Thursday, August 20, 2009

လင်ကား မေဃ - ဒါရ လယ်မြေ

ကျွန်တော်သည် ကျောင်းဆရာတဦးဖြစ်သည့် အလျောက် တပည့်များ ထိမ်းမြားလက်ထပ်မင်္ဂလာမှု ပြုကြသောအခါ တပည့်များကို ချီးမြှောက်သည့်အနေဖြင့် မင်္ဂလာစကား ပြောပေးရပါသည်။ တပည့်များသည် နေရာဒေသအနှံ့အပြားတွင် နေကြသည်ဖြစ်ရာ သူတို့ထိမ်းမြားလက်ထပ်မင်္ဂလာမှုပြုသည့် နေရာဒေသများသို့ သွားရောက်၍ မင်္ဂလာစကားပြောပေးရပါသည်။ တကျောင်း တဂါထာ၊ တရွာတပုဒ်ဆန်း-ဆိုသကဲ့သို့ တနေရာနှင့်တနေရာ မင်္ဂလာစကားပြောပုံခြင်း ကွဲပြားခြားနားပေရာ ကျွန်တော်သည် နေရာဒေသကိုကြည့်၍ ထိုနေရာဒေသနှင့် လိုက်ဖက်အောင် ပြောရပါသည်။

တခါသော် ကျွန်တော်တို့ကျောင်းမှ ဆရာမတဦးသည် မင်းဘူးဇာတိဖြစ်၍ မင်းဘူးသို့ပြန်ပြီး ထိမ်းမြားလက်ထပ်မင်္ဂလာမှု ပြုမည်ဖြစ်ရာ ကျွန်တော့်အား မင်းဘူးသို့လိုက်၍ မင်္ဂလာစကားပြောပေးပါရန် တောင်းပန်သဖြင့် ကျွန်တော်သည် မင်းဘူးသို့ လိုက်ခဲ့ရပါသည်။

ကျွန်တော်သည် ယခင်က မင်းဘူးသို့ မရောက်ဘူးခဲ့ပါ။ ယခုရောက်ခြင်းသည် ပထမဦးဆုံး ရောက်ခြင်းဖြစ်ပါသည်။ မင်္ဂလာစကားပြောခြင်းနှင့် စပ်လျဉ်း၍ မင်းဘူး၌ အစဉ်အလာမည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ သို့ဖြစ်၍ မင်းဘူးဇာတိဖြစ်သော သတို့သမီးအား မင်းဘူးမှာ မင်္ဂလာစကား ဘယ်လိုပြောကြသလဲ-ဟုမေးကြည့်ရာ သတို့သမီးက ဆရာပြောချင်သလိုသာ ပြောပါ။ ဆရာပြောတာကို စိတ်ဝင်တစားနားထောင်ကြမှာပါ-ဟုပြောပါသည်။ ခက်ပြီ။ ကျွန်တော်ဘယ်သို့ ပြောရမည်နည်း။ ကျွန်တော် စဉ်းစားရပါတော့သည်။ ထိုသို့စဉ်းစားစဉ် မင်းဘူး ဦးသြဘာသ၏စာများကို မြင်ယောင်လာပါသည်။ မင်းဘူး ဦးသြဘာသ ရေးဖွဲ့သောဇာတ်တော်များတွင် မင်္ဂလာစကားနှင့် စပ်သော စာများ ပါသည်။ ထိုစာများကို ကိုးကား၍ ပြောလျှင် နေရာဒေသနှင့် လိုက်ဖက်သည့် အပြင် ပရိသတ်များလည်း စိတ်ဝင်စားပါလိမ့်မည်ဟု ထင်ပါသည်။ ဤသို့ဖြင့် ကျွန်တော်သည် မင်းဘူး ဦးသြဘာသ၏ စာများကို ကိုးကား၍ မင်္ဂလာစကား ပြောခဲ့ရပါသည်။

မှတ်မှတ်ရရ ထိုနေ့က နံနက် ၇း၀၀ နာရီတွင် မင်္ဂလာစကား ပြောရပါသည်။

ကျွန်တော် မင်းဘူးမြို့သို့ အရင်က မရောက်ခဲ့ဖူးပါ။ အခုရောက်ခြင်းဟာ ပထမဦးဆုံး ရောက်ခြင်းဖြစ်ပါတယ်။ မင်းဘူးမြို့သို့ မရောက်ခဲ့ဖူးပေမဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက မင်းဘူးမြို့နဲ့ ရင်းနှီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ခုနစ်တန်း လောက်ကတည်းက မင်းဘူး ဦးသြဘာသရဲ့ စာတွေကို ဖတ်ခဲ့ရလို့ပါ။ မင်းဘူး ဦးသြဘာသ-က မင်းဘူးမြို့ကို-

မြတ်ရှင်စက်ရွှေ၊ ရှိရာမြေက၊ ရစ်ခွေစီးလာ၊ နမန္ဒာနှင့်၊ ဧရာဝတီ၊ စုံညီရှင်ဖူး၊ မြစ်ထိပ်ဦးဝယ်၊ မင်းဘူးသညာ၊ ဂုဏ်ရှိရွာက-လို့ ရေးဖွဲ့ခဲ့ပါတယ်။ ရွာလို့ ဆိုလိုက်လို့ သေးသေးသိမ်သိမ် ဖြစ်သွားတယ်လို့ မထင်လိုက်ပါနဲ့။ လူ့ရွာ၊ နတ်ရွာ၊ ဗြဟ္မာ့ရွာလို့ သုံးနှုန်းနေကြတယ်မဟုတ်လား။ ကျွန်တော်တော့-မင်းဘူးသညာ၊ ဂုဏ်ရှိစွာ ဆိုတဲ့ အသုံးအနှုန်းကို အင်မတန် သဘောကျပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့အဖို့တော့ -မင်းဘူးသညာ ဂုဏ်ရှိရွာ-ကို ရောက်ရတာ လူဖြစ်ရကျိုးနပ်ပြီလို့ ထင်မိပါတယ်။ ကျွန်တော်ဒီလိုပြောလိုက်လို့ ပိုကဲပြီးပြောတယ်လို့ မထင်ကြပါနဲ့။ ကျွန်တော့်ကို လိမ္မာရေးခြားရှိလာအောင် ရင့်ကျက်လာအောင် အခုလို မင်္ဂလာစကား ပြောနိုင်အောင် သင်ကြားပေးလိုက်တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ကြီး သတင်းသုံးသွားတဲ့ နေရာကို ရောက်ရတာ လူဖြစ်ရကျိုးမနပ်ဘဲ ရှိပါ့မလား။ ဒါကြောင့်မို့ ကျွန်တော့်ကို မင်္ဂလာစကားပြောဖို့ ဖိတ်ကြားတဲ့ သတို့သား သတို့သမီးကိုရော နှစ်ဖက်မိဘများကိုရော ဒီကနေ့ မင်္ဂလာအခမ်းအနားသို့ စေတနာဘိသိက်၊ မေတ္တာဘိသိက် သွန်းဖျန်းရန် ရောက်ရှိလာကြတဲ့ ဧည့်ပရိသတ်များကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်။

ဤသို့ နိဒါန်းကားချီပြီးနောက် ကျွန်တော်သည် မင်္ဂလာအခါကြားခန်း၊ ၀န္ဒနာခန်း၊ လက်ထပ်ခန်း၊ ဆုံးမခန်း၊ ဆုတောင်းခန်းတို့ကို ဆက်လက်ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး ဦးသြဘာသ၏စာများကို အလျဉ်းသင့်သလို ကိုးကား၍ ဆောင်ရွက်ခဲ့ပါသည်။ ဆုတောင်းခန်းသို့ ရောက်သောအခါ ဝေဿန္တရာဇာတ်တော်ကြီး နိဂုံးလာ ရတုပိုက်စုံကို ဆုတောင်းပေးပါသည်။

လင်နှင့်မယား၊ ဤနှစ်ပါးတွင်၊ လင်ကား မေဃ၊ ဒါရ လယ်မြေ၊ ပုံနှုန်းချေသို့၊ မိုးမြေနှစ်ပါး၊ ကောင်းတုံငြားမှ၊ စပါးနှံသီး၊ သြဇာဖြီးသို့၊ ထုံးနှီးပုံမှီ၊ နှစ်ညီညီလျက်၊ ထိုဤလယ်ယာ၊ ဥစ္စာပစ္စည်း၊ ဆည်းပူးတိုင်ပင်၊ သတင်းရွှင်၍၊ ချစ်ခင်ပေါင်းသင်းကြပါစေသော်။

ကျွန်တော်သည် အထက်ပါစာပိုဒ်ကို ရွတ်ဆိုပြီးနောက် ဤသို့ပြောပါသည်။
မောင်တို့ မယ်တို့-အစဉ်အလာနှင့်အညီ မင်္ဂလာအစီအစဉ်တွေကို ဆောင်ရွက်လာတာ ပြီးမြောက်အောင်မြင်တော့မယ် နော်။ အခုဆုတောင်းခန်းမှာ မင်းဘူး ဦးသြဘာသရဲ့ ဝေဿန္တရာဇာတ်တော် နိဂုံးက ရတုပိုဒ်စုံကိုရွတ်ပြီး ဆုတောင်းပေနေတယ် နော်။ မောင်တို့မယ်တို့ ၀မ်းမြောက်ကြပါ။ ဆရာတော်ကြီးမိန့်မှာတာက လင်နဲ့မယားမှာ လင်က မိုးနဲ့ တူသတဲ့။ မယားက လယ်မြေနဲ့တူသတဲ့။ သိပ်ကောင်းတဲ့ဥပမာလေး နော်။ ဂီတစာဆို မြို့မငြိမ်းရေးဖွဲ့တဲ့ မင်္ဂလာမောင်မယ် သီချင်းထဲမှာ- ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်တွေ ... မယ်ကား လယ်မြေ... မောင်ကား မိုးကောင်းရေ လောကီအမြုတေ သီပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ-ဆိုတဲ့ စာပိုဒ်ပါတယ်။ မင်းဘူးဦးသြဘာသဆီက ယူထားလေရော့သလား။ ထားပါတော့လေ။ ဆုတောင်းကို ပြန်ကောက်ရအောင်။
လင်က မိုးနဲ့ တူသတဲ့။ မယားက လယ်မြေနဲ့ တူသတဲ့။ မိုးရော လယ်ရော ကောင်းမှ စပါးသီးနှံဖြစ်ထွန်းသလို မောင်ရော မယ်ပါ ကောင်းပါမှ သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်ထွန်းမှာတဲ့။ အဲဒီတော့ ဆရာတော်ကြီး မိန့်မှာသလို မောင်တို့မယ်တို့ ကောင်းကောင်းနေကြပါ။ ဘယ်အရာကိုပဲလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်ပါ။ ကောင်းသတင်း အမြဲကြားနေရအောင် နေကြပါ။ အဲဒီလိုနေနိုင်ကြပါစေ။ ချစ်ခင်ပေါင်းသင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မင်္ဂလာစကား ပြောပြီးသောအခါ သတို့သမီး၏အဖေသည် ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာ သုံးလို့မကုန်နိုင်တဲ့ ရတနာထုပ်ကြီးရှိနေတာကို သတိမပြုမိကြဘူး။ အခု ဆရာပြောပြတော့မှပဲ ကျွန်တော်တို့ဆီမှာ သုံးလို့မကုန်နိုင်တဲ့ ရတနာထုပ်ကြီးရှိနေမှန်း သိရပါတယ်။ ကျေးဇူးကြီးလှပါတယ်ဆရာ။ နောက်ပြီးတော့ မင်းဘူးမြို့မှာကျင်းပတဲ့ မင်္ဂလာပွဲမှာ မင်းဘူးဦးသြဘာသရဲ့ မင်္ဂလာစကားနဲ့ မင်္ဂလာမြောက်အောင် ချီးမြှောက်ပေးတဲ့အတွက်လည်း ဂုဏ်ယူလို့မဆုံး ဖြစ်မိပါတယ်-ဟု ပြောပါသည်။

ကျွန်တော်သည် သတို့သားနှင့် သတို့သမီးကို လှမ်းကြည့်လိုက်ပါသည်။ သူတို့နှစ်ဦးသည် လက်အုပ်ကလေးချီလျက် ကျွန်တော့်ကို ကြည့်နေကြပါသည်။ မျက်လုံးများမှာတော့ မျက်ရည်များဝေ့နေပါသည်။ ၀မ်းသာသဖြင့် စို့လာသောမျက်ရည်များ ဖြစ်မည်ဟု ထင်မိပါသတည်း။

( မြ၀င်း-ဒဿန )
( ပိတောက်နွယ် မဂ္ဂဇင်း-၂၀၀၇-ဖေဖော်ဝါရီလ )

No comments: