မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်ငါးရာတို့သည် ဘုရားရှင်နှင့်အတူ ရွာတရွာသို့ လိုက်ပါသွားကြ၏။ ညနေ တရားသဘင်၌ စုဝေးကြသောအခါ နံနက်က သွားခဲ့သော ခရီးစဉ်တွင် ဘယ်နေရာက မြေပြန့်သည်၊ ဘယ်နေရာက သဲထူထပ်သည်၊ ဘယ်နေရာက ကျောက်စရစ်ခဲ များသည် စသဖြင့် ပြောဆိုနေကြ၏။ ဘုရားရှင်ကြွလာတော်မူသောအခါ -
ရဟန်းတို့, ဤအပြင်အပ၌ မြေကြီးကို အမျိုးမျိုး ဝေဖန်ဆွေးနွေးကြမည့်အစား မိမိ၏ခန္ဓာကိုယ်ကို ခွဲခြားစိတ်ဖြာ ဆွေးနွေး ဆင်ခြင်နေခြင်းကို ပြုသင့်၏-ဟု တိုက်တွန်းပြီးနောက် အောက်ပါဂါထာတို့ကို ဟောတော်မူလေသည်။
( ပါဠိဂါထာ )
ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။
သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။
( မြန်မာပြန် )
အဘယ်သူသည် ဤခန္ဓာကိုယ်ဟူသော မြေကြီးကို ဉာဏ်ဖြင့် ဝေဖန်သိမြင်နိုင်မည်နည်း။
အဘယ်သူသည် အပါယ်လေးရွာ နတ်ဗြဟ္မာနှင့်တကွ ဖြစ်သော ဤလူ့ဘုံကို စိစစ်သိမြင်နိုင်မည်နည်း။
နားလည် ကျွမ်းကျင်သော ပန်းခြံပိုင်ရှင်သည် ပန်းတို့ကို သင့်တော်အောင် စိစ်ရွေးချယ်နိုင်သကဲ့သို့
အဘယ်သူသည် ကောင်းစွာဟောအပ်သော ဗောဓိပက္ခိယ တရားအစုကို ဉာဏ်ဖြင့် ဆင်ခြင်သိမြင်နိုင်မည်နည်း။
သေက္ခပုဂ္ဂိုလ်သည် ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်စိစစ်နိုင်လတံ့။
အပါယ်လေးပါး နတ်ဗြဟ္မာများနှင့်တကွ ဤလူ့ဘုံကို သေက္ခပုဂ္ဂိုလ်သည် ဝေဖန်သိမြင်နိုင်လတံ့။
ကျွမ်းကျင်နားလည်သော ပန်းခြံပိုင်ရှင်သည် ခူးသင့်-မခူးသင့်သော ပန်းတို့ကို စိစစ်ရွေးချယ်နိုင်သကဲ့သို့ ကောင်းစွာ ဟောထားအပ်သော ဗောဓိပက္ခိယတရားအစုကို သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်လတံ့။
( လင်္ကာ )
ကိုယ်ဟုခေါ်မှတ်၊ ဤမြေဓာတ်နှင့်၊ လေးရပ်အပါယ်၊ နတ်နယ်ဗြဟ္မာ၊ ဤလူ့ရွာကို၊ ဉာဏ်မှာထင်ထင်၊ ဘယ်သူမြင်လိမ့်၊
ခြံရှင်ဉာဏ်ရှိ၊ ပန်းစုံသိသို့၊ နှိုင်းညှိဟောထား၊ မြတ်တရားကို၊ ပိုင်းခြားထိမိ၊ မည်သူသိလိမ့်။
ကိုယ်ဟုခေါ်မှတ်၊ ဤမြေဓာတ်နှင့်၊ လေးရပ်အပါယ်၊ နတ်နယ်ဗြဟ္မာ၊ ဤလူ့ရွာကို၊ ဉာဏ်မှာထင်ထင်၊ ကျင့်သူမြင်လိမ့်၊
ဆိုင်ရှင်ဉာဏ်ရှိ၊ ပန်းစုံသိသို့၊ နှိုင်းညှိဟောထား၊ မြတ်တရားကို၊ ပိုင်းခြားထိမိ၊ ကျင့်ကောင်းရှိကြ၊ သေက္ခသည်သာ၊ သေချာစုံစိ၊ ကောင်းစွာသိလိမ့်။
Tuesday, August 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment