Friday, August 7, 2009

မြတ်ဗုဒ္ဓသတင်းကြား၍ အမြန်လိုက်သွားသောမင်းကြီး

မဟာကပ္ပိနမင်းကြီးသည် အမတ်တထောင် ခြံရံလျက် ဥယျာဉ်တော်သို့ ထွက်လာစဉ် လမ်းတွင် သာဝတ္ထိမျြို့တော်မှ ကုန်ကူးရန် ရောက်လာသော လှည်းကုန်သည်များကို တွေ့၏။ သူတို့နှင့် မေးမြန်းနှုတ်ဆက်ရင်း ဘုရား တရား သံဃာ-ဟူသော ရတနာသုံးပါးအကြောင်းကို ကြားသိရ၏။ ထိုအခါ အလွန်ကြည်ညိုသော စေတနာသဒ္ဓါတရား တဖွားဖွားဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဘုရားရှင်ကို ဖူးမြော်ချင်လှသဖြင့် နန်းတော်သို့ ပြန်မသွားတော့ဘဲ သာဝတ္ထိမြို့သို့ အမတ်တထောင်နှင့်အတူ ဆက်လက်သွားရောက်ကြလေသည်။

မြတ်စွာဘုရားဉာဏ်တော်တွင် မင်းကြီးနှင့်တကွ အမတ်များ ကျွတ်တမ်းဝင်အံ့သည်ကို မြင်တော်မူ၏။ ထိုသို့မြင်တော်မူသဖြင့် လမ်းခရီးမှ ဆီးကြိုတွေ့ဆုံပြီး တရားဟောတော်မူရာ အားလုံး သောတာပန်များ ဖြစ်ကုန်ကြသည်။ ထို့နောက် ရဟန်းအဖြစ်ကို တောင်းပန်ကြရာ-ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူ၏။ ဒုတိယအကြိမ် တရားဟောရာ၌ ရဟန္တာအဖြစ်သို့ ရောက်ကုန်ကြသည်။

ထို့နောက် ဘုရားရှင်နှင့်တကွ ကောင်းကင်ခရီးမှ ဇေတ၀န်ကျောင်းတော်သို့ ကြွရောက်တော်မူကြသည်။ မဟာကပ္ပိနမင်းကြီး၏ မိဖုရား အနောဇာဒေ၀ီနှင့် အမတ်တထောင်တို့၏ ဇနီးသည်များလည်း သာဝတ္ထိမြို့သို့ လိုက်လာကြပြီး ဘိက္ခုနီ ပြုလုပ်ကြ၏။ သူတို့လည်း ရဟန္တာအဖြစ် ရောက်ကြ၏။ မဟာကပ္ပိနမင်းကြီးသည် ဇေတ၀န်ကျောင်းတော်၌ သွားလာလှုပ်ရှားရင်း အဟော သုခံ၊ အဟော သုခံ -ဪ ချမ်းသာစွ၊ ချမ်းသာစွ-ဟု မကြာခဏ ဥဒါန်းကျူးရင့်လေ့ရှိ၏။ ထိုအကြောင်းကို ရဟန်းတော်တို့က ဘုရားရှင်အား လျှောက်ထားရာ အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ဓမ္မပီတိ သုခံ သေတိ ၊ ၀ိပ္ပသန္နေန စေတသာ ။
အရိယပ္ပဝေဒိတာ ဓမ္မေ ၊ သဒါ ရမတိ ပဏ္ဍိတော ။

( မြန်မာပြန် )
လောကုတ္တရာတရားတည်းဟူသော အမြိုက်ရေအေးကို သောက်ရသောသူသည် အထူးသဖြင့် သန့်ရှင်းကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ချမ်းသာစွာ နေရ၏။
ပညာရှိသည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ဟောကြားအပ်သော တရားတို့၌ နေ့ရော ညပါ အခါမပြတ် အလွန်သန့်ရှင်းစင်ကြယ်သောစိတ်ဖြင့် မွေ့လျော်ရ၏။

( လင်္ကာ )
ဓမ္မရသ၊ သောက်စို့ရလျှင်၊ အေးမြချမ်းသာ၊ နေရပါ၏။
သစ္စာမြင်သိ၊ ပညာရှိသည်၊ အရိယာများ၊ ဟောညွှန်ထားသည့်၊ တရားတော်တွင်၊ စိတ်ကြည်လင်လျက်၊
အစဉ်မပြတ်၊ မွေ့လျော်တတ်၏။

( ပဏ္ဍိတ၀ဂ် မဟာကပ္ပိနတ္ထေရ ၀တ္ထု )

No comments: