Monday, July 6, 2009

အာသဝေါမကုန်မချင်း အားထုတ်ပါ

ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီလော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က မိမိတို့ အသီးသီး ယူဆထားသည်များကို လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။



( ပါဠိဂါထာ )
န သီလဗ္ဗတမတ္တေန ၊ ဗာဟုသစ္စေန ၀ါ ပန ။
အထ ၀ါ သမာဓိလာဘေန ၊ ၀ိဝိတ္တသယနေန ၀ါ ။
ဖုသာမိ နေက္ခမ္မသုခံ ၊ အပုထုဇ္ဇနသေ၀ိတံ ။
ဘိက္ခု ၀ိဿာသမာပါဒိ ၊ အပ္ပတ္တော အာသ၀က္ခယံ ။

( မြန်မာပြန် )
သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်။



( ဆောင်ပုဒ် )

ဗဟုသုတ၊ ပြည့်ကြွယ်ဝလျက်၊ သီလဖြူစင်၊ ကျင့်စွမ်းအင်နှင့်၊ ကြည်လင်သမာဓိ၊ အားစွမ်းရှိကာ၊ ဆိတ်ငြိမ်ရာရပ်၊ နေထိုင်တတ်၍၊ ကျင့်မြတ်အာစာ၊ အနာဂါမိ၊ ချမ်းသာပြည့်ပြီ၊ လုံလောက်ပြီဟု၊ ယုံကြည်စိတ်ချ၊ အားမရနဲ့၊ အာသ၀ကုန်၊ မဂ်ဖိုလ်ဘုံနန်း၊ ရဟန္တာစစ်၊ အမှန်ဖြစ်အောင်၊ အားသစ်ကြိုးကုတ်၊ လွန်အားထုတ်လော့။



( ဓမ္မဋ္ဌ၀ဂ် သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု )

No comments: