Wednesday, July 8, 2009

သိကြားမင်းဖြစ်ရန် ကျင့်စဉ်

မြတ်စွာဘုရားသည် ဝေသာလီပြည် ကုဋာဂါရကျောင်းတော်၌ နေစဉ် လိစ္ဆ၀ီမင်း မဟာလိသည် ဘုရားရှင်ဟောသော သက္ကပဉှသုတ်ကို နာကြားရသည်။ ထိုသို့နာကြားပြီးနောက် သိကြားမင်းအဖြစ်ကို အကျယ်တ၀င့် သိချင်သဖြင့် လျှောက်ထားမေးမြန်း၏။
ဘုရားရှင်က တရံရောအခါ၌ မဂဓတိုင်း မစလမည်သောရွာ၌ မဃမည်သော လုလင်ငယ်ရှိကြောင်း၊ သူသည် အပေါင်းအဖော် သုံးကျိပ်သုံးယောက်တို့ကို စည်းရုံးလျက် ရေတွင်း ရေကန်တူးခြင်း၊ လမ်းပြုပြင်ခြင်း၊ လမ်းဖောက်ခြင်း စသော လူမှုရေးကိစ္စ အ၀၀တို့ကို စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့ကြောင်း ထို့အပြင်-
(၁) မိဘကို လုပ်ကျွေးခြင်း
(၂) ကြီးသူကို ရိုသေလေးစားခြင်း
(၃) ပြေပြစ်သောစကားကို ဆိုခြင်း
(၄) ကုန်းတိုက်စကားကို ရှောင်ခြင်း
(၅) မှန်သောစကားကို ပြောခြင်း
(၆) ၀န်တိုစိတ် ကင်းခြင်း
(၇) အမျက်ဒေါသ နှိမ်နင်း ထိန်းသိမ်းခြင်း ဟူသော ကျင့်ဝတ်တို့ကို ကျင့်သုံးခဲ့ကြောင်း
ဤကောင်းမှုများကြောင့် တာဝတိံသာနတ်ပြည်တွင် တန်ခိုးကြီးသော သိကြားမင်း ဖြစ်လာရကြောင်းကို ရှင်းပြပြီး အောက်ပါဂါထာကို ဟောတော်မူ၏။
တရားတော် နာယူပြီးနောက် မဟာလိမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။

( ပါဠိဂါထာ )
အပ္ပမာဒေန မဃ၀ါ ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော ။
အပ္ပမာဒံ ပသံသန္တိ ၊ ပမာဒေါ ဂရဟိတော သဒါ ။

( မြန်မာပြန် )
မဃလုလင်သည် ရပ်ရွာကောင်းကျိုး သယ်ပိုးဆောင်ရွက်ရန် မမြေ့ခင်းကြောင့် စတုမဟာရာဇ် တာဝတိံသာနတ်တို့၏ အကြီးအမှူးအဖြစ်သို့ ရောက်ရ၏။
မမေ့မလျော့သော ကောင်းသောသတိကို ပညာရှိတို့ ချီးမွမ်းကြ၏။
မေ့လျော့ကြောင်း မကောင်းမှုအကုသိုလ်ကို ပညာရှိတို့ အမြဲ ကဲ့ရဲ့ကြ၏။

( ဆောင်ပုဒ် )
မဃမည်တွင်၊ မောင်လုလင်သည်၊ စင်ကြယ်မွန်မြတ်၊ စိတ်ဓာတ်အပြည့်၊ အမြဲရှိကာ၊ ရပ်ရွာအကျိုး၊ ဆောင်သယ်ပိုးလျက်၊ ရို့ကျိုးလူကြီး၊ စောင့်စည်းသီလ၊ ဖြူစင်လှ၍၊ နတ်ရွာ့သနင်း၊ သိကြားမင်းစစ်၊ အမှန်ဖြစ်၏။
လစ်မေ့မရှိ၊ မြတ်သတိကို၊ က၀ိများက၊ ချီးကျူးကြ၍၊ ပမာဒစု၊ မေ့လျော့မှုကို၊ ကဲ့ရဲ့ဆို၏။

( အပ္ပမာဒ၀ဂ္ဂ မဃ၀တ္ထု )

No comments: