Friday, August 7, 2009

တလုပ်စားဖူး သူ့ကျေးဇူး အထူးသိတတ်စေ

ကလေးတို့ရေ- ရှေးရှေးတုန်းက ဂိဇ္ဈဂုဋ်တောင်မှာ မိဘနှစ်ပါးကို အစာရှာကျွေးမွေးနေတဲ့ လင်းတလေးတကောင် ရှိပါတယ်။ မိုးဥတု တခုမှာ အလွန်ပြင်းထန်တဲ့ မိုးသက်လေပြင်းတွေ ကျရောက်တဲ့ တနေ့မှာတော့ အဲဒီလင်းတလေး အပါအ၀င် လင်းတမျိုးနွယ်စုတွေဟာ မိုးဒဏ်လေဒဏ် အအေးဒဏ်ကို မခံနိုင်ကြတော့လို့ ဗာရာဏသီမြို့ရဲ့ တံခါအနားမှာ သွားရောက်ခိုလှုံကြပါတော့တယ်။

အဲဒ်ီအချိန်မှာ ဗာရာဏသီသူဌေးတယောက်က ရေချိုးထွက်လာခဲ့ပါသတဲ့။ လင်းတတွေ ရင်ဆိုင်နေရတဲ့ဒုက္ခကို သူဌေးက စိတ်မကောင်းဖြစ်မိတာပေါ့။ ဒါနဲ့ မိုးမစို မိုးလွတ်တဲ့နေရာကို ပြောင်းရွှေ့ပေးပြီး လင်းတတွေအတွက် အနွေးဓာတ်ရဖို့ မီးဖိုပေးလိုက်ပါတယ်။ သူဌေးက သူ့ရဲ့အလုပ်သမားတွေကို နွားသင်္ချိုင်းက နွားသားတွေကို သွားရောက်ယူလာစေပြီး လင်းတတွေကို ကျွေးမွေးစောင့်ရှောက်ခိုင်းထားလိုက်သတဲ့။

မိုးလေကင်းစင်သွားတဲ့အချိန်မှာတော့ လင်းတတွေက နေရာရင်း ဂိဇ္ဈဂုဋ်တောင်ကို ပျံသန်းသွားကြတယ်လေ။ ခေါင်းဆောင်လင်းတက လင်းတအားလုံးကို ခေါ်ယူစုစည်းပြီး သူဌေးဟာ သူတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက် ကျေးဇူးဆပ်ကြဖို့ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ လင်းတအားလုံးကလည်း သဘောတူပြီး ကျေးဇူးဆပ်ဖို့ ကတိပေးကြပါတယ်။

ဒီလိုနဲ့ လင်းတတွေဟာ လူတွေနေပူလှန်းပြီး မေ့ကျန်ခဲ့တဲ့ အ၀တ်အစားတွကို သုတ်ချီလို့ သူဌေးရဲ့နေအိမ် ခြံဝင်းထဲမှာ သွားရောက်ပစ်ချကြပါတော့တယ်။ ဆင်ခြင်ဉာဏ်ရှိတဲ့ သူဌေးက လင်းတတွေရဲ့ အပြုအမူကို နားလည်သဘောပေါက်ပြီး ရသမျှအ၀တ်အစားတွေကို သီးခြားသိမ်းထားလိုက်ပါတယ်။ နောက်တော့ မြို့သူမြို့သားတွေက လင်တတွေဟာ မြို့ကို လုယက်နေကြောင်း ဖျက်ဆီးနေကြောင်း ရှင်ဘုရင်ကြီးကို တိုင်တန်းကြပါတော့တယ်။

ရှင်ဘုရင်က လင်းတတကောင်ကိုသာ ဖမ်းပေးပါ။ အ၀တ်အစားအားလုံးကို ပြန်ယူခိုင်းပေးမယ်လို့ ကြေညာလိုက်သတဲ့။ ဒါနဲ့ မြို့သူမြို့သားတွေဟာ လင်းတတွေကို ဖမ်းလိုက်ကြတာ မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ လင်းတငယ်လေးကို ဖမ်းမိသွားပါလေရော့ကွယ်။ လူတွေက ဖမ်းမိတဲ့လင်းတငယ်ကို ရှင်ဘုရင်ကြီးဆီ ပို့ဖို့အသွားမှာ လမ်းမှာ သူဌေးနဲ့တွေ့လို့ သူဌေးက မသတ်ဖို့ပြောပြီး ဖမ်းလာတဲ့သူတွေနဲ့အတူ နန်းတော်ကို လိုက်သွားခဲ့ပါတယ်။ နန်းတော်ထဲကိုရောက်တော့ ရှင်ဘုရင်ကြီးက လင်းတငယ်ကို ဘာကြောင့်အ၀တ်အစားတွေ ချီယူရသလဲ။ ဘာကြောင့် ဗာရာဏသီသူဌေးကို ဒီအ၀တ်တွေကို သွားပေးရတာလဲ၊ လူတွေ ကျော့ကွင်းထောင်ပြီး ဖမ်းနေတာကိုရော သင် ကြိုတင် မမြင်ဘူးလား စသဖြင့် မေးတော့တာပေါ့။

လင်းတငယ်က အရှင်မင်းကြီး-သတ္တ၀ါမှန်သမျှဟာ ကိုယ်ရင်ဆိုင်ရမယ့်အမှုကို ရှောင်လွဲလို့ မရပါဘူး။ ဒါကြောင့် ကျွန်ုပ်ဟာလည်း ကျော့ကွင်းမှန်း ထောင်ခြောက်မှန်း မသိနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဗာရာဏသီသူဌေးကို အ၀တ်အစားတွေ ချီယူပေးခဲ့တာကတော့ ကျွန်ုပ်တို့တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ပေးခြင်းသာ ဖြစ်ပါတယ်လို့ ပြန်ပြောလိုက်သတဲ့။ ဒီအခါမှာ သူဌေးက ဟုတ်မှန်ကြောင်းနဲ့ သူသီးခြားသိမ်းထားတဲ့ အ၀တ်အစားတွေကို ပိုင်ရှင်အားလုံး လာရောက်ယူနိုင်ပါကြောင်း ကျေးဇူးသိတဲ့ လင်းတငယ်လေးကိုလည်း ပြန်လွှတ်ပေးဖို့ကို မင်းကြီးထံ လျှောက်တင်ပါတယ်။

ရှင်ဘုရင်ကြီးကလည်း သူတွေးတတ်သလောက်ကလေး ကျေးဇူးသိတဲ့ လင်းတငယ်ကို ချီးမြှောက်တဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကလေးတို့ရေ-တိရစ္ဆာန်တွေတောင် သူတပါးရဲ့ ကျေးဇူးကို သိတတ်တယ်ဆိုရင် လူဖြစ်တဲ့ကလေးတို့လည်း ကိုယ့်အပေါ်မှာ ပြုဖူးတဲ့ သူတပါးရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ကြပါနဲ့-နော်။

( အဇ္ဇ၀ )

No comments: