Friday, August 14, 2009

ယောနိသော မနသိကာရ

ဤလောက၌ လူသည် ကိုယ်ဖြင့်လုပ်ရသည်လည်းရှိ၏။ နှုတ်ဖြင့် ပြောရသည်လည်းရှိ၏။ စိတ်ဖြင့် ကြံစည်ရသည်လည်းရှိ၏။ ထိုသုံးမျိုးတို့တွင် တခုမဟုတ် တခုကို လူသည် ခဏမလပ် လုပ်ကိုင်နေရ၏။ ထိုသို့ လုပ်ရာတွင် အဘိဓမ္မာသဘောအရ ကုသိုလ်နှင့် အကုသိုလ်ဟူ၍ နှစ်မျိုးရှိသည့်အနက် အများအားဖြင့် တမျိုးမဟုတ် တမျိုး ဖြစ်နေ၏။ ကံအနေဖြင့် အခြားဖြစ်စရာဟူ၍ တတိယအမျိုးအစား မရှိတော့ပေ။

သို့သော် ကုသိုလ်ဖြစ်ချင်တိုင်းလည်း ကုသိုလ်ဖြစ်သည်မဟုတ်။ ယောနိသောမနသိကာရရှိမှသာ ကုသိုလ်ဖြစ်၏။ ထို့ကြောင့် ကုသိုလ်ဖြစ်ဖို့အတွက် ယောနိသော မနသိကာရသည် များစွာအရေးကြီး၏။ ယောနိသော မနသိကာရ မဖြစ်လျှင် အကုသိုလ်ဖြစ်ရမည်မှာ သေချာတော့၏။ ထို့ကြောင့် အကုသိုလ်ဖြစ်ခြင်း၏ အကြောင်းသည် အယောနိသော မနသိကာရ ဖြစ်၏ဟု ဆိုနိုင်ပေသည်။

ယောနိသော မနသိကာရကို သင့်လျော်သော နှလုံးသွင်းခြင်းဟူ၍ ဘာသာပြန်ကြ၏။ အယောနိသော မနသိကာရကို မသင့်လျော်သော နှလုံးသွင်းခြင်းဟူ၍ ဘာသာပြန်ကြ၏။ ထိုနှစ်မျိုး၏ မြစ်ဖျားခံရာကား သတိ ထိန်းချုပ်သောစိတ်ပင် ဖြစ်၏။
တယောက်တည်းသောလူကို ကြည့်ပါလျက် အသား အဖြူ-အမည်း၊ ရုပ်လက္ခဏာ ချော-မချော၊ ပြေပြစ်-မပြေပြစ်၊ အပု-အရှည်၊ အပိန်-အ၀ စသည်ကို မြင်မိသည်လည်းရှိ၏။ ဂုဏ်ရှိ-ဂုဏ်မဲ့အဖြစ်ကို ဦးစွာသတိထားမိသည်လည်းရှိ၏။ ထိုသို့ မြင်ရာမှစ၍ သဘောကျခြင်း-မကျခြင်း နှစ်မျိုးတို့တွင် တမျိုးမျိုးသည် ဖြစ်တတ်၏။ အဘိဓမ္မာသဘောအရ သဘောကျလျှင် လောဘဖြစ်၍ သဘောမကျလျှင် ဒေါသဖြစ်၏။ ထိုဖြစ်မှုများကား အယောနိသော မနသိကာရစိတ်ထားကြောင့် ဖြစ်လာသော အပြစ်များဖြစ်၏။ လူကိုကြည့်ရာတွင် ထိုထိုဤဤ အလီလီစိတ်မထားဘဲ လူဟူ၍သာ မြင်သည်လည်းရှိ၏။ တရားလေ့ကျင့်ပြီးသူများကား လူဟူ၍ပင် မမြင်ဘဲ ရုပ်နာမ်အဖြစ်သာ မြင်သည်လည်းရှိ၏။ ဤအမြင်များသည် ယောနိသော မနသိကာရကြောင့် ဖြစ်၏။

ဤသို့ မြင်စရာတခုတည်းဖြစ်ပါလျက် အမြင်အယူအဆ ပြောင်းလွဲသွားသည်မှာ နှလံးသွင်းမှု ခြားနားသွားသောကြောင့်ဖြစ်၏။ ထို့ကြောင့် အမှန်အားဖြင့် လောကကိုကြည့်ရာတွင် ကြည့်စရာအာရုံသည် ပဓာနမဟုတ်၊ နှလုံးသင်းမှုသည်သာ ပဓာနဖြစ်၏။ နှလုံးသွင်းခြားနားသည်မှာလည်း အာသ၀တရားတို့၏ ပွားမှုနှင့် ခေါင်းပါးမှုအပေါ်တွင်တည်၏။ ကာမာသ၀, ဘ၀ါသ၀, ဒိဋ္ဌာသ၀, အ၀ိဇ္ဇာသ၀တို့၏ ပွားစီးရေး, ကုန်ခန်းရေးနှင့် ပတ်သက်၍ ယောနိသော မနသိကာရသည် များစွာအရေးကြီး၏။ ယောနိသော မနသိကာရသည် အနုအရင့်သဘောရှိလေရာ ကံနှင့် ကံ၏အကျိုးကို ယုံကြည်၍ ဒါနမှု, သီလမှု, ဖြင့် ကမ္မဿကတာ ကုသိုလ်ကို ရစေနိုင်သော ယောနိသောလည်းရှိ၏။ ရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုရှုမှတ်မှုဖြင့် ၀ိပဿနာကုသိုလ်ကို ရစေနိုင်သော ယောနိသောလည်းရှိ၏။ မဂ်ဖိုလ်ကို ရစေနိုင်သော ယောနိသောလည်းရှိ၏။

မြတ်စွာဘုရားသည် သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါးကို ဟောထားခဲ့ရာ ယောနိသော မနသိကာရသည် အရေးကြီးသောအကြောင်းတပါး ဖြစ်သည်ကို ထင်ရှားစွာ ဖော်ပြခဲ့၏။ ဤဟောညွှန်ပြချက်ကို မမေ့မလျှော့ သတိပြုပြီး ကျင့်သုံးနိုင်ကြပါစေ။

No comments: