Sunday, August 9, 2009

အမြတ်ဆုံးတရား

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ် အခါက ဂဏကမောဂ္ဂလာန ဟူသော ပုဏ္ဏားကြီးတဦး ရှိလေသည်။ တနေ့တွင် ထိုပုဏ္ဏားကြီးသည် ဘုရားရှင်ထံမှောက် လာရောက်ပြီး တင်ပြလျှောက်ထားလေသည်။

အရှင်ဂေါတမ-အရှင်ဂေါတမ ဟောကြားတော်မူသော တရားတော်သည် သတ္တ၀ါတို့ကို အောက်ကျ နောက်ကျမဖြစ်ရအောင် အပါယ်ဆင်းရဲသို့ မကျရောက်အောင် နိဗ္ဗာန်ချမ်းသာသို့ ရောက်အောင် ဆောင်ထားပေးနိုင်သည်ဟု ကြားဖူးပါသည်။ ထိုသို့ဖြစ်လျှင် အရှင်ဂေါတမ၏ အဆုံးအမသြ၀ါဒကို ခံယူရသူ ဗုဒ္ဓဘာသာဝင် တပည့်သာဝကအားလုံးပင် အပါယ်ဆင်းရဲက လွတ်ပြီး နိဗ္ဗာန်ချမ်းသာကို ရကြပါသလော၊ အချို့ မရဘဲ ရှိကြပါသလော။

ပုဏ္ဏားကြီး-အားလုံးပင် နိဗ္ဗာန်ချမ်းသာကို ရကြသည်မဟုတ်၊ အချို့ ရကြ၍ အချို့ မရကြပါ။

အရှင်ဂေါတမ-နိဗ္ဗာန်ချမ်းသာလည်း ထင်ရှားရှိပါ၏။ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းလည်း ထင်ရှားရှိနေပါ၏။ နည်းပေးလမ်းပြတတ်သူ အရှင်ဂေါတမလည်း ထင်ရှားရှိနေသည်သာဖြစ်ပါ၏။ ထိုသို့ အကြောင်းစုံ ရှိနေပါလျက် အဘယ်ကြောင့် အချို့ ရကြ၍ အချို့ မရကြပါသနည်း။

ပုဏ္ဏားကြီး-ဤသို့ဆိုလျှင် သင့်ကိုပဲ ပြန်၍မေးရဦးမယ်။ သင် သဘောကျ နှစ်သက်သလိုဖြေပါ။

ရာဇဂြိုဟ်မြို့သို့ သွားသောလမ်းကို သင်-သိပါသလော။
သိပါသည် အရှင်ဂေါတမ။
ပုဏ္ဏားကြီး လူနှစ်ယောက်က သင့်အား ရာဇဂြိုဟ်မြို့သို့ သွားသောလမ်းကို ညွှန်ပြပေးဖို့ရန် မေးလာခဲ့သော် သင်က-ဘယ်ကနေ ဘယ်ကိုသွား၊ ဘယ်ကိုရောက်လိမ့်မယ်-စသည်ဖြင့် လမ်းညွှန်ပြလိုက်ရာ တယောက်သည် သင်လမ်းညွှန်လိုက်သည့်အတိုင်း မသွားဘဲ လမ်းလွှဲသို့လိုက်သွားကာ ရာဇဂြိုဟ်မြို့သို့ မရောက်ရှိခဲ့ပေ။ အခြားတယောက်မှာမူ သင်ညွှန်ကြားလိုက်သည့်အတိုင်း သွား၍ ရာဇဂြိုဟ်မြို့သို့ ရောက်လေ၏။

ပုဏ္ဏားကြီး ရာဇဂြိုဟ်မြို့လည်း အထင်အရှား ရှိပါ၏။ ရာဇဂြိုဟ်မြို့သို့ သွားသောလမ်းလည်း ထင်ရှားရှိနေသည်သာ ဖြစ်ပါ၏။ လမ်းညွှန်ပေးတတ်သူ သင်ပုဏ္ဏားကြီးလည်း ထင်ရှားရှိနေသည်ပင် ဖြစ်ပါ၏။ ထိုသို့ အကြောင်းစုံ ရှိနေပါလျက် တယောက်က ရာဇဂြိုဟ်မြို့သို့ရောက်၍ တယောက်ကား အဘယ်ကြောင့် ရာဇဂြိုဟ်မြို့သို့ မရောက်ဘဲ ရှိနေပါသနည်း။

အရှင်ဂေါတမ၊ ဤနေရာ၌ တပည့်တော် ဘာတတ်နိုင်ပါမည်နည်း၊ တပည့်တော်က လမ်းညွှန်ပေးတတ်သူသာ ဖြစ်ပါသည်။

ပုဏ္ဏားကြီး၊ နိဗ္ဗာန်ချမ်းသာလည်း ထင်ရှားရှိနေပါ၏။ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းလည်း ထင်ရှားရှိနေပါ၏။ နည်းပေးလမ်းညွှန်တတ်သူ ငါဘုရားလည်း ထင်ရှားရှိနေသည်ကား မှန်ပါ၏။ သို့သော် နိဗ္ဗာန်ချမ်းသာကို အချို့ရကြ၏၊ အချို့ကား မရကြ။ ဤနေရာ၌ ငါဘုရားလည်း ဘာတတ်နိုင်ပါမည်နည်း။ ငါဘုရားကား နည်းပေးလမ်းညွှန်တတ်သူသာ ဖြစ်ပေသည်။

ပုဏ္ဏားကြီးသည် ဘုရားရှင်၏ အဖြေစကား တရားတော်ကို ကြားနာရ၍ လွန်စွာနှစ်သက် ၀မ်းမြောက်သွားသည်။
( ကျမ်းကိုး။ ။ ဥပရိပဏ္ဏာသ )

( မြမေတ္တာ-ဆတ်သွား )

No comments: