်မှတပါး အခြားမရှိတော့ပြီ။

ထို့ကြောင့် ကျွန်တော် အလုပ်သိမ်း၍ အိမ်ပြန်ခဲ့ပါသည်။ ညစာစားပြီးသောအခါ ညစဉ်ဆောင်ရွက်နေကျအတိုင်း ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မိမိကောင်းမှုကုသိုလ် အစုစုတို့ကို ဝေနေယျသတ္တ၀ါတို့အား မေတ္တာပို့ အမျှဝေခြင်း ပြုလုပ်ပါသည်။ ထို့နောက် ကျွန်တော်သည် သစ္စာဆိုတိုင်တည်ခြင်းအမှုကို ပြုလုပ်ပါသည်။

ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်များနှင့် နတ်ကောင်းနတ်မြတ်အပေါင်းတို့အား သစ္စာပြု၍ တိုင်တည်ပါသည်။ ကျွန်တော်သည် ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းပါသည်။ ကျွန်တော်၏ မိခင် အမေအိုကြီးကိုလည်း ကောင်းစွာလုပ်ကျွေးနေသူ ဖြစ်ပါသည်။ သူတပါးကို ဒုက္ခရောက်အောင်လည်း မလုပ်ခဲ့ဖူးပါ။ လူတို့၏ ကျေးဇူးရှင်ဟု ဆိုအပ်သော နွားသားကို အသက်ထက်ဆုံး ရှောင်ကြဉ်ပါသည်။ ဤသစ္စာစကားတို့ မှန်ကန်ပါက ဆိုင်ပိုင်ရှင် ပျောက်ဆုံးနေသော ရတနာပစ္စည်းအား အမြန်ဆုံး ပြန်တွေ့ပါစေသား-ဟု ဆုတောင်းအဓိဋ္ဌာန်ပြုပါသည်။

ထို့နောက် ဂုဏ်တော်ကိုးပါးကို ပုတီးစိပ်၍ ဆိုင်ပိုင်ရှင် မိသားစုတို့အား မေတ္တာပို့ပါသည်။ နောက်နေ့နံနက်တွင် အလုပ်ဆင်းရန် ဆိုင်သို့သွားပါသည်။ အလုပ်ရှင်များ ရောက်လာသောအခါ ကျွန်တော့အဖို့ အကြားချင်ဆုံးနှင့် မင်္ဂလာ အရှိဆုံးစကားကို ကြားရပါသည်။

မနေ့ညနေက ပျောက်သွားသောပစ္စည်း ပြန်တွေ့ပြီဖြစ်ကြောင်း၊ အိတ်များအတွင်း မှားယွင်းထည့်မိ၍ ရှာမတွေ့ခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော်မည်မျှ ၀မ်းမြောက်မည်ကို စာရှုသူများ တွေးကြည့်နိုင်ပါသည်။

( ကျော်မြင့်-ရွှေ )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဧပြီလ )

No comments: