Thursday, August 20, 2009

တရားလင်းရောင် အချိန်မီ ပြောင်ဝင်းစေသော်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ စတုတ္ထတန်းအရွယ်လောက်ကတည်းကစ၍ ဘာသာရေးကို ၀ါသနာပါ စိတ်ဝင်စားခဲ့ပါ၏။ ဘုရားရှင်၏ ဇာတ်တော်ကြီး (၁၀)ဘွဲ့ကို စိတ်ဝင်တစား ဖတ်ရှုကြည်ညိုခဲ့၏။ အဘိုးဖြစ်သူက ဇာတ်တော်ကြီး (၁၀)ဘွဲ့ စာအုပ်များကို တအုပ်ပြီးတအုပ် ပို့ပေးခဲ့၍ ဖတ်ရှုပြီး သဒ္ဓါတရားများ ပွားများခဲ့၏။ ဆရာကြီးဦးသုခ၏ ဗုဒ္ဓသမီးတော်များစာအုပ်ကို ဖတ်ပြီးသောအခါတွင် ဗုဒ္ဓ၏ရင်နှစ် သမီးအစစ် ဖြစ်ချင်လာမိပါ၏။ သောတာပန်ဟူသော အဓိပ္ပါယ်ကို သေသေချာချာ မသိသေးခဲ့သော်လည်း သူတော်ကောင်းဖြစ်မည်ဟု မှန်းဆမိခဲ့၏။ အထင်ကြီး၍ အားကျမိပြီး သောတာပန်ဖြစ်လိုသော ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်ခဲ့မိ၏။ သို့သော် ငယ်သေးသဖြင့် မည်ကဲ့သို့ ကျင့်ရမည်ကို မသိခဲ့ပါ။ ထိုအချိန် ထိုအခါက ၀ိပဿနာစခန်း ကျင့်စဉ်များ ခေတ်စားသောအခါန် မဟုတ်ခဲ့ပါ။ စိတ်ပုတီး စိပ်ကြသော ခေတ်အခါဖြစ်ပါသည်။ အဘွားလုပ်သူက စိတ်ပုတီးကို လက်ကမချ၊ အမြဲရွတ်ဖတ်ပြီး စိတ်ပုတီးစိပ်နေသည်ကို တွေ့ခဲ့ရပါ၏။ မြေးများကိုလည်း သမ္ဗုဒ္ဓေဂါထာ၊ အောင်း-တရာ့ရှစ်ကွက် ဂါထာ၊ ဂုဏ်တော်ကိုးပါး စသည့်တရားစာများကို ကျက်မှတ်ရန် သင်ပေးခဲ့၏။ ရင်ထဲတွင် သာသနာကိန်းအောင်းစေရန် အစပျိုးမျိုးစေ့ချပေးခဲ့သော အဘိုးအဘွားနှင့် မိဘနှစ်ပါးတို့၏ ကျေးဇူးများကား ဆပ်၍မကုန် အနန္တပါတကား။

အထက်တန်းကျောင်းသူအရွယ်သို့ ရောက်သောအခါတွင်လည်း ခေတ်ရေစီးကြောင်းအလိုက် ခရစ်ယာန်သာသနာပြု ကျောင်းသူဖြစ်ခဲ့၍ တနင်္ဂနွေနေ့များတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တက်ခဲ့ရ၏။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် စိမ်းစိမ်းကားကား ဖြစ်ခဲ့ရ၏။ လောကီရေးရာ ခေတ်ပညာနှင့် လုံးချာလိုက်၍နေခဲ့ရသဖြင့် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံသာဖြစ်ခဲ့၏။ အစစ်တော့ မဖြစ်ခဲ့သေး။ ဗုဒ္ဓတရား စာပေများကို နာယူသင်ကြားခွင့် အခြေအနေ မရခဲ့ပါ။

ယခု မျက်မှောက်ခေတ်တွင် မြန်မာပြည်အတွင်း ဗုဒ္ဓသာသနာ လွန်စွာထွန်းကားနေပါသည်။ သီလရှင်ကျောင်းများ၊ ပရိယတ္တိ စာသင်တိုက်များ၊ တက္ကသိုလ်များ၊ ထည်ထည်ဝါ၀ါနှင့် ထွန်းကား၍နေပေပြီ။ သီလရှင်အ၀တ်အစားလေးတွေနှင့် ကြည်ညိုဘွယ်ကောင်းသော သီလရှင်များကို တွေ့ရသောအခါ အားကျမိ၏။ စိတ်ထဲတွင် တသိမ့်သိမ့်တုန် ပီတိအဟုန်များ ဖြစ်ပေါ်မိ၏။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ၊ အဘိဓမ္မာ ဋီကာကျော်၊ ၀ိသုဒ္ဓိမဂ် စသော ဘာသာရေးသင်တန်းများလည်း စည်စည်ကားကား ပေါ်ထွန်းလာခဲ့ပေသည်။ သင်တန်းများ တက်ခွင့်၊ သင်ကြားနာယူခွင့် ရခဲ့သဖြင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ပါသည်။

ပဋိပတ္တိဘက်တွင်လည်း ၀ိပဿနာတရားစခန်းများ မြန်မာပြည်အနှံ့ ထွန်းကားပေါ်ပေါက်ခဲ့ပေပြီ။ သို့သော်လည်း ကိုယ့်ကိုကိုယ် ပြည်ကြည့်လိုက်တော့---ဪ လောကီနယ်ပယ်ထဲမှာ ရုန်းလိုက် ကန်လိုက် လှုပ်ရှားနေလိုက်ရတာ ခန္ဓာကိုယ်ဆိုတဲ့ လောင်စာကြီးရှိနေတော့ မီးတွေ မီးတွေ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ဟုန်းဟုန်းတောက်လို့ပါလား။ ကြိုက်-လောဘ၊ မကြိုက်-ဒေါသတွေပွားလို့ ဟိုပြေး ဒီပြေး ပင်ပန်းမောဟိုက် ပူလောင်လိုက်တာပါလား။ လောကီစည်းစိမ် လောကီပျော်မွေ့မှုတွေကိုလည်း မေ့မေ့မျောမျောကြီး ခံစားရင်း ဒုက္ခကို သုခအစစ်ဟု ထင်နေမိပါလား။ ကိုယ်ပိုင်မဟုတ်သော အငှါးပစ္စည်းများ ပတ်ပတ်လည်၌ အကာတွေကို အနှစ်လို့ထင်၊ လောကီနယ်သား ပုထုဇဉ်ပီပီ မောဟတရားတွေ ဖုံးလွှမ်းနေလိုက်တာ။

နိုင်လိုမှု၊ သာလိုမှု၊ ယှဉ်ပြိုင်မှု၊ မာန၊ အတ္တ၊ ဣဿာ၊ မစ္ဆရိယ စသော လှိုင်းတပိုးတွေကြားမှာ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကြီး ဟိုလှိမ့် ဒီလှိမ့် မြှုပ်လိုက် ပေါ်လိုက် သံသရာပင်လယ်ထဲမျောနေပါလား၊ သူနိုင် ကိုယ်နိုင် မာနတွေပြိုင်၊ အတ္တတွေခိုင်နေလိုက်ကြတာ။ သံသရာကို ချဲ့စေသော တဏှာ မာန ဒိဋ္ဌိ တရားတွေနဲ့ ရှုပ်ထွေးပွေလီ လူးလှိမ့်လို့ နေကြပါလား။ ဒီကြားထဲ ရှစ်ပါးသော လောကဓံတရား လှိုင်းတပိုးကြီးများကလည်း မညှာမတာ ရိုက်ခတ် နှိပ်စက် နေကြသေး၏။ လှိုင်းတံပိုးကြား မြှုပ်မသွားအောင် သတိစောင့်ဖို့ အရေးကြီးသည် အနှစ်မရှိသောခန္ဓာမှ အနှစ်ထုတ်ယူရမည် မဟုတ်ပါလော။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော် ဆရာတော်ဘုရားကြီးက တဖွဖွ ဟောကြားတော်မူခဲ့၏။ မီးလွတ်စားရန်၊ အ-သုံးလုံး ကြေကြရန် သြ၀ါဒကို ကြားယောင်မိသည်။ မီးလွတ်စားရန် ဆိုသည်မှာ-သစ်သီး သစ်ဖုတွေစားရုံနှင့် မီးမလွတ်နိုင်ဘူးနော်- လောဘမီး၊ ဒေါသမီး၊ မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင် စားနိုင်မှ မီးလွတ်တယ်။
အ-သုံးလုံး ကြေရန်ဆိုတာကတော့- အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်ဖို့လိုသည်။ အလောဘ-ဆိုသည်မှာ လောဘ၏ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ လှူဒါန်းပေးကမ်းခြင်း။ အဒေါသ-ဆိုသည်မှာ ဒေါသ၏ဆန့်ကျင်ဘက် ဒေါသမဖြစ်ခြင်း၊ မေတ္တာများခြင်း။ အမောဟ-ဆိုသည်မှာ မောဟ(မသိမှု)၏ ဆန့်ကျင်ဘက် သိခြင်း၊ တွေဝေမှု မရှိခြင်း၊ ဉာဏ်နှင့် သတိနှင့် ယှဉ်နေခြင်း။ သိအောင် တရားဘာဝနာ ရှုမှတ်ပွားများခြင်းတို့ ဖြစ်ပါသည်။

ကျင့်စဉ်ကတော့ ဘုရားရှင်ချပေးခဲ့သော သတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်ဆိုတာ ယခုတော့ သိရပါပြီ။ ကြောက်စရာကောင်းသော အပါယ်ဒုက္ခမှလွတ်ရန် ကြိုးစား၍ ကျင့်ရန်သာဖြစ်သည်။

ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးကလည်း-လေးမျိုး တားမရ သိသင့်လှ-သံသရာဘေးဆိုးကြီးမှ လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့သွားရန် မဂ္ဂင်လမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်းသြ၀ါဒ ပေးထားလေသည်။ သူတော်ကောင်းတို့ရဲ့ ကျင့်စဉ် မဂ္ဂင်လမ်းကို မလျှောက်ခဲ့လျှင် ဘုရားရှိခိုးတိုင်း ရလို၍ ဆုတောင်းနေကြသော မဂ် ဖိုလ် နိဗ္ဗာန်၏ ရသကို မသိနိုင်တော့ပေ။ ဒီထက်မိုက်တဲ့သူ ဤလောကကြီးတွင် ရှိတော့မည်မဟုတ်ပါ။ ဆုသာ တဖွဖွ ဖိတောင်းနေ၊ မကျင့်ပါက ရမည်မဟုတ်ပါ။ မအိုခင် မနာခင် မသေခင် အချိန်မီ ဉာဏ်ဦးရန် အရေးကြီးပါသည်။

ထို့ကြောင့် လူ့ဘ၀ရတုန်း အသက်ရှင်၍နေတုန်း သူတော်ကောင်းတရားများ နာကြားခွင့်ရခိုက် သာသနာတော်ကြီး ထွန်းကားချိန်နှင့် ကြုံကြိုက်တုန်းမှာ ဘုရားရှင် ခင်းပေးထားသော မဂ္ဂင်လမ်းကို လျှောက်ရန်သာ ဖြစ်ပါတော့သည်။ မအိုရာ မနာရာ မသေရာ မြတ်နိဗ္ဗာန်သို့ မလျှောက်လှမ်းလိုက်ပါက ရွှေခွက်နှင့် လွဲခဲ့ရသော ရွဲကုန်သည်ကဲ့သို့ အရှုံးနှင့် ရင်ဆိုင်ရ၍ ပူပန်ဒုက္ခနှင့် ကြုံတွေ့ရဦးမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခြေလှမ်းများက ရွှေခွက်နှင့်တူသော မဂ် ဖိုလ် နိဗ္ဗာန်ကို လက်ထဲသို့ ထည့်ပေးနေသော ၀ိပဿနာကျင့်စဉ်ဖြင့် တလှမ်းချင်း တလှမ်းချင်း သတိ-ဦးစီး၍ လျှောက်လှမ်းရင်း အပါယ်ဒုက္ခကင်းဝေးရာ အေးငြိမ်းရာ အရိယာစခန်းသို့ ခြေဦးလှည့်ကြစို့လား။

ဘုရားရှိခိုးတိုင်း တဖွဖွ တောင်းနေကြသော မဂ် ဖိုလ် နိဗ္ဗာန်ကို ရောက်ရပါလို၏ဟု ဆိုသည့်ဆုနှင့် ပြည့်စုံစေရန် ကျင့်ကြံအားထုတ် ပွားများကြပါစို့။
ဤလူ့တို့ဘောင်တွင် ကိလေသာမှောင်ခွင်း၍ တရားလင်းရောင် ထိန်ပြောင်ဝင်းပြီး အေးငြိမ်းကြပါစေဟု ဆုတောင်းမေတ္တာပို့သလျက်-----

( ပါမောက္ခ ဒေါက်တာ တင်တင်အောင် )
( စရဏ မဂ္ဂဇင်း-၂၀၀၄-သြဂုတ် )

No comments: