Friday, July 10, 2009

မြတ်စွာဘုရား၏ အနားက မခွာသော ၀က္ကလိရဟန်း

သာဝတ္ထိပြည်မှ ၀က္ကလိမည်သော ပုဏ္ဏားသည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပြီး အလွန်နှစ်သက် ကြည်ညိုလှသောကြောင့် အမြဲမပြတ် ဖူးမြင်လိုသဖြင့် ရဟန်းပြုလေသည်။ ရဟန်းဘ၀ ရောက်သည်တွင် ဘုရားရှင် အနီးအပါးသို့သာ သွားရောက်ဖူးမြော်နေပြီး ပရိယတ္တိ ပဋိပတ္တိတို့ကို အားထုတ်ခြင်း မရှိပေ။

မြတ်စွာဘုရားက-ချစ်သားဝက္ကလိ၊ စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်-ဟု ဆုံးမတော်မူ၏။

သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ ၀က္ကလိ-သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့-ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင် သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။

မြတ်ဗုဒ္ဓသည် ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့် ၀က္ကလိ-မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့-ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
ပါမောဇ္ဇ ဗဟုလော ဘိက္ခု ၊ ပသန္နော ဗုဒ္ဓသာသနေ ။
အဓိဂစ္ဆေ ပဒံ သန္တံ ၊ သင်္ခါရူပသမံ သုခံ ။

( မြန်မာပြန် )
ဝမ်းမြောက်ခြင်း များစွာရှိ၍ မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည် သင်္ခါရတို့၏ ချုပ်ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏။

( ဆောင်ပုဒ် )
မြတ်ဘုရား၏၊ ထူးခြားသာသနာ၊ ကြည်ညိုစွာဖြင့်၊ ကောင်းစွာချီးမြှောက်၊ ၀မ်းမြောက်ရွှင်လန်း၊ ထိုရဟန်းသည်၊ ကုန်ခန်းသင်္ခါရ၊ ဒုက္ခငြိမ်းရာ၊ နိဗ္ဗူတာသို့၊ မြဲစွာဧကန်၊ ရောက်ကြောင်းမှန်၏။

( ဘိက္ခုဝဂ် ၀က္ကလိတ္ထေရ၀တ္ထု )

No comments: