Friday, August 14, 2009

အသက် ဉာဏ်စောင့် ( ၁ )

အသက်ဆိုသည်မှာ-
လောကတွင် လူသားတိုင်းလိုလို အသက်ရှည်လိုကြပေသည်။ အများအားဖြင့် အသက်အရွယ် ငယ်ငယ်တွင် မသေလိုကြချေ။
အသက်ရှည်ခြင်းမှာ ကံသာ အရင်းမူလ ပဓာနဖြစ်သော်လည်း ကံကုန်၍သေကြသူများမှာ အလွန်နည်းပါးလှပေသည်။ ဉာဏ် ၀ီရိယတို့ဖြင့် မစောင့်ရှောက် မပြုပြင်ကြသောကြောင့် ကံမကုန်သေးဘဲ သေကြရသူများသာ များကြသည်။ ဉာဏ် ၀ီရိယတို့ဖြင့် ဂရုတစိုက် ပြုပြင်စောင့်ရှောက်ပါက ကံကုန်သည်အထိ အသက်ရှည်နိုင်သည်ဟု ကျမ်းဂန်များ၌ ပြဆိုပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ မဟာနိဒ္ဒေသအဋ္ဌကထာ ဂုဟဋ္ဌကသုတ္တ နိဒ္ဒေသအဖွင့်၌-

အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ၊ အမူဠောဟိ ဟိတာဟိတံ ဉတွာ အဟိတံ ပရိဝဇ္ဇေတွာ ဟိတဉ္စ ပဋိသေ၀မာနော ဒီဃာယုကော ဟောတိ။
အသိဉာဏ်တရားသည် အသက်ရှည်ခြင်း၏အကြောင်း ဖြစ်၏။ မှန်၏။ အသိဉာဏ်ရှိသူသည် အကျိုးအပြစ်တို့ကို စိစစ်ဝေဖန် ပိုင်းခြားနိုင်ရကား အပြစ်ဖြစ်နိုင်သည့်အရာ၊ အကျိုးမရှိသည့်အရာတို့ကို ရှောင်ရှား၍ အကျိုးရှိသောအရာတို့ကို မှီဝဲနိုင် ပြုလုပ်နိုင်၏။ ထို့ကြောင့် အသက်ရှည်ရခြင်း ဖြစ်သည်-ဟု ဖွင့်ဆိုထားပေသည်။

ဤ အသက်ဉာဏ်စောင့်-ဟူသောစကားပုံ၌ အသက်ဆိုသည်မှာ-ခန္ဓာကိုယ်၌ အကောင်သဘောမျိုး တည်ရှိနေသော အရာမဟုတ်။ ကံကြောင့်ဖြစ်သည့် ရုပ်များကို စောင့်ရှောက်တတ်သည့် ဇီဝိတရုပ်နှင့် နာမ်တရားများကို စောင့်ရှောက်တတ်သည့် ဇီဝိတိနြေ္ဒ စေတသိက်တို့ပင် ဖြစ်သည်။ ထိုနှစ်မျိုးကို ရုပ်သက် နာမ်သက်-ဟု ခေါ်ကြသည်။

လောက၌ ထိုရုပ်သက် နာမ်သက် နှစ်မျိုးတွင် တမျိုးမျိုးရှိလျှင် သက်ရှိသတ္တ၀ါ-ဟု ခေါ်ရသည်။ အသညသတ်ဗြဟ္မာကြီးများမှာ ရုပ်သက်တမျိုးတည်း ရှိသကဲ့သို့ နာမ်တရားချည်းသာ ရှိသော အရူပဗြဟ္မာကြီးတို့မှာ နာမ်သက်တမျိုးတည်းသာ ရှိကြသည်။ ရုပ်နာမ်နှစ်မျိုးလုံးရှိကြသည့် အပါယ်သတ္တ၀ါနှင့် လူ နတ် ဗြဟ္မာတို့မှာမူ ရုပ်သက် နာမ်သက် နှစ်မျိုးလုံး ရှိကြသည်။

ထိုရုပ်သက် နာမ်သက် နှစ်မျိုးလုံး နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေလျှင် အသက်ရှည်သည်-ဟု ဆိုရ၍ နှစ်အနည်းငယ်မျှသာ ဖြစ်ပေါ်ပြီး အဆုံးသတ် ချုပ်ငြိမ်းသွားခြင်းကို အသက်တိုသည်-ဟု ခေါ်ပါသည်။ ကျွန်တော်တို့ လူသားများအဖို့ ထိုရုပ်သက် နာမ်သက် နှစ်မျိုးလုံး လက်ရှိဘ၀တွင် ဆက်လက်မဖြစ်တော့ဘဲ အဆုံးသတ် ချုပ်ငြိမ်းသွားခြင်းကိုပင် သတ္တ၀ါသေသည်-ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ စုတိစိတ်နှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းသွားခြင်း ဖြစ်ပါသည်။

ထိုရုပ်သက် နာမ်သက် နှစ်မျိုးလုံးတို့ အတိတ်ကံ အရှိန်အဟုန် ရှိသမျှ ကာလပတ်လုံး ဆက်လက်ဖြစ်နိုင်အောင် (၀ါ)ကံအတိုင်း အသက်ရှည်နိုင်အောင် ဉာဏ်ဖြင့် စောင့်ရှောက်ပြုပြင်ပါက ဖြစ်နိုင်ကြောင်း အဋ္ဌကထာအဖွင့်အရ ထင်ရှားပါသည်။ သဗ္ဗေသင်္ခါရာ-ဟု ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားသည့်အတိုင်း ရုပ်တရား နာမ်တရား အားလုံးတို့မှာ သင်္ခါရတရားများ ဖြစ်ကြသည် မဟုတ်ပါလော။ သင်္ခါရဆိုသည်မှာ ကံ စိတ်ဥတု အာဟာရ-ဟူသော အကြောင်းတရားလေးပါးတို့ဖြင့် စီမံပြုပြင်ထိုက်သော တရားဟု အဓိပ္ပါယ်ရသည်။ ထိုရုပ်သက် နာမ်သက် ဟူသော သင်္ခါရတရားတို့ကို ကံ စိတ် ဥတု အာဟာရတို့ဖြင့် စီမံပြုပြင်ရာ၌ အဋ္ဌကထာဖွင့်အတိုင်း ဉာဏ်ဦးဆောင်ရန် အထူးလိုအပ်လှပေသည်။ ထို့ကြောင့် မန်လည်ဆရာတော်ဘုရားကြီးက-

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်။
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ထံ၌၊
ဉာဏ်ဝီရိယ၊ ပယောဂတည်း။-ဟု မိန့်ဆိုတော်မူခြင်းဖြစ်ပေသည်။

ဉာဏ် နှစ်မျိုး-
ဉာဏ်စောင့်-ဆိုရာ၌ ဉာဏ်ဆိုသည်မှာ ဤနေရာ၌ သုတမယဉာဏ်နှင့် စိန္တာမယဉာဏ် နှစ်မျိုး ဖြစ်ပါသည်။ ကြား၍ဖြစ်စေ၊ မြင်၍ဖြစ်စေ၊ သင်ယူ၍ဖြစ်စေ၊ မေးမြန်း၍ဖြစ်စေ၊ ဆွေးနွေး၍ဖြစ်စေ သိမြင်လာသော ဉာဏ်မျိုးကို သုတမယဉာဏ် ခေါ်သည်။
စိန္တာမယဉာဏ်ကား-မြင်၍ ကြား၍ သင်ယူ၍ တတ်သိထားသည့် သုတမယဉာဏ်ကို အခြေခံကာ ထို့ထက်ပို၍ တတ်သိအောင် ကြံစည်စဉ်းစားခြင်းဖြင့် တိုးတက် သိမြင်လာသော ဉာဏ်မျိုး ဖြစ်သည်။ အထူးသဖြင့် ဤနေရာ၌ ကံ စိတ် ဥတု အာဟာရ တို့နှင့် သက်ဆိုင်သော အကြောင်းအရာတို့ကို စုံစုံလင်လင် သိမြင်နားလည်ထားသော သုတမယဉာဏ်ဖြင့် စိန္တာမယဉာဏ်တို့ ဖြစ်သည်။

ဤသုတမယဉာဏ် စိန္တာမယဉာဏ်တို့ဖြင့် မိမိနားလည်တတ်သိထားသည့်အတိုင်း မိမိ၏ရုပ်သက် နာမ်သက်နှစ်ပါးတို့ကို ကံ စိတ် ဥတု အာဟာရတို့ဖြင့် ပြုပြင်စောင့်ရှောက်သွားပါက အသက်ရှည်နိုင်သည်ကို ရည်ရွယ်၍ ရှေးပညာရှင်ကြီးများက အသက်ဉာဏ်စောင့်-ဟူသော စကားပုံဖြင့် အသက်ရှည်ရေးကို လမ်းညွှန်သြ၀ါဒ ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဥတု အာဟာရတို့ အရေးကြီးပုံ-
မိမိတို့၏ ရုပ်သက် နာမ်သက်တို့ကို ကံ စိတ် ဥတု အာဟာရ တို့ဖြင့် ပြုပြင်ရမည်ဆိုသော်လည်း ကံ စိတ်နှစ်ပါးတို့ဖြင့် ပြုပြင်ဖို့ထက် ဥတု အာဟာရနှစ်ပါးတို့ဖြင့် ပြုပြင်ဖို့က ပို၍ အရေးကြီးသည်။

မှန်ပါသည်။ ကျန်းမာ သက်ရှည်ခြင်းနှင့် မကျန်းမမာ အသက်တိုခြင်းတို့သည် စိတ်ကြောင့်ဖြစ်သည်ထက် ဥတု အာဟာရ နှစ်ပါးတို့ကြောင့် ဖြစ်သည်က ပိုများလှပါသည်။ ၀ိပဿီဘုရားလောင်းစသော ဘုရားလောင်းတို့သည် မေတ္တာဈာန်၏ ရှေးအဖို့၌ဖြစ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေကြပါသည်။ ထိုစိတ်တို့ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များမှာ အသက်အသင်္ချေ ရှည်နိုင်သော ကံရှိ၏။ ယင်းသို့ အသက်အသင်္ချေ ရှည်နိုင်သည့် ကံပါသော်လည်း ၀ိပဿီစသော ဘုရားရှင်တို့ ထိုမျှအထိ အသက်မရှည်ကြခြင်းမှာ ဥတုနှင့် အာဟာရတို့ ဖောက်ပြန်ပျက်စီးခြင်းကြောင့်ဖြစ်သည်။ အဓိပ္ပါယ်မှာ မိမိနှင့် သင့်လျော်လျောက်ပတ်သည့် ဥတု အာဟာရတို့ကို မှီဝဲရလျှင် အသက်ရှည်၍ မသင့်လျော် မလျောက်ပတ်သည့် ဥတု အာဟာရတို့ကို မှီဝဲရလျှင် အသက်တိုသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဤအဓိပ္ပါယ်ကို ရည်ညွှန်း၍ သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါနသုတ်၌-
ဣတိ သဗ္ဗေ ဗုဒ္ဓါ အသင်္ချေယျာယုကာ၊ တေ ကသ္မာ အသင်္ချေယျံ န အဋ္ဌံသု၊ ဥတုဘောဇန၀ိပတ္တိယာ။
ဥတုဘောဇန၀သေန ဟိ အာယု ဟာယတိပိ ၀ဍ္ဎတိပိ-ဟု မိန့်ဆိုထားပေသည်။ ထို့ကြောင့် အသက်ရှည်ရေးအတွက် ကံ စိတ်တို့ဖြင့် ပြုပြင်နည်းထက် ဥတု အာဟာရ တို့ဖြင့် ပြုပြင်နည်းကို အလေးထား၍ ဖော်ပြပါသည်။

အသက်ရှည်ရန် အာဟာရဖြင့် ပြုပြင်နည်း-
အစာအာဟာရသည် သတ္တ၀ါများ ကျန်းမာ သက်ရှည်ရေးတွင် ဥတုထက်ပင် အရေးကြီး၏။ ကျန်းမာမှု မကျန်းမာမှု အသက်ရှည်မှု တိုမှုတို့တွင် ဥတုဆောင်ရွက်မှုနယ်ထက် အစာအာဟာရ ဆောင်ရွက်သည့်နယ်က ပို၍ကျယ်ဝန်း၏။ ထို့ကြောင့် အစာအာဟာရဖြင့် ပြုပြင်နည်းကို ဘုရားဟောအတိုင်း ရှေးဦးစွာ ပြဆိုပါမည်။

လူသားတို့အတွက် မမွေးဖွားမီ ပဋိသန္ဓေတည်နေချိန်မှစ၍ အာဟာရသည် လူသားတို့ကို စောင့်ရှောက်ခဲ့၏။ မည်သည့်သတ္တ၀ါမျှ အစာအာဟာရနှင့် ကင်း၍ အသက်မရှည်နိုင်သောကြောင့် သတ္တ၀ါတိုင်း နေ့ရှိသရွေ့ အစာအာဟာရများကို စားသောက်နေကြရသည်။ ထို့ကြောင့် သတ္တ၀ါတည်ရာ အာဟာရသာ-( သဗ္ဗေသတ္တာ အာဟာရာဋ္ဌိတိကာ ) ဟု ဘုရားရှင် ဟောတော်မူခဲ့ခြင်းဖြစ်သည်။

သို့သော် အစာအာဟာရတိုင်း စားသုံးသူများအား ကောင်းကျိုးမပြုနိုင်ချေ။ စားသုံးသူများအဖို့ ဆေး-ဖြစ်သည့် အစာအာဟာရများ ရှိသကဲ့သို့ ဘေး-ဖြစ်သည့် အစာအာဟာရများလည်း ရှိပေသည်။ ၀မ်းတလုံးကောင်း ခေါင်းမခဲ၊ အစားမတော် တလုပ်၊ ဟူသော လမ်းညွှန်သတိပေးချက်များသည် အစာအာဟာရ၏ ဘေးဖြစ်နိုင်ပုံတို့ကို ဖော်ညွှန်းထားသည့်ကျန်းမာရေးနီတိများ ဖြစ်သည်။

သို့ဖြစ်၍ အစာအာဟာရများကို မှီဝဲသုံးဆောင်ရာတွင် အစာလည်း ဆေး၊ ဆေးလည်း အစာ-ဟူသော လမ်းညွှန်ချက်ကို သတိပြု၍ မိမိတို့အတွက် ဆေးဖြစ်မည့် အစားအစာများကို ဉာဏ်ဖြင့် ရွေးချယ်မှီဝဲရန်နှင့် မှီဝဲနည်းမှန်ကန်ရန် အလွန်အရေးကြီးပေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် အနာယုသာသုတ်များ၌ အသက်ရှည်ကြောင်း ၇-ပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူရာတွင် အစာအာဟာရ မှီဝဲသုံးဆောင်နည်းများနှင့် ပတ်သက်၍ အချက် ၄-ချက်အထိ နေရာပေးညွှန်ကြားခဲ့ပေသည်။ ထိုအစာအာဟာရ သုံးဆောင်မှီဝဲနည်းများမှာ-

၁။ အချိန်မှန်မှန် စားရခြင်း ( ကာလစာရီ )
၂။ မိမိနှင့် သင့်လျော်ရာကိုသာ စားရခြင်း ( သပ္ပါယကာရီ )
၃။ သင့်လျော်စေကာမူ ကြေကျက်လွယ်သည်ကိုသာ စားရခြင်း ( ပရိဏတ ဘောဇီ )
၎။ သင့်လျော်ကြေကျက်စေကာမူ အတိုင်းအတာနှင့် စားရခြင်း ( သပ္ပါယေ မတ္တံ ဇာနာတိ )
တို့ဖြစ်ပေသည်။ ဤလမ်းညွှန်ချက်များသည် မည်သည့်ခေတ်များမှ မရိုးနိုင်ဘဲ လူတိုင်း ကျန်းမာသက်ရှည်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်ချက်များဖြစ်သည်။

အစာအာဟာရများကို အချိန်မှန်မှန် စားသောအခါ စားချိန်ကျရောက်လျှင် အလိုလို ဆာလောင်လာတတ်ပေသည်။ ထိုဆာလောင်လာသည့် အချိန်ကား အမှန် အစာအာဟရ စားသင့်သည့် အချိန်ဖြစ်ပါသည်။ ဆာလောင်ခြင်းဆိုသည်မှာ အစာသစ်အိမ်တွင် ပါစက၀မ်းမီး တောက်လောင်စရာ အစာမရှိတော့သဖြင့်၊ ၀မ်းမီးက အစာသစ်အိမ်ကို လောင်ကျွမ်းနေသဖြင့် အစာသစ်အိမ်က -ငါ့မှာ ၀မ်းမီး အလောင်ခံနေရသည်။ ငါ့ထံသို့ အစာများ ပို့ပေးပါ-ဟု ပူဆာနေသကဲ့သို့ ဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။

ထိုအချိန်တွင် အစာမစားပါက ၀မ်းမီးကြောင့် အပူနှင့်လေတို့ ထလာပြီး ရင်ဝတွင် လေခံလာရကား အစာမစားချင် ဖြစ်လာတတ်၏။ ကြာလျှင် အစာအိမ် အချဉ်ပေါက်သည့် ရောဂါ၊ လေပူရောဂါများလည်း ဖြစ်ပွားလာတတ်၏။ ထို့အတူ အစာအိမ်က လောင်စာမတောင်းသေးချိန်တွင် (၀ါ) မဆာသေးသည့်အချိန်တွင် စားပြန်လျှင်လည်း အစာမကြေရောဂါ၊ ပျို့အန်သော ရောဂါများ ဖြစ်လာတတ်သည်။ ထို့ကြောင့် သဘာဝကပေးထားသည့် အစာ စားသောက်ချိန်တွင် အစာမှန်မှန် စားခြင်းဖြင့် ကျန်းမာအောင် ပြုပြင်ကြရမည်။

ဒုတိယအချက်မှာ-ဆာလောင်ချိန်၌ အချိန်မှန် အစာစားရမည်ဆိုသော်လည်း တွေ့သမျှ အစာ အာဟာရတို့ကို မစားရ။ မိမိကျန်းမာရေးနှင့် လျော်ကန် သင့်မြတ်သည့် အစားအစာများကိုသာ ရွေးချယ်စားကြရခြင်းဖြစ်သည်။ ဥပမာ-အအေးစာ၊ အပူစာ နှစ်မျိုးတွင် မိမိခန္ဓာကိုယ်က အပူစာနှင့်မှ သင့်မည်ဆိုက အအေးစာများကိုရှောင်၍ အပူစာကို ရာသီဥတုအလိုက် ဉာဏ်ဖြင့် ရွေးချယ်စားရ၏။ ထို့အတူ တက်စာ၊ သက်စာ၊ ပွင့်စာ၊ ပိတ်စာ၊ ဖျက်စာ၊ ဖြည့်စာတို့၌လည်း မိမိနှင့် သင့်လျော်ရာအစာများကို ဉာဏ်ဖြင့်ချင့်ချိန်၍ ရွေးချယ်စားတတ်ရမည်။

ထို့ကြောင့် မလတ်ဆတ်ခြင်း၊ မသန့်ရှင်းခြင်း၊ ပိုးရှိခြင်း၊ ပုပ်သိုးခြင်း၊ မှည့်လွန်း စိမ်းလွန်းခြင်း၊ အလွန်ကျက်ခြင်း၊ မနူးမနပ်ခြင်း စသည့် အင်္ဂါလက္ခဏာများ ရှိသော အစားအစာများမှာလည်း မသင့်လျော်သောအစာများဖြစ်ရာ ထိုအစားအစာမျိုးကို လုံးဝရှောင်ရှားရမည်။

( ဓမ္မာစရိယ ဦးအေးနိုင် ) ( ဘီအေ)

No comments: